အခန်း-(၆၈)

16.1K 1.6K 122
                                    

Recommended song - ကယ်တင်ရှင် by ဇဏ်ခီ။

•••••

စေတန်သည် ရည်ရွယ်ချက်ကင်းမဲ့စွာ လမ်းလျှောက်နေရာမှ တုံ့ခနဲ ရပ်လိုက်သည်။

ဝေဟင်တွင် ပျံဝဲနေသော မြှားတစ်စင်းမှ အဆိပ်လူးထားသည့် ထိပ်ဟာ သူ ထိုးစိုက်ရမည့် ပျဉ်ပြားကို မြင်လိုက်သည့်အလား ရပ်မိခြင်း ဖြစ်သည်။

မြှားထိပ်ရှေ့မှာ ဒယိမ်းဒယိုင်နှင့် သိုင်းနင်းကွက်ကျ နင်းနေသူကား ဦးထိန်ညီးပင်ဖြစ်သည်။ စေတန့် နှုတ်ခမ်းများ လှိုက်ခနဲ ပြုံးရယ်လာကြ၏။

ဦးထိန်ညီးက နံရံကို အားပြု လှမ်းလာရင်းက စေတန့်ကို မြင်သည်။ မြင်သည့် ခဏ၌ တွေဝေရှုပ်ထွေးသွားဟန် မပီမသ စူးစိုက်ကြည့်ပြီး ..

"အစ်ကို"

"ခင်ဗျာ"

စေတန်က ထွန်းစအသံနှင့် တုံ့ပြန်လိုက်သည်။ ထိုအခါမှ ဦးထိန်ညီးက ပြူးပြာသွားပြီး သူ့နားထင်သူ လက်နှင့် ဖိလိုက်၏။ စံထိန်သာ၏ အနီးနားရှိ ပွဲတော်မှ ပျော်ပွဲရွှင်ပွဲများမှာ ညလုံးကျွတ်ပြုလုပ်ကြသဖြင့် ယခုချိန်ထိ မပြီးပြတ်နိုင်သေးဘဲ မီးရှူး၊ မီးပန်းဖောက်သံများနှင့် ဆူညံနေသည်။

"အာ ဆောရီး .. လေးငယ် နည်းနည်းမူးနေလို့ ထွန်းစကို မင်းကြီးလို့ထင်လိုက်တာ"

"မင်းကြီးနဲ့မှားတာဟုတ်လို့လား"

ထွန်းစက ခပ်ရွဲ့ရွဲ့ပြန်မေးတော့ သူခိုးလူမိသည့် မျက်နှာမျိုးနှင့် ဦးထိန်ညီး ထိတ်လန့်သွားသည်။

"မင်း ဘာကိုဆိုလိုတာလဲ"

ထွန်းစက ဦးထိန်ညီးရှိရာသို့ တစ်လှမ်းချင်း လျှောက်လာသည်။ သူ့ ဘယ်ဘက်လက်ညိုးသည် အနည်းငယ် ကွာဝေးနေသော ဦးထိန်ညီး မှီထောက်ထားသည့် အဖြူရောင် နံရံပေါ်သို့ လမ်းလျှောက်ရင်း ပွတ်ဆွဲလာ၏။

ထွန်းစနှင့် ဦးထိန်ညီး နီးကပ်သွားသည်။ ထွန်းစဆီမှ ပြင်းပြင်းရှိုက်ထုတ်လိုက်သော အသက်ငွေ့နှင့် ဦးထိန်ညီး၏ လေပျို့သံများမှာ လေထုထဲတွင် ပေါင်းစည်းယှက်နွယ်သွားသည်။

"ဦးအောင်ထွန်းနဲ့ မှားနေတာလားလို့"

ဦးထိန်ညီးမှာ အံ့အားသင့်သွားသည့်ဟန် မေးရိုး ပြုတ်ကျသွားသည်။

Maiden SA ( Complete )Where stories live. Discover now