"သို့..... အတိတ်က....." အပိုင်း(၃၆)

258 27 0
                                    

ကိုယ့်အိမ်ကိုတောင် ပြန်မအိပ်နိုင်လောက်တဲ့အထိ လေလွင့်နေတဲ့ထက်မြတ်နောင်။ လင်းမြတ်နောင်တို့ကိုကြိုလာပေးပြီးကတည်းက ဘယ်မှထပ်မထွက်တော့ဘဲ တိမ်လွှာဖြူကိုဆေးကုပေးတုန်းကနေခဲ့တဲ့အိမ်မှာပဲ အိမ်တွင်းအောင်းပြီး နေ့ရော ညပါသောက်နေခဲ့တာ ခုဆိုရင် ၂ ပတ်ကျော် ၃ ပတ်ထဲရောက်နေခဲ့ပြီ။ ဘာကိုမှလည်းအာရုံမရနိုင်၊ လိုက်ရှာတာအနှံ့ဖြစ်နေခဲ့တာတောင် သတင်းအစအနလေးတောင်မရတဲ့ တိမ်လွှာဖြူကြောင့် လူကလည်း ရူးချင်သလိုလိုဖြစ်နေခဲ့ပြီ။ 

"မင်းမရှိလို့ မဖြစ်ဘူး..... ဖြူရဲ့"

"မင်းက ငါ့အပိုင်... ပြန်လာခဲ့ပါဖြူရယ်.... "

"ဒီတစ်ခါပြန်တွေ့ရင် မင်းကို ငါ့အနားကနေ ဘယ်မှထွက်မသွားနိုင်အောင် ချုပ်ထားမှာ"

"ဖြူရေ.....မင်းဘယ်မှာလဲ... .ငါလွမ်းလှပြီ"  ဆိုတဲ့စကားတွေချည်း ရေရွတ်သောင်းကျန်းနေခဲ့တာ။ အိပ်မှုန်စုံမွှားနဲ့ ထက်မြတ်နောင်က အိမ်ရဲ့ အိမ်တော်ထိန်းလည်းဖြစ်၊ ထမင်းချက်ကြီးလည်းဖြစ်တဲ့ ကြီးစိန်ရဲ့ဖုန်းကိုလက်ခံနားထောင်ပြီးတဲ့နောက်မှာတော့ တိမ်လွှာဖြူကိုဆေးကုတုန်းကနေခဲ့တဲ့ အိမ်ကနေကားကိုတရကြမ်းမောင်းထွက်လာခဲ့ပုံက မူးနေခဲ့တာတွေ၊ ခေါင်းကိုက်ခေါင်းနောက်နေတာတွေ အကုန်လွင့်လို့ပျောက်ကုန်တဲ့အထိ။

ထက်မြတ်နောင်ရဲ့ပုံစံကဖရိုဖရဲ ခေါင်းမွှေးစုတ်ဖွားနဲ့၊ မရိတ်မသင်နိုင်တဲ့အထိ ထားခဲ့မိတဲ့ မုတ်ဆိတ်ကျင်စွယ်တွေက မျက်နှာပေါ်မှာအသားတကျနဲ့ရယ်။ အရင်ကသန့်သန့်ပြန့်ပြန့်သပ်သပ်ရပ်ရပ်နဲ့ smart  ကျကျနေတတ်ခဲ့တဲ့ထက်မြတ်နောင်က ဘယ်သူလဲလို့မေးယူရတော့မဲ့အထိ။ လက်နှစ်ဖက်မှာလည်း ကြယ်သီးတပ်မထားဘဲ ရင်ဘက်မှာလည်းကြယ်သီးသုံးလုံးလောက်ပြုတ်နေတဲ့ ရှပ်လက်ရှည်က ဘောင်းဘီထဲ ဝင်တစ်ဝက် ထွက်တစ်ဝက်။ ကြုံရာကောက်ထိုးစွပ်လာတဲ့ အိမ်နေရင်ကွင်းထိုးဖိနပ်က တစ်ရောင်စီနဲ့ရယ်ပါ။ စိတ်ကကြိုရောက်နှင့်နေတဲ့အထိ လောနေခဲ့ပြီးလို့ ကားက အရှိန်နည်းနည်းမှမလျှော့ဘဲ ခြံတံခါးကိုတိုက်ဖွင့်မတတ်မောင်းချလာတာကို အဝေးကတည်းကလှမ်းမြင်နေရလို့ ခြံစောင့်က ကမန်းကတမ်းခြံတံခါးကို တွန်းဖွင့်လို့ပေးလိုက်ပေမဲ့လို့ ခြံစောင့်ခမျာ ထက်မြတ်နောင်ရဲ့ကားနဲ့အတိုက်ခံရဖို့က လက်မတင်ကလေးရယ်သာလိုတော့တာပါ။ ဒီအချိန်မှာ ကားနဲ့ကြိတ်ခံရရင်တောင် ခြံစောင့်ခမျာမှာက သနားမဲ့သူရှိမယ်မထင်။ အခြေအနေသိနေရဲ့နဲ့ ခြံတံခါးကြိုဖွင့်မထားမိတဲ့သူ့အပြစ်ရယ်လို့သာ သတ်မှတ်ကြပေလိမ့်မယ်။ သူကလည်း သူရယ်ပါ ကြီးစိန်ပြောကတည်းက  ခြံတံခါးဖွင့်ထားဆိုတာကို ထက်မြတ်နောင်က အဲ့လောက်အမြန်ကြီးရောက်ချလာလိမ့်မယ်မထင်ခဲ့မိတာကိုက သူ့အမှား။ ထက်မြတ်နောင်ကြည့်ရတာလည်း ဘာကိုမှ အာရုံရပုံမပေါ်။  ပုံမှန်အတိုင်းသာဆိုရင်လည်း ကားဟွန်းကို တတီတီ တီးလို့ ဒေါသတကြီးဆဲဆိုပြီးထိုးနှက်ကန်ကျောက်လို့ သူ့ကို အလုပ်ဖြုတ်ပြီးနေလောက်ပြီ။ ခုတော့ ထက်မြတ်နောင်ကိုယ်တိုင်ကလည်း သူ့အပူနဲ့သူရယ်မို့ ဘာကိုမှအာရုံမရ။ ခြံတံခါးကိုလည်းမမြင်၊ လူကိုလည်း အာရုံရပုံမပေါ်။ ထက်မြတ်နောင်ရဲ့ အာရုံထဲရှိနေတာက အိမ်ထဲရောက်နေတဲ့လူကိုအတည်ပြုဖို့တစ်ခုတည်း။ ထက်မြတ်နောင်ရဲ့ရင်ထဲကအပူ ထက်မြတ်နောင်သာသိပေလိမ့်တော့မယ်။

"သို့ .....  အတိတ်က..... "  [Complete]Where stories live. Discover now