အခန်း-(၃၃)

24.2K 2K 125
                                    

(  Recommended song - I wanna be yours by Arctic Monkeys )

ကြိမ်နှုန်းမှန်မှန် ခုတ်မောင်းနေသော မီးရထား၏ ကြေးနီရောင် ခုံတန်းများတွင် ထိန်တင်နှင့် ထွန်းစ တို့ ထိုင်နေကြသည်။ ဝတ္ထုတစ်အုပ်ဖတ်နေသော  ထွန်းစ၏ ဘေးရှိ ထိန်တင်သည် ယဲ့ယဲ့ ကျန်ရစ်ခဲ့သော မြင်ကွင်းများ၏ အလွန်သို့ မီသမျှ လှမ်းသမျှ ငေးကြည့်နေသည်။ နှစ်ပိုင်းအတွင်း ပြောင်းလဲသွားသော အခြေအနေမှာ အင်မတန် ရုတ်တရက်ဆန်လှ၍ မိမိ မျက်လုံးမိမိ မယုံနိုင်သကဲ့သို့ ရှိနေသည်။ ရက်ပေါင်းအလီလီ လပေါင်းအလီလီ ကျော်ဖြတ်နေရသော်လည်း သာယာစည်ပြောခဲ့သော တိုင်းပြည်၏ မြင်ကွင်းဟာ မျက်တစ်မှိတ်အကွာတွင် လုံးလုံးချားချား ပြောင်းလဲနေခဲ့ကြောင်း သတိကြီးကြီး ထားမိရသည်။

ယခု သူတို့ စီးနေသည်မှာ အောက်တန်းဖြစ်၍ တစ်တွဲလုံးတွင် လူဆင်းရဲများသာ ရှိသည်။ စုတ်ပြတ်ပေရေနေသော သားသည်မိခင် ငယ်ငယ်ကလေးနှင့် လူလတ်ပိုင်းအရွယ် ခပ်နွမ်းနွမ်းမိန်းမတစ်ဦးဟာ မျက်နှာချင်းဆိုင်က ခုံတန်းပေါ်မှာ ဖြစ်သည်။ မိန်းမငယ်၏ ရင်ခွင်တွင်းရှိ ကလေး၏ ပါးစပ်စွန်းတွင် သားရည်များ စီးကျနေသည်။ ကိုယ်ပေါ်က စွပ်ကျယ်အဖြူမှာတော့ မည်းညစ်နေ၏။ အရိုးပေါ် အရေတင်ဟု ဆိုရလောက်အောင် ပိန်လှီသည်။ ဤကလေးငယ်ဟာ ဘယ်နှရက်မျှ အစာရေစာ ဝလင်အောင် မစားခဲ့ရသနည်း။

ထိန်တင်သည် ပင့်သက်ကို ပြင်းပြစွာ ရှိုက်ထုတ်၍ သူ့နံဘေးရှိ ထွန်းစ၏ ပုခုံးတန်းများကို ဖျစ်ညှစ်ဆုပ်ကိုင်လိုက်သည်။ နိုင်ငံ့အရေးကို တွေးမိသည့် အချိန်တိုင်းတွင် မိမိ၏ စိတ်ဟာ ဤကဲ့သို့ ပင်ပန်းလှသည်။ မိမိ၏ ပူပန်မှုကို သိသည့်အလား ထွန်းစသည် စာအုပ်ကို ဘေးချ၍ လက်ချောင်းများကို ပြန်လည် ဆုပ်ကိုင်လာသည်။

မျက်လုံးချင်း ဆုံမိကြချိန်တွင် ထွန်းစ၏ အင်အားများမှာ မိမိ နှလုံးသားထဲသို့ စီးဝင်လာသည့်ပမာ သက်သောင့်သက်သာ ဖြစ်သွားသည်။

မိမိ၏ ချစ်သူဟာ တိုင်းပြည်အတွက် မည်မျှ ပေးဆပ်ယုံကြည်နေခဲ့သည်ကို မိမိသိရမည်။ နယ်ချဲ့တို့၏ လက်အောက်မှ မလွတ်မြောက်နိုင်ခဲ့ပါက ဦးစွာ အသက်ဆုံးရမည်မှာ ပြည်သူ့တပ်ဖွဲ့ဝင်များပင် ဖြစ်သည်။ ဤသည်ကို သိလျက်ပါနှင့် ကြီးမားသော ယုံကြည်မှုကို ထားရက်နိုင်ကြသူများဟာ တိုင်းပြည်၏ လွတ်လပ်မှုနှင့် များစွာ ထိုက်တန်သည်။

Maiden SA ( Complete )Where stories live. Discover now