"သို့..... အတိတ်က ....." အပိုင်း(၉)

295 26 0
                                    

ဧည့်ခန်းမှာ တီဗွီထိုင်ကြည့်နေကြတဲ့ ဖေဖေနဲ့မေမေ့ဆီ အသာချည်းကပ်ရင်း.......

"ဖေဖေ သမီးကို တေးတေးလေးတို့ အိမ် လိုက်ပို့ပေးပါဦးနော်။ မနက်က သမီးအစလွန်လို့ စိတ်မကောင်းဖြစ်သွားတာကို ချော့ရင်းမွေးနေ့လက်ဆောင်လေးသွားပေးချင်လို့ပါ"

"ဪ.... သမီးရယ် မွေးနေ့လေးကို ကလေးကိုစိတ်မကောင်းဖြစ်အောင်စရသလား"

"ဟုတ်ကဲ့ အဲ့ဒါကြောင့်သွားချော့ချင်လို့ပါ။ အတော်ချော့ရမယ်ထင်တယ် အရမ်းစိတ်မကောင်းဖြစ်သွားတာဆိုတော့လေ သမီးတေးတေးလေးတို့အိမ်မှာပဲ အိပ်လိုက်တော့မယ်။ မွေးနေ့ဆိုတော့လေ သူစိတ်မကောင်းဖြစ်နေပြီး မကုန်ဆုံးစေချင်လို့၊ လိုက်ပို့ပေးပါနော် ဖေဖေနော်" လို့ တောင်းဆိုမိတော့ ဖေဖေက .....

"ဒီကလေးတွေကတော့အသက်သာကြီးလာတယ် အရွယ်ရောက်မလာကြသေးဘူး" လို့ပြောတော့ အဲ့ကလေးကပဲ အရွယ်ရောက်လို့ သူ့သမီးကို ရီးစားစကားပြောတာမသိဘဲနဲ့လို့ တွေးရင်းပြုံးမိသေးတယ်။

တေးတေးလေး ရုတ်တရတ်ဖွင့်ပြောလာတုန်းက အံ့သြစိတ်နဲ့ ရင်ခုန်နေတုန်းကို တိုက်တိုက်ဆိုင်ဆိုင် ရောက်လာတဲ့ ကိုထက်မြတ်နောက်ကြောင့် ကြည်နူးမဲ့စိတ်လေးက ရင်တုန်စရာတွေကနေ စိတ်မကောင်းစရာတွေ ဝမ်းနည်းစရာတွေဖြစ်ကုန်တဲ့အထိ။ တေးတေးလေးနဲ့ ပတ်သတ်ရင် ကျွန်မစိတ်မမာနိုင်ပါဘူး။ အထူးသဖြင့် မွေးနေ့လေးကိုတော့ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းသင့်တယ်မလား။ ပိုချစ်ရသူက ပိုအလျှော့ပေးရတတ်တယ်လို့လည်း မတွေးမိပါဘူး။ တေးတေးလေးက ကျွန်မကို ဘယ်လောက်တောင်ဂရုစိုက်တတ်လဲ ကျွန်မသိနေတာခဲ့တာကို။ အဲ့လူရှည်လေးက အတွေးလွန် စိတ်မကောင်းဖြစ်မှုတွေကြားနစ်နေပြီး ဒီညမှ ကျွန်မသွားမချော့ရင် ညဘက် ဘယ်လိုမှအိပ်ပျော်မယ်မထင်။ အတွေးလွန်ပြီး တစ်ညလုံးဝမ်းနည်းနေတော့မှာ။ အဲ့လိုဖြစ်စေလို့တော့မဖြစ်ဘူးမဟုတ်လား။

ဖေဖေကအပေါ်ထပ်လေးထပ်ဝတ်ရင်း အထွန်းလေးကို အဖော်ခေါ်လို့ ကျွန်မကို တေးတေးလေးတို့အိမ် ကားနဲ့ လိုက်ပို့ပေးတယ်။ သားသမီးတွေ တောင်းဆိုတာကို တရားလွန်မဟုတ်ရင်ဖြစ်အောင် မငြီးမငြူဖြည့်ဆည်းပေးတတ်တဲ့ ဖေဖေနဲ့မေမေကို ကျေးဇူးတင်မိသလို အခုလိုအခြေအနေမှာ အားလည်းအားနာမိတယ်။ သူတို့ဂုဏ်ယူရတဲ့ သူတို့သမီးက မိန်းကလေးတစ်ယောက်ကိုမှ မေတ္တာသက်ဝင်နေမိတာကို လက်ခံနိုင်ပါ့မလားလို့တွေးမိတော့ သက်ပြင်းမောလေးချလို့ စိတ်မကောင်းလည်းဖြစ်ရတယ်။ အခုလိုက်ပို့နေရတာ သမီးချစ်ရတဲ့မိန်းကလေးဆီကိုပါဆိုရင်ရော ဖေဖေကြည်ကြည်ဖြူဖြူနဲ့လိုက်ပို့နိုင့်ပါ့မလား။ မေမေကရော ကြည်ကြည်ဖြူဖြူနဲ့လွှတ်လိုက်ပါ့မလား။ အထွန်းလေးကရော အရွယ်တူသူငယ်ချင်းတွေကြား ဒီအစ်မကြောင့်အရှက်ရနေမလား။ နောက်ပြီး ယှဉ်ပြိုင်မှုကြီးလွန်းလှတဲ့ အသိုင်းအဝိုင်းကြားမှာ ကျွန်မကြောင့်ကျွန်မမိသားစု အရှက်ရတယ်တွေးကြမလား။ သိက္ခာကျတယ်တွေးကြမလားလို့ တွေးမိတော့ ရင်ပူစရာ၊ စိတ်ပူစရာတွေချည်းသာ။ ဖေဖေတို့မေမေတို့တွေးတာက မိန်းကလေးချင်း ညီအစ်မသံယောဇဉ်လို့ ထင်ခဲ့ကြတာမလား။

"သို့ .....  အတိတ်က..... "  [Complete]Where stories live. Discover now