"သို့..... အတိတ်က....." အပိုင်း(၃၀)

306 22 0
                                    


စိတ်ရဲ့မလုံခြုံမှုတွေအတိုင်း အနားရှိနေတာတောင် ကိုယ်ပိုင်ဆိုင်ထားတယ်လို့ ယူဆထားတဲ့ အတ္တစိတ်တွေက ဖရိုဖရဲနဲ့ အလဲလဲအပြိုပြို။ ခနိုးခနဲ့ပြောနေရင်းက ကိုယ်ပဲအရှုံးသမားလို ခံစားနေရမှုကြီး။ ကိုယ်ပိုင်ရာ အမျိုးသမီးလေးရဲ့လက်ကိုတင်းတင်းဆုပ်ကိုင်လို့ ပိုင်ကြောင်းဆိုင်ကြောင်း ပြနေရင်းကကို သေးနုပ်သိမ်ငယ်နေတဲ့ ကိုယ့်စိတ်အခြေအနေကို ပြန်မတွန်းလှန်နိုင်ခဲ့ဘူး။ သတိလွတ်ချိန်ခဏလေးမှာ ခဏပျောက်သွားခဲ့တဲ့အမျိုးသမီးလေးကို အရူးတစ်ယောက်လို လိုက်ရှာနေခဲ့မိတာ ခန်းမတစ်ခုလုံးနှံလို့။ မူးနေတာတွေပျောက်လို့ ဇောချွေးတွေပြန်လာတဲ့အထိ။ မင်းမရှိလို့မဖြစ်တာမို့...ငါ့အတွက်က မင်းရှိမှ ဖြစ်မှာမို့ တိမ်လွှာဖြူ...မင်းရှိနေမှ ငါ့ရှင်သန်မှုက အဓိပ္ပာယ်ရှိနေမှာမို့ပါ တိမ်လွှာဖြူ။ ဘယ်နေရာမှာမှ ရှာမတွေ့နေခဲ့တာက ကိုယ့်အမျိုးသမီးအပါ အမျိုးသမီးလေးရဲ့ မေတ္တာသက်ဝင်သူရော ကိုယ့်ညီမဝမ်းကွဲဖြစ်သူရော။ စိတ်ကူးထဲအမျိုးမျိုးပေါ်လာတဲ့ပုံရိပ်တွေကြောင့် စိတ်ကဆောက်တည်ရာမရနိုင်တော့လောက်အောင် သွေးပျက်နေခဲ့ပြီ။ အဲ့လိုဖြစ်လို့မရဘူး။ အဲ့လိုဖြစ်လို့မရဘူးလို့ တွေးနေရင်းက ဆုံးရှုံးလိုက်ရမှာ ကြောက်တဲ့စိတ်၊ စွန့်လွှတ်လိုက်ရမှာ ကြောက်တဲ့စိတ်က ရင်ဝလာလာစောင့်တယ်။ ခေါင်းထဲပေါ်လာတဲ့ ပုံရိပ်အမျိုးမျိုးကိုတွန်းလှန်ရင်းက ကိုယ့်အပိုင်အမျိုးသမီးလေးကို လိုက်ရှာနေခဲ့မိတာ။ တစ်ခန်းဝင်တစ်ခန်းထွက်လိုက်ရှာနေရင်းက ပိတ်ထားတဲ့ အခန်းငယ်တွေရှေ့ကို လက်လှမ်းမိချိန်တိုင်းမှာ ကတုန်းကယင်ဖြစ်နေတဲ့လက်ရယ်။ လက်ကိုင်မလှည့်ခင်တွန့်ဆုတ်နေခဲ့မိတဲ့အခြေအနေ။ စိတ်ထဲပုံဖော်သလိုသာ တွေ့ခဲ့ရရင်ဆိုတဲ့အတွေးက နှလုံးအိမ်ကို မီးစနဲ့ထိုးနေသလို ပူပူလောင်လောင်။ တံခါးလက်ကိုင်ကို ဝုန်းခနဲမြည်အောင်တွန်းဖွင့်မိတိုင်းမှာ စုံမှိတ်မိခဲ့တဲ့ မျက်လုံးတွေ။ ဗလာကျင်းနေတဲ့အခန်းငယ်ကိုကြည့်ပြီး သက်ပြင်းကြိတ်ချခဲ့မိချိန်တွေ။ မျှော်လင့်ထားမိသူတွေရဲ့ မျက်နှာ မဟုတ်ခဲ့တော့မှ ခန်းမကအထွက်တုန်းက ယူလာခဲ့တဲ့ သားလှီးဓါးအသေးကို မသိမသာဝှက်လို့ အပြုံးတုနဲ့ နှုတ်ဆတ်ခဲ့ရချိန်တွေ။ တစ်ယောက်တည်းကမ္ဘာပျက်နေခဲ့တဲ့ ထက်မြတ်နောင်ရယ်ပါ။ ကိုယ့်အပိုင်လို့ဆိုပြီး ကိုယ်ပိုင်နေတယ်လို့တစ်ခါလေးတောင်မှ မခံစားမိအောင်နေတတ်တဲ့အမျိုးသမီးလေး။ အဲ့ဒိ အမျိုးသမီးလေးကို ပိုင်ဖို့အတွက်ဘာကြိုးတွေနဲ့ချည်နှောင်ရမလဲတွေးမိရင်းက ဘာလို့ယူလာခဲ့ပြီး ဘယ်သူ့ကို ထိုးဖို့ဆိုတဲ့အတွေးက သေချာမသိသေးခင် သားလှီးဓါးအသေးလေးက လက်ထဲရောက်နေခဲ့ပြီးပြီ။ လိုက်ရှာနေတဲ့ အခန်းစုံလုအခြေအနေ၊ ခန်းမအပြင်ထွက်ရှာဖို့ တွေးနေမိတုန်းမှာ အပြင်ကနေ ခန်းမထဲပြန်ဝင်လာတဲ့ အမျိုးသမီးလေးကိုမြင်တော့မှ ပင့်သက်ချမိရင်း အမျိုးသမီးလေးရဲ့နောက်ကို ကမမ်းကတန်းလှမ်းကြည့်လို့ အမျိုးသမီးလေးရဲ့ မိန်းကလေးကို ရှာခဲ့မိသေးတယ်။ ဘယ်သူမှ မပါလာဘဲ သူ့အမျိုးသမီးလေးတစ်ယောက်တည်းကိုပဲ တွေ့တော့မှ ထက်မြတ်နောင်မှာ သက်ပြင်းချလို့ ပြုံးနိုင်တော့တဲ့အထိ။

"သို့ .....  အတိတ်က..... "  [Complete]Where stories live. Discover now