"သို့ .... အတိတ်က....." အပိုင်း(၁)

910 42 0
                                    

Assembly စီဖို့အတွက်နေရာဦးရင်း ဆောင်းလေနုနုအောက် နေရောင်ခံရင်းသူငယ်ချင်းနဲ့စကားပြောနေတုန်း....

"ဘုန်း" ဆိုပြီး ပြင်းလွန်းတဲ့အရှိန်နဲ့လာမှန်တဲ့ ဘောလုံးကြောင့် မျက်နှာတစ်ခြမ်းလုံးပူထူပြီး မျက်လုံးထဲကြယ်တွေ လတွေမြင်လို့။ နာလွန်းတဲ့အရှိန်ကြောင့် ခေါင်းငုံ့လို့ မျက်နှာကို လက်ဝါးနှစ်ဖက်နဲ့အုပ်ပြီး ခပ်ဖွဖွ ပွတ်သပ်ရင်း မျက်ရည်စို့လာတယ်။

"ဟယ်! ဖြူ... ဖြူ... ရရဲ့လား ဘာဖြစ်သွားသေး" ဆိုတဲ့သူငယ်ချင်းရဲ့အသံ...

"ဟယ်! လူမှန်သွားပြီ" ဆိုတဲ့အသံနဲ့အတူ အနားကို ပြေးလာတဲ့ခြေသံတွေ။

"မင်းတို့မျက်စိမပါဘူးလား၊ ဒါဘောလုံး ကွင်းလား၊ ဘောလုံးဆော့ချင် ဘောလုံး ကွင်းထဲသွားဆော့ပါလား" ဆိုတဲ့ သူငယ်ချင်းရဲ့ ရန်ထောင်သံလည်း စကားမပြန်နိုင်ဘူး။

"ရရဲ့လားအစ်မ၊ တောင်းပန်ပါတယ် တောင်းပန်ပါတယ်" ဆိုတဲ့စကားလည်း အကြောင်းမပြန်နိုင်ဘူး။ မော့လည်းမကြည့်နိုင်ဘူး။

လက်ကာပြရင်း မျက်နှာကိုငုံ့လျက်နဲ့ပဲ သူငယ်ချင်းရဲ့လက်ကိုဆွဲလို့ထရင်း ကျောင်းဆေးခန်းကိုသွားခဲ့ရတယ်။
"နင်တို့ ငါမှတ်မိတယ်။ နောက်မှတွေ့မယ်" လို့ ကြိမ်း လိုက်တဲ့သူငယ်ချင်းကိုအသာပဲဆွဲခေါ်ခဲ့ရတယ်။

မူးနောက်သွားလို့ မနက်ခင်းအတန်းချိန်တစ်ချိန်ဖျက်ပြီး ဆေးပေးခန်းမှာပဲ လှဲနေခဲ့ရတယ်။ ပါးတစ်ခြမ်းကတော့ ရဲစုတ်ယောင်ကိုင်းလို့.....

မုန့်စားဆင်းချိန် ဆေးခန်းကအထွက်...

"အစ်မ ..အစ်မ.." ဆိုတဲ့အသံနဲ့အတူ ဘေးရောက်လာတဲ့ ကောင်မလေးတစ်ယောက်။ အမယ်လေး ရှည်လိုက်တဲ့အရပ်။ ကျွန်မကပုနေတာမဟုတ်ပေမဲ့ အဲ့ကောင်မလေးက ကျွန်မထက် ခေါင်းတစ်လုံးကိုသာတာ။ လက်ထဲကလည်း ပဲနို့ဘူးလေးကိုင်လို့။ မျက်ခုံးထင်းထင်း မျက်လုံးဝိုင်းဝိုင်း၊ နှာတံဆင်းဆင်း၊ နှုတ်ခမ်းဖူးဖူးလေးတွေက အဖျားမှာကော့ကော့လေ။ အတော်လှတဲ့နှုတ်ခမ်းလေးတွေ။ ပြေးလာလို့ထင်ပ ချွေးလေးတွေစို့နေပြီး မျက်နှာလေးက ရဲရဲလေးဖြစ်နေတယ်။

