"သို့..... အတိတ်က....." အပိုင်း(၃၃)

282 30 1
                                    

စကားအစမခံဘဲရှောင်နေခဲ့တာ မောင် ကလေ။ ကျွန်မကိုပြန်ပို့ဖို့ ဒါမှမဟုတ်ကျွန်မပြန်တော့မယ်လို့ပြောဖို့အတွက် မောင့်အရိပ်အခြေကိုကြည့်နေခဲ့တာကို မောင်က စကားအစကိုမခဲဘဲ ရှောင်နေခဲ့တာ။

ကျွန်မတို့ရောက်နေတာ တစ်လလောက်ရှိပြီ။ အတိအကျပြောရရင် ၂၃ရက်တိတိရှိနေခဲ့ပြီ။  မောင့်ရဲ့ဂရုစိုက်ပေးမှုတွေ၊ နေရာဒေသရဲ့အေးချမ်းမှုတွေကြောင့်ထင်ပါရဲ့ ကျွန်မစိတ်တွေကလည်းပြန်ပြီးလန်းဆန်းလာခဲ့တယ်။ အနာကျက်တာလည်းပိုမြန်လာခဲ့တယ်ထင်ပါရဲ့။ ခိုက်မိခဲ့တဲ့ဒဏ်ရာက နဖူးထောင့်စွန်းနားထင်ရဲ့အစပ် ဆံပင်နဲ့ကပ်လျက်နားလောက်ဆိုပေမဲ့ သေချာကြည့်ရင်အနာရွတ်ကအထင်းသားမြင်ရရဲ့။ အနာရွတ်ကိုမြင်တိုင်းမျက်နှာမကောင်းဖြစ်ဖြစ်သွားတဲ့မောင့်ကြောင့် ကျွန်မဆံပင်မစည်းဖြစ်တော့သလိုဆံပင်ဘေးခွဲတာကိုလည်း ဘက်ပြောင်းပြစ်ခဲ့လိုက်ရတယ်။ ခြိမ်းခြောက်လှီးဖြတ်ခဲ့တယ်ဆိုပေမဲ့ တကယ်လည်းထာဝရအိပ်ပျော်သွားဖို့ရည်ရွယ်ပြီး လှီးဖြတ်ခဲ့တိုင်းထက်မြတ်နောင်သွေးပျက်လောက်တဲ့အထိဖြစ်ခဲ့တဲ့ လက်ကောက်ဝတ်ကအနာရွတ်နှစ်ခုကိုလည်း မောင်ထပ်မမြင်ရအောင်ကျွန်မအသေအချာဖုံးကွယ်ထားရတယ်။

မောင်များပြုံးနေတာမြင်ရင် ကျွန်မစိတ်ထဲအလိုလိုကိုအေးချမ်းနေရော။ မောင် မနက်စာပြင်ပေးတိုင်း မောင့်ကျောပြင်ကိုငေးကြည့်နေရတာကလည်းစိတ်ထဲနွေးထွေးမှုအပြည့်နဲ့ရယ်ပါ။ အမြဲငေးကြည့်ခဲ့ဖူးပေမဲ့ ဝေးခဲ့ကြတဲ့အတောအတွင်းအမြဲသတိရမြင်ယောင်မိတဲ့ မောင့်ရဲ့ကျောပြင်ကိုမှီလို့ နောက်ကနေမောင့်ခါးကိုသိုင်းဖက်မိတိုင်း မောင်ကကျွန်မလက်ကလေးကိုဖွဖွဆွဲယူလို့ ငုံ့နမ်းတတ်သေးတယ်။ စိတ်ရဲ့အေးချမ်းမှုက ခန္ဓာကိုယ်အတွက်လည်းအကျိုးသက်ရောက်မှုရှိစေတယ်မလား။ မနက်မျက်လုံးနှစ်လုံးပွင့်ချိန်ကစလို့ ညဘက်အိပ်တဲ့အချိန်အထိကိုယ်မြတ်နိုးမိသူနဲ့ရှိရတဲ့အခိုက်အတန့်တွေက စိတ်ရဲ့ငြိမ်းအေးစေမှုတွေအတွက်အကြီးမားဆုံးအကျိုးသက်ရောက်မှုတစ်ခုပါပဲ။ ဒီနှစ်တွေထဲ၊ မောင်မပါတဲ့ဒီနှစ်တွေထဲမှာကျွန်မစိတ်တွေ ဒီလိုအေးချမ်းမှုမျိုးမရခဲ့တာ၊ ဒီလိုစိတ်အေးချမ်းမှုမျိုးရှိမနေခဲ့တာပါ။ ကျွန်မရဲ့စိတ်အေးချမ်းမှုတွေက မောင်နဲ့အတူပါသွားခဲ့တယ်ထင်ပါရဲ့။ မောင့်ရဲ့အရိပ်အပိုင်းအစလေးကတောင်ကျွန်မရဲ့စိတ်ကိုနွေးထွေး စေတတ်ခဲ့တာမျိုး။ မောင်ပြန်ရောက်လာတာ ကျွန်မဘဝထဲမဟုတ်ခဲ့တာတောင်မှ မောင် ကျွန်မရဲ့အနီးအနားမှာရှိတယ်လို့တွေးမိရုံနဲ့တင် စိတ်ကခွန်အားရလို့ နေ့သစ်တွေအတွက်ရှင်သန်ရတာ အဓိပ္ပာယ်ပိုရှိလာတယ်ထင်ခဲ့မိတာ။

"သို့ .....  အတိတ်က..... "  [Complete]Where stories live. Discover now