အခန်း-(၃၀)

23.5K 2.1K 48
                                    

(Recommended song - Fight Song by Rachel Platten)

ကြမ်းပြင်တွင်းမှ လှိုက်တက်နေဆဲ စိမ့်အေးမှုဟာ ဖျာညံ့ထဲသို့ တိုးတိုက်ဝင်လာသည်။ ခပ်လှဲ့လှဲ့ အေးသော ရာသီဉတုကြောင့် စောင်ပါးတစ်ထည်သာ ခြုံ၍ ဖျာပေါ် ဖိကပ်အိပ်နေသော ကိုယ်မှာ မသက်သာလှ။ ဦးခေါင်းခွံတွင်း တုန်ယင်၍ သွေးကြောများပင် ခဲကျင်သွားမည့်အလား ထွန်းစ ချမ်းအေးနေသည်။ သို့သော် သူ အိပ်ရာမှ မနိူး။ မနိူးသော်လည်း အိပ်မက်ကမ္ဘာထဲ ပြေးလွှားနေသည်။

လေဟာနယ်ထဲတွင် ဖေဖေ့ကို တွေ့သည်။ ဖေဖေက သူ့မူအတိုင်း တိတ်ဆိတ်စွာ ငြိမ်ရပ်နေ၏။ ဖေဖေ့ မျက်ဝန်းများက အေးစက်စူးရှနေသည်။ နှုတ်ခမ်းပါးတို့မူကား တင်းတင်း စေ့ပိတ်ထား၏။ နားထင်ကြောမှ တင်းမာလာမှုကို သတိပြုမိခြင်းအားဖြင့် ဖေဖေ ဒေါသထွက်နေကြောင်း ထွန်းစ သိရသည်။

ဖေဖေသည် မိမိ၏ ရှေ့သို့ လှမ်းလာ၍ မျက်ဝန်းရဲများဖြင့် ငုံ့ကြည့်လေ၏။ အိပ်မက်ထဲမှ ထွန်းစမှာ ယခုထွန်းစမဟုတ်။ သေးငယ်သော ကလေးလေးထွန်းစ ဖြစ်သည်။ ဖေဖေသည် သူ့ ခါးအတိမျှ ရှိသော မိမိပုခုံးကို ဆွဲကိုင်လှုပ်၍ မိမိပါးပြင်ကို လက်ဝါးနှင့် ရိုက်ချလိုက်သည်။ ထွန်းစ၏ အသားမှ ပူလောင်မှုဟာ ရင်ထဲသို့ မြိုကျသက်ဆင်းသွားသည်။

ပြင်ပရှိ လှဲလျောင်းနေသော ကိုယ်မှာ အင့်ခနဲ တွန့်လာ၏။ ဟိုဘက် သည်ဘက် လှိမ့်မိသည်။ နားရွက်၊ လည်ပင်းနှင့် ပါးပြင်တို့၌ ချွေးစေး ပူပူများ ချွဲနေ၏။ ရင်ဘတ်မှာ နိမ့်တစ်လှည့်၊ မြင့်တစ်လှည့် လှိုက်ဖိုလာသည်။ တစ်ယောက်အိပ် ကုတင်ဖြစ်သော်ငြား တစ်ဘက်တွင် လူရှိလိုရှိငြား လက်လှမ်းမိသည်။

မိမိ ဘယ်အရာကို မျှော်လင့်နေသလည်း။

"ဟန်နီ .. မင်း ဘာဖြစ်တာလဲ"

ထိန်တင်သည် ထွန်းစ၏ သိသာစွာ တုန်ယင်နေသော ခန္ဓာကို ရင်ခွင်တွင်း ထည့်၍ တင်းကြပ်စွာ ဖက်ပွေ့ထားသည်။ သူ့ ရင်တွင် ခိုလှုံမိသော ထွန်းစက တအီအီ ညီးညူနေ၏။

ထိန်တင်သည် ထွန်းစ၏ ပုခုံးများကို ဖျစ်ညှစ်ကာ နှိပ်နယ်ပေးသည်။ ရှုပ်ပွနေသော ဆံခွေများကို ယုယစွာ သပ်တင်ပေးရင်း နဖူးပေါ်သို့ မွှေးကြူလေရာ ထွန်းစ၏ လှုပ်ရှားမှုမှာ ဖြည်းသက်စွာ ငြိမ်ကျသွား၏။

Maiden SA ( Complete )Where stories live. Discover now