"မင်း ဘာလာလုပ်တာလဲ" ဆိုတဲ့ ကျွန်မသူငယ်ချင်းရဲ့အမေးကို..
"တေးတေးက တေးတေးက လာတောင်းပန်တာပါ။ ထမီနဲ့ဆိုတော့လေ ဘောလုံးက လိုရာမရောက်ဘဲ လမ်းလွဲပြီး အစ်မကို မှန်သွားတာ" ဆိုပြီး မျက်နှာငယ်လေးနဲ့ တောင်းပန်နေတဲ့ ကောင်မလေး။

"ဘာပဲဖြစ်ဖြစ်ဆော့စရာလား"

"ဟုတ် သိပါတယ် ဆော့စရာနေရာမဟုတ်မှန်း၊ အာ့ကြောင့်လာတောင်းပန်တာပါ" လို့ပြောနေတဲ့သူက ကျွန်မသူငယ်ချင်းကိုမကြည့်ဘဲ မျက်လုံးတွေက ကျွန်မဆီမှာပဲ။ သူ့ကြည့်ရတာ အတော်စိတ်မကောင်း ဖြစ်နေတဲ့ပုံ။

"အတော်နာသွားမှာ ပါးလေးတွေကရဲပြီးရောင်နေပြီ" ဆိုပြီး မျက်ရည်ဝဲဝဲ့လေးနဲ့ ကျွန်မပါးနားကို လက်လှမ်းလာတော့...
ခေါင်းကို အသာငဲ့ရှောင်လိုက်ရင်း..

"ရပါတယ် မတော်တဆဖြစ်တာပဲ ။ နောက်အဲ့လို စည်းမရှိကမ်းမရှိ မဆော့နဲ့ပေါ့" ဆိုတော့....

"ဟုတ်၊ ဟုတ်၊ နောက်မဆော့တော့ပါဘူးနော်၊ အမှန်ကဆော့တာလည်းမဟုတ်ပါဘူး။ သူငယ်ချင်းက ကန်လိုက်တာ အနားရောက်လာတာကို ပြန်ကန်ပေးရင်းဖြစ်သွားတာပါ။ လက်နဲ့ကောက်ပေးလိုက်ရမှာကို" ဆိုပြီး အသံလေးက တိမ်ဝင်သွားတယ်။

"ထားလိုက်ပါ စိတ်မကောင်းဖြစ်မနေနဲ့တော့ နောက်မဖြစ်ရင် ရပါပြီ"

"ဟုတ်၊ နောက်မဖြစ်စေရပါဘူး။ တေးတေးက ၉ တန်း C က တေးသီမောင် ပါ အစ်မနာမည်ကရော"

"အစ်မနာမည်က တိမ်လွှာဖြူပါ ၊ သူ့နာမည်က နှိုင်းမြင့်မိုရ် ၁၀ တန်း A က"

"ဟုတ် နောက်တွေ့ရင်လည်းခေါ်မယ်နော် အစ်မ။ တောင်းပန်တာကို လက်ခံရင် ဒါလေးယူသွားပေးပါနော်" ဆိုပြီး ပဲနို့ဘူးလေး ကို လက်နှစ်ဖက်နဲ့ကိုင်ပြီး ရှေ့ထိုးပေးလာတယ်။

"ဟုတ်.. နောက်တွေ့ရင်လည်းခေါ်လို့ရပါတယ် " ဆိုပြီး ပဲနို့ဘူးလေးကို ပြုံးပြီးလှမ်းယူလိုက်တယ်။ ပါးကဆစ်ခနဲ နာသွားလို့..

"အ...." ဆိုပြီး လက်နဲ့ အုပ်မိတော့..
သူကပါယောင်ယမ်းပြီး ကျွန်မပါးကိုလာကိုင်တော့ ပါးကိုမထိမိဘဲ ကျွန်မလက်ကို အုပ်ကိုင်မိရက်သားဖြစ်သွားလို့ မော့ကြည့်မိတော့...

ကျွန်မကို မိုးပြီးငေးကြည့်နေတဲ့ မျက်လုံးလေးတွေက လှရက်နိုင်လွန်းလိုက်တာ....

ဆက်ရန်........

"သို့ .....  အတိတ်က..... "  [Complete]Where stories live. Discover now