(5)

11.6K 793 20
                                    

ဒီနေ့က ကျောင်းပိတ်ရက်မို့ မောင် အိပ်ယာထဲမှာဘဲ ကွေးနေမိ၏။မနက်စောစောကို မိုးတွေရွာနေတာ သည်းကြီးမည်းကြီး။ကျောင်းပိတ်ရက်မို့ မေကြီးလည်း သူ့ကို လာမနှိုးတော့တာ ထင်၏။အိပ်ယာကနိုးတာလည်း ကြာနေပြီမို့ ဆက်လည်း မအိပ်နိုင်တော့တာကြောင့် ကုတင်ပေါ် ငုတ်တုတ်ထထိုင်ကာ ပြတင်းပေါက်နေတဆင့် မိုးရွာနေတဲ့ မြင်ကွင်းကို အကြောင်းမဲ့ ငေးကြည့်နေမိ၏။မောင်က ဆယ်တန်းအောင်တာနဲ့ သြဇီမှာ ကျောင်းသွားတက်ဖို့ ပြင်ထားတာ..။ရန်ကုန်က မောင့်သူငယ်ချင်း အချို့တောင် ရောက်ကုန်ပြီ ဖြစ်၏။ အခုတော့ မောင့်အနာဂတ်က ဘာမှန်းတောင် မသိတော့...မောင် ကိုယ်တိုင်လည်း ဘာမှလုပ်ချင်ကိုင်ချင် စိတ်ကို မရှိ။ရန်ကုန်က သူငယ်ချင်းတွေဆီ စာမပြန်ဖြစ်တာလည်း ကြာပြီ..သူတို့ လိုက်လည်မယ် ပြောတာတောင် မောင့်မှာ စိတ်အခြေအနေ အဆင်မပြေတာကြောင့် မလာနဲ့လို့ ပြောထားတာ ဖြစ်၏။မိုးရွာ​နေတာကို အကြောင်းမဲ့ ငေးနေရင်းက သူငယ်ချင်းတွေအကြောင်း သတိရမိတော့ သူတို့ပို့ထားတဲ့ စာတွေ ဖွင့်ဖတ်ဖို့ သတိရ၏။ကုတင်ပေါ်ကဆင်းပြီး စာကြည့်စားပွဲခုံပေါ် ထိုင်ကာ မောင် ထည့်ထားတဲ့ ခြင်းထဲက စာအိတ်တွေကို ယူကာ ဖွင့်ဖတ်ဖို့ ပြင်လိုက်၏။မောင့်ဆီမှာက ရန်ကုန်မှာ ကျန်ခဲ့တဲ့ သူငယ်ချင်း ခြောက်ယောက်ရှိ၏။မောင်တို့အဖွဲ့က စုစုပေါင်းခုနစ်ယောက်။မိန်းကလေးနှစ်ယောက်၊ ယောက်ျားလေး ငါးယောက်ဖြစ်ပြီး အရမ်းအတွဲညီခဲ့တဲ့ သူငယ်ချင်းတွေ ဖြစ်၏။ကျောင်းပိတ်ရက်တွေဆို ခရီးအတူတူထွက်လေ့ ရှိကြပြီး သြဇီကိုတောင် အတူတူသွားဖို့ ပြင်ထားခဲ့ကြတာ...မောင် ဆယ်တန်းမှာကျသွားတော့ အတူတူသွားမယ့် အစီအစဉ်လည်း ပျက်သွားပြီး ရွှန်းရွှန်း၊ ကျော်ဇင်နဲ့ မင်းခန့်ကို တို့ သုံးယောက်ဘဲ အရင်သွားနှင့်ကြတာ ဖြစ်၏။ချမ်းသာတဲ့ အသိုင်းအဝိုင်းက သားသမီးချည်းတွေဘဲမို့ ငွေရေးကြေးရေးနဲ့ ပတ်သက်ရင် မောင်တို့ကပူစရာမလို။သြဇီရောက်နေတဲ့ သုံးယောက်ကတောင် မောင့်ဆီ စာရောက်အောင် ရေးနိုင်ကြပြီး မောင်သာ စာမပြန်ရင် သေချာပေါက် စိတ်ဆိုးတော့မှာမို့ မောင်လည်း သူတို့စာတွေ ဖတ်ပြီး စာပြန်ရေးဖို့ ပြင်ရ၏။သာကြောင်းမာကြောင်း သတိရနေကြောင်းနဲ့ မဆီမဆိုင် သော့်အကြောင်းတွေပါ ထည့်ရေးလိုက်မိ၏။ရေးပြီးတော့မှ ပြန်မဖျက်ချင်တော့တာမို့ မကြာမှီလာတွေ့မည်လို့ အသိပေးရင်း စာရေးခြင်းအမှုကို အဆုံးသတ်လိုက်၏။တော်ပြီလေ...ခြောက်ယောက်လုံးကိုမှ တစ်စောင်။ မကျေနပ်ရင် သူတို့ဘာသာ မိတ္တူကူးပြီး ဖတ်ကြလိမ့်မည်။မောင်ကတော့ သူတို့ဆီ စာပြန်ရင် ဘယ်တော့မှ တစ်ယောက်တစ်စောင်ပြန်မနေ။တစ်စောင်ထဲ စုရေးပြီး ခြောက်ယောက်လုံး နာမည်တပ်လိုက်တာ..။စာရွက်ကို စာအိတ်ထဲ သေချာထည့်ပြီး မောင့်မူပိုင် ရေမွှေးလေး ဖြန်းလိုက်၏။နာမည်ရေးစရာမလို လက်မှတ်ထိုးစရာမလိုဘဲ စာအိတ်လေး နမ်းကြည့်ရုံနဲ့ ဒါ မောင့်ဆီက ဟုတ်မဟုတ် သိနိုင်တဲ့ အနေအထား ဖြစ်၏။မောင်လည်း စာအိတ်ကို စားပွဲပေါ်မှာ တင်ကာ ရေချိုးခန်းထဲ ဝင်ပြီး မျက်နှာသစ်ကာ ရေမိုးချိုးဖို့ ပြင်ရတော့၏။အပြင်မှာ ရာသီဥတုကတော့ မိုးတိတ်သွားပြီး နေရောင်အနည်းငယ်တောင် ပေါ်ပေါက်လာပြီ ဖြစ်၏။

ဆယ်ကျော်သက် ရင်ခုန်သံမှ အစပြု၍ (Completed)Where stories live. Discover now