အခန်း-(၁၆)

23.7K 2.1K 68
                                    

ထွန်းစသည် မီးဖိုခန်းထဲတွင် ထိန်တင့်တစ်ဦးစာ ချက်ပြုတ်နေရင်းက နေ့လယ်စာကို မြည်းစမ်းစဉ်တွင် သူ့လက်ရာမှန်း သိပါက မျက်ဝန်းများ တဖျတ်ဖျတ်တောက်သွားမည့် ထိန်တင်၏ ဝမ်းမြောက်သွားမှုကို ပြေးမြင်မိသည်။ သည်လိုကျ သူ့ အပူအပင်ဟာ တစ်ဝက်သက်သာ၏။ ထိန်တင့်အား ဈေးထဲတွင် တွေ့ခဲ့သည့် ကောင်လေးအကြောင်း ပြောပြရန် စဉ်းစားမိသေးသည်။ သို့သော် တကယ်တမ်း မပြောဖြစ်။ မိမိနှင့် ချွတ်စွတ်မက တူနေသော လူတစ်ယောက်ရှိသည်ဟု ပြောလျှင် ယုံချင်မည့်သူသာ ယုံလိမ့်မည်။ မယုံရန်က များ၏။

ထိန်တင်က ယုံသည်ဟု ဆိုလျှင်လည်း အလကားသက်သက် စိုးရိမ်စိတ်ဝင်ချေမည်။ အဆောင်မှာ ဖြစ်ခဲ့စဉ်ကလို ပြဿနာပေါ်လာမှ သည်ကိစ္စကို ပြောပြလိုက်လျှင် ကောင်းမလား။ အဲ့သည်တစ်ခါက တရားခံမှာ ဈေးထဲက ကောင်လေးသာဆိုလျှင် သူက အဆောင်ကို ဘယ်အပေါက်က ဘယ်လို ဝင်၍ ဘယ်နေရာမှာ နေနေသနည်း။ ထွန်းစ အတွေးတွေ ရှုပ်လာသည်။

မိမိမျက်လုံး မိမိကတော့ သေချာသည်။ မိမိနှင့် တူညီပြီး မိမိမဟုတ်သောသူ ရှိနေတာကလည်း သေချာသည်။

ထွန်းစက သူ့ ခေါင်းသူ ရမ်းခါ၍ ဟင်းချက်ခြင်းကိုသာ အာရုံစိုက်လိုက်တော့သည်။ ယုတ္တိမတန်သည့် ကိစ္စကြောင့် သူ့ အချိန်များများ အကုန်မခံနိုင်။

ထိန်တင့်တစ်ဦးစာ ချက်ပြီးသည်နှင့် သူ့အတွက် အဆာပြေစားရန် ဘီစကွတ်များနှင့် လိမ္မော်ယိုကို တစ်ပုံစီပုံကာ ပန်းကန်ချပ်ထဲ ထည့်ယူလာခဲ့သည်။

လိုင်မဂျူးတစ်ခွက်ကို ထပ်မံ ဖျော်စပ်ပြီး သူ့ အိပ်ခန်းထဲ ပြန်လာချိန်တွင် ညနေမှာ စောင်းလုပြီ။ စားပွဲရှေ့က သစ်သားခုံတွင် ဝင်ထိုင်ကာ သူ့ လွယ်အိတ်ထဲမှ စာအုပ်ရှည်တစ်အုပ်ကို ဆွဲထုတ်လိုက်၏။ အနက်ရောင်ရှိသော အဖုံးမာမာကို ဖွင့်လိုက်ပါက ပထမစာမျက်နှာတွင် အောဂတ်စ်ဟူသော ကျောင်းအမည်နှင့် ခေါင်းစီးကို တွေ့ရသည်။ ထိုအောက်တွင်မူ ကျောင်း၏ လိပ်စာ၊ ဖေဖေ့ အသက်နှင့် မှန်းဆထားသော ၁၉၂၁-၂၂ စာသင်နှစ်က အထက်တန်းတက်သော ကျောင်းသားဦးရေ၊ ဆရာဦးရေ၊ တန်းခွဲမည်မျှ ရှိပုံ စသည်တို့ကို အသေးစိတ် စာရင်းပြုစုထားသည်။

Maiden SA ( Complete )Where stories live. Discover now