"သို့.....အတိတ်က..... "အပိုင်း (၁၂)

307 26 0
                                    


"Morning  ပါအန်တီ၊ အစ်မရှိတယ်မလား အန်တီ"

"ရှိပါတယ်ရှင် မမြင်တာကြာလို့ထင်ပ တေးတေးတောင်ပိုချောလာသလားလို့" ဆိုပြီး အန်တီက စ တော့ ရှက်ကိုးရှက်ကန်းဖြစ်ပြီးလည်ပင်းကိုပွတ်နေမိတယ်။ ဒီက သူ့သမီးနဲ့ချစ်နေပြီမို့ အရင်လိုမျက်နှာပြောင်တိုက်ပြီးလည်း ခဏခဏအိမ်လည်မလာရဲ။ အထွန်းလေးလည်းသိနေတယ်လို့ မ ကပြောတော့ အနေအထိုင်ကဆင်ခြင်ရသလို သူ့မြင်မိရင်လည်း မျက်နှာကပူသား။ တေးတေးက မိန်းကလေးချင်းတွဲနေတယ်ဆိုရင်တောင် မ ကလွဲရင်လည်း ဘယ်မိန်းကလေးကိုမှ စိတ်ခံစားချက်ရှိသူမဟုတ်။ မ ကိုတော့တကယ်ကိုမြတ်နိုးမိတာ။ မိန်းကလေးမဆန်တာကလွဲရင် မိန်းကလေးတစ်ယောက်လိုနူးညံ့တဲ့စိတ်လေးတော့ တေးတေးမှာရှိသား။

"ဟုတ်၊ အစ်မက စာအုပ်ဆိုင်သွားချင်တယ်ဆိုလို့ အဖော်လိုက်ပေးဖို့ခေါ်လို့ပါအန်တီ"

"အေးကွယ်၊ တေးတေးအစ်မလည်း ပင်ပမ်းရှာတယ်။ နဂိုကလူကသေးသေးကို ခုကျောင်းစာပိပြီးပိုသေးနေတယ်ထင်ပါရဲ့။ သူများဆေးမကုခင် သူ့ပြန်ကုနေရမယ့်ပုံ။ ကြည့်ပြောဦး။ တေးတေးအစ်မကို မသိမသာနဲ့ခေါင်းမာလွန်းလို့"

"ဟုတ်ကဲ့ပါ အန်တီ"

"ကဲ အပေါ်တက်သွားခေါ်လိုက်ဦး၊ တေးတေးရောက်နေတာ မသိသေးဘူးထင်တယ်"

