"သို့..... အတိတ်က....." အပိုင်း(၁၈)

429 21 0
                                    

စာတမ်းတင်ဖို့လုံးပမ်းနေရတာရယ် project တင်ပြဖို့ အတွက်ပြင်ရတာရယ်နဲ့ မ ကိုတောင် ကောင်းကောင်းမဆက်သွယ်နိုင်ခဲ့ဘူး။ ဘွဲ့လွန်ယူဖို့ နောက်ထပ်နှစ်နှစ်အတွက်အသည်းအသန်ကြိုးစားနေရချိန်။ ဝင်ခွင့်ရဖို့ ဆိုတာအခွင့်အရေးရတုန်းကြိုစားရမှာမို့ မ လာတုန်းကတိုင်ပင်မိတော့ မ က ဝမ်းသာအားရအားပေးရဲ့။ မ ရဲ့အားပေးမှုတွေကြောင့်ပဲ ပိုပြီးကြိုးစားချင်လာခဲ့ရတာ။ မ အတွက်ဂုဏ်ယူရတဲ့သူဖြစ်ဖို့ တေးတေးကြောင့် မျက်နှာမငယ်ရဖို့ တေးတေးကြောင့် မသိမ်ငယ်ရဖို့ တေးတေးကြောင့် လူပြောခံရတာမဖြစ်ဖို့ တေးတေးမှာ အသည်းအသန်ကြိုးစားနေရတယ်။ သတိရမိတာကရူးမတတ်ဘဲ။  video call  ပြောချိန် တွေ့ရတဲ့ မ ရဲ့အပြုံးယဲ့ယဲ့လေးကိုမြင်တိုင်း ကိုယ့်ကိုကိုယ် အားမလို အားမရဖြစ်ရသေးတယ်။

"ပြန်လာရင် လက်ထက်ကြမယ်နော်" ဆိုတော့ မ ကအပြုံးယဲ့ယဲ့လေးနဲ့သာ တုံ့ပြန်နိုင်ရဲ့။ တေးတေးရဲ့ မျက်နှာကို ငေးကြည့်နေတဲ့ မ မျက်ဝန်းတွေက လွမ်းဆွတ်မှုအပြည့်။ နဂိုထက်ပိုပြီး ချောင်ကျသွားတဲ့ မျက်နှာလေးကြောင့် စိတ်မကောင်းဖြစ်ရသေးတယ်။ အဖေနဲ့ အမေကလည်း တေးတေးကို လွမ်းလို့ထင်ပါရဲ့ မျက်နှာလေးတွေက ပြုံးနေကြပေမဲ့ မျက်လုံးလေးတွေက ညှိုးလို့။ ကျန်းမာရေး ဂရုစိုက်ဖို့နဲ့ အစစအရာရာသတိထားဖို့သာ အတွင်တွင်မှာကြရဲ့။

ဘွဲ့လွန်အတန်းတက်ဖို့အတွက်ပါ တစ်ခါတည်း ကြိုးစားလုပ်နေရလို့ ကျန်ခဲ့သူအားလုံးနဲ့က အဆက်အသွယ်ပြတ်လုလု။ တစ်ခန်းတည်းနေတဲ့ လင်းမြတ်နောင်နဲ့တောင် မျက်နှာချင်းမဆိုင်နိုင်လောက်တဲ့အထိ။ ပင်ပမ်းလွန်းလို့ အခန်းပြန်ရောက်ရင် ထိုးအိပ်လိုက်ဖို့သာ စဉ်းစားမိတော့တယ်။ လူကညှင်းသိုးသိုးဖြစ်နေပြီမို့ လင်းမြတ်နောင်က တစ်ခါတစ်လေ စိတ်ပူစွာနဲ့ ဆူပူတတ်သေးရဲ့။ တစ်ခါတစ်ခါ တေးတေးကိုကြည့်တဲ့မျက်ဝန်းတွေက အဓိပ္ပာယ်ဖော်ရခက်ပြီး နားလည်ရခက်နေတဲ့ မျက်ဝန်းတွေ။ တစ်ခုခုကို အားနာနေသလိုလို အမှန်က ကိုယ်တိုင်ကအားနာရမှာမလား။

........................................

ဘွဲ့လွန်တက်ဖို့အတွက် ၆ လလောက်နားရဦးမှာမို့ မစောင့်ဘဲ ပြန်ဖို့သာစဉ်းစားလိုက်တော့တယ်။ အဖေနဲ့အမေကိုလည်း လွမ်းလှပြီ။ နောက်ပြီး မ ကိုလည်းအရမ်းတွေ့ချင်နေပြီ လွမ်းသမျှကို မ ရင်ခွင်ထဲတိုးဝင်လို့ လွမ်းသမျှကိုအတိုးချလို့ အလွမ်းဖြေရဦးမယ်။  အဝတ်တွေထည့်နေရင်းက ခေါက်သိမ်းထားတဲ့ အိပ်ရာခင်လေးကို ဖွဖွကိုင်ကြည့်မိရင်း ကြည်ကြည်နူးနူးပြုံးမိသေးတယ်။ မ ပြန်သွားပြီးကတည်းက ခေါက်ပြီးသိမ်းထားခဲ့တာ။ ပြန်ပြီးခင်းမအိပ်ရက်ခဲ့ဘူး။    သိမ်းထားချင်ခဲ့တာ။ လင်းမြတ်နောင်ကတော့ သေချာကို အိပ်ရာခင်းအသစ်ဖိုးပြန်တောင်းခဲ့တာပါ။ အရင်ကဆို တေးတေးဆီက တစ်ခုခုပြန်တောင်းဖို့ အမေ့ခံတတ်ပေမဲ့ အိပ်ရာခင်းအသစ်ဖိုးကိုတော့ အသေအချာကိုသတိတရနဲ့ပြန်တောင်းခဲ့လို့ တေးတေးမှာသဘောကျမိရသေးတယ်။

"သို့ .....  အတိတ်က..... "  [Complete]Where stories live. Discover now