အခန်း-(၄၃)

18.2K 1.7K 93
                                    

တစ်ခုသော ညနေတွင် စံထိန်သာ၏ အိမ်တော်၌ အခြေအနေများ ရုန်းရင်းဆန်ခတ် ဖြစ်နေခဲ့သည်။ မိဘများ မမြင်နိုင်သော စိုးထိန်၏ အခန်းထဲတွင် စိုးထိန်သည် ညီဖြစ်သူ ထိန်ညီး၏ မျက်နှာဆီသို့ လက်သီးဗုံးများကို ပြင်းထန်စွာ ပစ်သွင်းနေခဲ့သည်။

ထိန်ညီးက စမစ်အား စိတ်ဝင်စားနေသည့် ကိစ္စမှာ စိုးထိန်၏ မျက်စေ့ရှေ့သို့ သတိပေးစာတစ်ခုအနေနှင့် ရောက်လာခဲ့သည်။ မည်သူက သတိပေးကြောင်း သိရန် မလိုအပ်လောက်သည်အထိ ထိန်ညီးတို့၏ မိသားစုက အတိုက်အခိုက်များသည်။ စံထိန်သာ၏ ဆက်ခံသူ ထိန်ညီးဟာလည်း လူအမြင်ကတ်ဖွယ်ကောင်းလောက်အောင် အတိုင်းထက်လွန် ဘဝင်မြင့်သည်ပေ။

"ဘယ်သူလဲ ထိန်ညီး။ မင်း ငါ့ကို ပြောစမ်း၊ မင်းကြိုက်နေတာ ဘယ်ကောင်လဲ"

စာထဲတွင် မိမိ၏ အတန်းဖော်ဟုသာ သိ၍ မည်သူမည်ဝါဖြစ်ကြောင်း မပါသဖြင့် ထိန်ညီးအား အတင်း စစ်မေးနေသည်။ ထိန်ညီးသည် သူ့ အောက်တွင် မျက်နှာများ ညိုမည်းကာ အထိုးခံနေလျက် ဘာမှ ပြန်မဖြေဘဲ ပေနေသည်။

"မင်းကိုငါ ဒီလိုတွေ မလုပ်ဖို့ ဘယ်နှခါ တားမြစ်ရမလဲ။ မင်းက တော်ဝင်သွေး ထိန်ညီးရဲ့။ မင်း လိင်တူစိတ်ဝင်စားလို့မရဘူး"

စိုးထိန်သည် မိမိ၏ မိသားစုနှင့် ဂုဏ်သိက္ခာအတွက် ရှက်ရွံမိသည့်အပြင် ညီငယ်အပေါ်၌ ကရုဏာဒေါသော ဖြစ်မိသည်။ သည်ကောင်လေးဟာ အဘယ်ကြောင့် ဤသို့ မှားယွင်းနေသည်မသိ။ ဘယ်သောအခါမျှ ပြောင်းလဲ၍ မရခဲ့သော ပြစ်မှုကြီးကို ကူညီဖုံးဖိပေးထားသည့်ကြားမှပင် မိမိ၏ အတန်းဖော်ကို သွားရှုပ်လိုက်သေးသည်။ စိုးထိန် မည်သို့ စိတ်ဖြေနိုင်မည်နည်း။

"အဟွတ် ဟွတ်"

ထိန်ညီးသည် ကြမ်းပြင်တွင် လဲနေရာမှ တံတောင် ထောက်ထကာ ခေါင်းစောင်းလျက် သွေးများကို ထွေးအံလိုက်သည်။ သူ့ မျက်နှာသည် သူ့ လုပ်ရပ်အပေါ်တွင် နောင်တရခြင်းအလျဉ်းမရှိဘဲ ပြောင်တင်းစွာ တည်ငြိမ်နေသည်။ စိုးထိန်သည် ဆုံးမပြီး၍ မောသွားဟန်နှင့် ထိုင်ခုံမှာ ဝင်ထိုင်လိုက်သည်။

"သူ ဘယ်သူလဲ ထိန်ညီး"

"ကျွန်တော် .. မပြောဘူး။ သူ ကျွန်တော့်ကို ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ၊ လူတွေဆီက နှိမ့်ချဆက်ဆံရမယ်လို့ ယူဆထားတဲ့ ကျွန်တော့်လိုလူနဲ့ ပတ်သတ်နေတဲ့အတွက် သူ့သိက္ခာကို ကျွန်တော် အထိပါးမခံဘူး"

Maiden SA ( Complete )Where stories live. Discover now