"သို့ .....အတိတ်က....." အပိုင်း(၅)

278 28 0
                                    

ကျွန်မနဲ့ တွေ့တိုင်း မျက်လုံးဝိုင်းဝိုင်းလေးတွေမှေးသွားတဲ့အထိ အားရပါးရပြုံးတတ်ပြီး ရှိတဲ့နေရာကနေအပြေးရောက်လာတတ်တဲ့ ကောင်မလေးကို သဘောကျတယ်။ သာမာန်ယောက်ျားလေးတစ်ယောက်ထက်တောင်ပိုရှည်တဲ့ အရပ်ကြောင့် ကျွန်မနဲ့ စကားပြောတိုင်း ခေါင်းလေးငုံ့ငုံ့ပြီးမျက်နှာကိုသေချာကြည့်ပြီးမှ ပြောတတ်တာလေးကိုလည်း သဘောကျတယ်။ ကျွန်မကိုလိုက်ပို့တိုင်း ကျွန်မကိုအိမ်ထဲအရင်ဝင်စေတတ်တဲ့ သူ့ကျောပြင်ကို သူ မသိအောင်ပြန်ထွက်ပြီး ငေးကြည့်ရတာကိုလည်း သဘောကျတယ်။ သူ့အရပ်အားကိုးနဲ့ ကျွန်မကို နေကွယ်ပြီး လမ်းလျှောက်ပေးတတ်တာကိုလည်း သဘောကျတယ်။ ကျွန်မခြေလှမ်းနဲ့အညီ ထိန်းလျှောက်ပေးတတ်တဲ့ သူ့ရဲ့ခြေလှမ်းတွေကိုလည်း သဘောကျတယ်။ သူ့မျက်လုံးတွေကိုတော့ ကျွန်မသေချာမကြည့်ရဲဘူးရယ်။ ရွှန်းလဲ့တဲ့ မျက်ဝန်းတွေနဲ့ဆုံမိတိုင်း သတိလက်လွတ်နဲ့ တမေ့တမောနဲ့ ကျွန်မငေးမောနေတတ်မိလို့။ တွေ့ဆုံပြီးနောက်ရက်က စလို့ ကျောင်းအသွားအပြန် သူ့နောက်ကသာလိုက်ခဲ့ပါလို့ တောင်းဆိုလွန်းလို့ဆိုပေမဲ့ ကိုယ်တိုင်က လိုလိုလားလား ဆန္ဒရှိနေခဲ့တာမို့ ငြင်းတယ်လို့တောင်မဆိုနိုင်ခဲ့ဘူးမလား။ ရှောင်လို့ရတဲ့ ချိုင့်လေးတွေကို သေချာမရှောင်ဘဲ နင်းမှန်းသိပေမဲ့ ကျွန်မသိကြောင်းမပြောခဲ့ပါဘူး။ အဆီမရှိတဲ့ သူ့ရဲ့ခါးသိမ်သိမ်လေးကိုဖက်ပြီးစီးရတာကိုလည်း တကယ်သဘောကျနေမိတာမို့။ ပိုင်စိုးပိုင်နင်းဆန်တဲ့ သူ့ရဲ့ရုတ်တရတ်အပြုအမူတိုင်းကိုလည်း မဟန့်တားမိဘူးရယ်။ ငြင်းလည်း မငြင်းဆန်ချင်မိပါဘူး။ ကျောင်းတက်ကျောင်းဆင်းချိန် ကျောင်းပေါက်ဝကနေ ကျောင်းထဲကို လမ်းယှဉ်လျှောက်တိုင်း စက်ဘီးလက်ကိုင်ကိုလက်တစ်ဖက်တည်းနဲ့ကိုင်ပြီး ကျန်လက်တစ်ဖက်နဲ့ ကျွန်မလက်ကိုဖွဖွကိုင်ထားတတ်တာကိုလည်း သဘောကျမိပြန်တာပဲ။ ဆုပ်ကိုင်ထားတဲ့လက်တွေကခပ်တင်းတင်းမဟုတ်ပေမဲ့ သူနဲ့ယှဉ်ရင် သေးနေတဲ့ ကျွန်မလက်တွေကို ဆုပ်ကိုင်ထားတာက ခိုင်ခိုင်မာမာမြဲမြဲမြံမြံ။ မရုန်းမိပါဘူး။ ဆုပ်ကိုင်ထားတဲ့သူ့လက်နွေးနွေးတွေကိုလည်း စိတ်ရင်းနဲ့ သဘောကျတာမို့။ ငါးဟင်းကြိုက်ပေမဲ့ ငါးဟင်းစားတိုင်းအရိုးမြက်တတ်တဲ့သူ့ကို စိတ်ရှည်ရှည်နဲ့ အရိုးနွှင်ပေးရတာကိုလည်း နှစ်ခြိုက်သဘောကျမိပြန်တာပဲ။ ကျွန်မကိုယ်တိုင်က သူနဲ့ပါတ်သတ်တဲ့ အရာရာတိုင်းကို သဘောကျနေမိခဲ့တာ။ ဒါပေမဲ့ ကျွန်မတို့နှစ်ယောက်လုံး ငယ်လွန်းနေသေးတယ်မလား။ သူ့စိတ်ကိုလည်း အကဲမစမ်းချင်ပါဘူး။ သူ့စိတ်ထဲဝန်ထုပ်ဝန်ပိုးဖြစ်မှာစိုးမိလို့။ အကြီးဖြစ်နေတဲ့ ကျွန်မကိုယ်တိုင်က ထိန်းချုပ်နိုင်ရမယ်လို့တွေးရင်းက သူ့အပြုံးချိုချိုလေးတွေ တခြားလူအပေါ် ရက်ရက်ရောရော ပြုံးပြနေတာမြင်မိတိုင်း ကျွန်မ သဝန်မတိုမိဘူးလို့ ခဏလောက်ဖြစ်ဖြစ် ဟန်ဆောင်ထားပါရစေ။ ဒီအရွယ်မှာ ခဏလောက်တော့ စိတ်ကစားတတ်ကြတာချည်းမို့ ကျွန်မတို့ ခဏလောက်တော့ အချိန်ယူကြည့်ဖို့လိုတယ်မလား။  သူ့ဘက်က အစ်မတစ်ယောက်လိုပဲ တွေးလို့ဖြစ်မှာပါလို့ တွေးမိတိုင်းမှာ ခံစားချက်တွေမသက်မသာဖြစ်မိတာကိုလည်း ခဏလောက်တော့ လစ်လျူရှုထားပါရစေ။ သူငယ်ချင်းတွေကတော့ မေးကြတယ် "နင်တို့နှစ်ယောက် ရိုးရဲ့လား" တဲ့။ ဟင့်အင်း.... ကျွန်မစိတ်ကို ကျွန်မပြန်ပြီးမဆန်းစစ်ချင်သေးဘူး။ ဒီအခြေအနေလေးကိုတန်ဖိုးထားနေမိလို့။ ဒီအခြေအနေလေးအတိုင်းက ပိုအဆင်ပြေနေသေးလို့။ နီးပြီးမှ ဝေးရတာကို မလိုချင်လို့။ ဝေးရဖို့ မတွေးချင်ခဲ့လို့။

"သို့ .....  အတိတ်က..... "  [Complete]Where stories live. Discover now