"ဟုတ်ကဲ့" ဆိုပြီး ခေါင်းလေးငြိမ့်လို့ မ အခန်းဆီလှမ်းလာမိတဲ့ခြေလှမ်းတွေက ရင်ခုန်မှုအပြည့်နဲ့။ မ အခန်းထဲကိုဝင်ဖူးတာ ပထမဆုံးအကြိမ်မဟုတ်ပေမဲ့ ချစ်သူဖြစ်ပြီးနောက် ခုကပထမဆုံးအကြိမ်အဖြစ် မ ရဲ့အခန်းထဲဝင်ဖြစ်တာမို့ ရင်ခုန်မှု၊ ရင်တုန်မှုကအပြည့်။ ဘာကွာသွားလည်း တေးတေးမသိဘူး။ တေးတေးသိတာကအခန်းတံခါးကိုကိုင်ထားတဲ့ တေးတေးလက်တွေတုန်နေတာကိုသတိထားမိတာပဲ။ အခန်းတံခါးမဖွင့်ခင် တံခါးခေါက်ပေမဲ့အသံမကြားလို့ လက်ကိုင်လေးလှည့်လို့ဝင်တော့ အခန်းထဲမှာ မ ကိုမတွေ့ရဘူး။ ရေးချိုးခန်းထဲက ရေသံလေးကြားမှ မ ရေချိုးနေလို့ဆိုတာသိလိုက်တယ်။ ချိန်းထားတာက မနက် ၁၀ နာရီကို တေးတေးကစောထွက်လာခဲ့တာကိုး။ ခုမှ ကိုးနာရီမတ်တင်း ရှိသေးတယ်။ မ ရေချိုးနေတာစောင့်ဖို့တွေးရင်း အခန်းထဲလှည့်ကြည့်နေလိုက်တယ်။ မ က သိပ်စည်းကမ်းရှိပြီး အသန့်ကြိုက်တာ။ ကုတင်ပေါ်မှာ အပြင်သွားရင်ဝတ်မဲ့ဝတ်စုံလေးကိုကြိုထုတ်ထားတယ်။ မတိုင်ပင်ထားပါပဲ ကြက်သွေးရောင်အဆင်တူလေး ထုတ်ထားတာမို့ပြုံးမိသား။ ချစ်မိသူတွေစိတ်ချင်းနီးရင် မတိုင်ပင်ထားလည်း တိုက်ဆိုင်မိတာတွေ စိတ်တူနေတတ်တာတွေရှိတယ်လို့ ပြောကြတာကို သတိရမိတော့ စိတ်ထဲမယ် ကြည်ကြည်နူးနူးလေး။ မှန်တင်ခုံပေါ် အကြည့်ရောက်မိတော့ မိသားစုဓါတ်ပုံလေးရယ် မွေးနေ့တုန်းက သူငယ်ချင်းတွေကို တရားဝင်ကြေငြာတဲ့နေ့ကစုရိုက်ထားတဲ့ဓါတ်ပုံလေးရယ် တင်ထားတယ်။ အများအမြင်တော့ သာမာန်အုပ်စုပုံလို့ထင်ရပေမဲ့ ဘေးချင်းကပ်ထိုင်နေပြီး တစ်ယောက်လက်တစ်ယောက်ဆုပ်ကိုင်ထားရင်း တေးတေးနဲ့ မ က တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရယ်နေပုံလေးက အသက်ဝင်လွန်းလို့ အဲ့ဓါတ်ပုံလေး ကြည့်မိတိုင်းမှာ ကြည်ကြည်နူးနူးပြုံးမိတဲ့အထိ။ တေးတေးဆီမှာလည်းအဲ့ဓါတ်ပုံလေးရှိတယ်။ ရှိဆို သဘောကျလွန်းလို့ ကိုယ်တိုင်ပဲ တစ်ယောက်တစ်ပုံထုတ်ပြီးမှန်ဘောင်သွင်းပေးထားတာ။ သတိထားမိရင် မှန်ဘောင်ရဲ့ ထိပ်ဖက်ကတစ်ခုတည်းသောအသည်းပုံလေးက တေးတေးနဲ့ မ ရဲ့ နှစ်ယောက်ကြားမှာ။ အဲ့မှန်ဘောင်ကိုရဖို့ တေးတေးမှာ မြို့ပါတ်ရှာလိုက်ရသေးတယ်။ ပုံမှန်မဟုတ်တဲ့ relationship  ဖြစ်နေတဲ့အပြင် မ အချိန်ယူဖို့လိုနေမယ်ထင်လို့ အရမ်းသိသာအောင်နေပြလို့မရဘူးမလား။ နှစ်ယောက်တွဲပုံတွေတော့ဖုန်းထဲမှာအပြည့်ရှိသား။ မမျှော်လင့်ခဲ့ပေမဲ့ မ ကိုယ်တိုင်က မရဲ့သူငယ်ချင်းတွေကိုတရားဝင်ဖွင့်ပြောပေးခဲ့လို့ အံ့သြမိသလို ဝမ်းနည်းဝမ်းသာလည်းဖြစ်ရတယ်။ မရဲ့သူငယ်ချင်းတွေရှေ့မှာထိန်းနိုင်ခဲ့ပေမဲ့ အပြန် မရဲ့ကားပေါ်မှာတော့ မရဲ့ ရင်ခွင်ထဲတိုးလို့ငိုမိတယ်။ မနဲ့ပတ်သတ်ရင်အသေးအဖွဲကအစ တေးတေးမှာခံစားလွယ်မိတယ်။ မရဲ့ရင်ခွင်ကသေးသေးလေးပါ ဒါပေမဲ့ တေးတေးအတွက် နွေးထွေးလွန်းတယ်။ မနဲ့အကြောင်းတွေရောက်တတ်ရာရာတွေးနေတုန်း.....

"သို့ .....  အတိတ်က..... "  [Complete]Where stories live. Discover now