"သို့.....အတိတ်က..... " အပိုင်း (၁၃)

290 24 0
                                    

အများအတွက် ကြည်နူးစရာမြင်ကွင်းလေးဖြစ်နိုင်ပေမဲ့ လင်းအတွက်တော့ မြင်ရတာ ရင်ဝဓါးနဲ့စိုက်ခံရသလို စူးခနဲ။ ဒီလိုမှန်းသိရင် ဒီကုန်တိုက်ထဲဝင်ပြီး မုန့်မစားပါဘူး။ လင်း စားနေတဲ့မုန့်ဆိုင်ရဲ့မျက်နှာချင်းဆိုင်ကအထည်ဆိုင်မှာ အင်္ကျီရွေးနေတဲ့နှစ်ယောက် လောရှည်ကောင်နဲ့ အစ်မတိမ်လွှာ။ လောရှည်ကောင်ရယ်လေ စာအုပ်အိတ်ကိုလက်တစ်ဖက်ကဆွဲထားပြီး အစ်မတိမ်လွှာရဲ့ဆံပင်ကိုပြုံးပြီးစကားပြောရင်းသပ်တင်ပေနေတာ။ စကားပြောရင်ခေါင်းလေးငုံငုံပြီး အစ်မတိမ်လွှာရဲ့မျက်နှာကိုသေချာကြည့်ပြီးတော့ကိုပြောနေတာ။ ပြုံးနေတဲ့အပြုံးတွေကအသက်ဝင်လွန်းလို့ မနာလိုချင်စရာတောင်ကောင်းရဲ့။ မြင်ရတဲ့မြင်ကွင်းက လင်းအတွက် ကျ ဘယ်လိုမှ လှမနေဘူး။ အစ်မတိမ်လွှာက လင်းကိုကျောပေးရက်ဆိုပေမဲ့ ပြုံးနေမှာတော့သေချာပါတယ်။ လောရှည်ကောင်ရဲ့မျက်နှာက ဒီလောက်ပြုံးချိုနေတာ။ ကြည့်နေရင်းကခေါင်းငုံ့ပြီး အစ်မတိမ်လွှာရဲ့မျက်နှာနားကပ်သွာတာ။ Oh my God! မဟုတ်ဘူးလို့ငြင်းစမ်း လင်း ရေ။ မြင်လိုက်တာအမှန်မဟုတ်ဘူးလို့။ အစ်မတိမ်လွှာရဲ့လက်တစ်ဖက်က ပါးကိုအုပ်လိုက်ပြီး ဘေးဘီကိုတစ်ချက်ကြည့်ပြီး လောရှည်ကောင်ရဲ့လက်မောင်းကို ဖွဖွရိုက်လိုက်တာ မြင်လိုက်ရတဲ့ပုံက လင်းအတွက်တော့ တကယ့်ကို ရင်နာစရာပါ။ လောရှည်ကောင်က ကျေနပ်ကြည်နူးနေတဲ့ပုံ။ သဘောတကျနဲ့ ခေါင်းတွေမော့ပြီးရယ်နေပုံက သဘောကျစရာကောင်းသလို။ မြင်ကွင်းကရင်နာစရာ။ ဘယ်သူမှမမြင်ဘူး။ လင်း ကသာ ကြည့်နေမိလို့ မြင်ရတာ။

"လင်း ဘာကြည့်နေတာလဲ" ဆိုပြီး သူငယ်ချင်းကနောက်လှည့်ကြည့်ဖို့ကြံနေလို့......

"ဘာမှမဟုတ်ဘူး၊ ဒီတိုင်း အသိတစ်ယောက်နဲ့တူလို့ကြည့်နေတာ" ဆိုပြီး သောက်လက်စ Orange Juice ကိုသောက်လိုက်တာ။ ရုတ်တရတ်အရသာမဲ့သွားသလိုပဲ။ ခံစားချက်တွေက မလှလိုက်တာ။ မလှဘူးဆိုပြီး မသိမသာလိုက်ကြည့်နေမိရင်းက လောရှည်ကောင်အတွက်ထင်ပါရဲ့ အသားရောင် long coat တစ်ထည်ကို အစ်မတိမ်လွှာက လောရှည်ကောင်ရဲ့ကိုယ်မှာကပ်ကြည့်နေတယ်။ လောရှည်ကောင်တို့ပြုံးနေတာများ ပါးစပ်နားရွက်တက်ချိတ်မတတ်။ လင်း နဲ့များဆို တွန်းချိုးထားတဲ့မျက်ခုံးတွေက တစ်ခုနဲ့တစ်ခုထိလုထိခင်ထိ။ တည်လွန်းနေတဲ့မျက်နှာထားက ထိလိုက်ရင်ပဲ ပေါက်ကွဲထွက်တော့မလိုလို။ အရင်ကရန်ဖြစ်ရတာ သဘောကျတယ်ဆိုပေမဲ့။ သူပြုံးနေတာ ကိုယ့်ကြောင့်ဆိုတာမျိုးဖြစ်ချင်လာတယ်။ သူပျော်နေတာ ကိုယ့်ကြောင့်ဆိုတာမျိုးဖြစ်ချင်လာတယ်။ အစ်မတိမ်လွှာနေရာ လင်း သာဆိုရင်ဆိုတဲ့အတွေးတွေးကနေရာယူလာတယ်။ ငါတော့ နစ်မိပြီထင်ပါရဲ့ လောရှည်ကောင်ရယ်။

"သို့ .....  အတိတ်က..... "  [Complete]Where stories live. Discover now