အပိုင်း ၁၁

1.6K 117 2
                                    

မျက်လုံးဖွင့်လိုက်သည်ဆိုလျှင်ဖြင့် စိမ်းသက်လွန်းနေသည့် အဖြူရောင်မျက်နှာကျက်မှာ ဆူရာ့ကို ခြောက်ခြားသွားစေသည်။ တစ်ကိုယ်လုံး ကိုင်ရိုက်ထားသလို ကိုက်ခဲနာကျင်မှုကြောင့် လူက နုံးချိနေသည်။ အားယူပြီး ထထိုင်လိုက်တော့ လျှောချသွားသည့် စောင်ကြောင့် တစ်ကိုယ်လုံး လစ်ဟာသွားသလို ခံစားလိုက်ရသည်။

တစ်ကိုယ်လုံး ကြက်သီးမွှေးညင်းထသွားကာ ကိုယ့်ကိုယ်ကိုယ် ငုံ့ကြည့်လိုက်တော့ ဆူရာ မျက်လုံးတို့ ပြူးကျယ်သွားရသည်။ အဝတ်မဲ့နေသည့် ခန္ဓာကိုယ်ကို စောင်ဖြင့် အမြန်လွှမ်းခြုံလိုက်ပြီး မရေရာသလို ဝိုးတိုးဝါးတားအဖြစ်တွေမှာ တရေးရေးတရိပ်ရိပ်။ ကြီးမားလွန်းသည့် မျက်ရည်ထုတွေက တာတမံကျိုးသလို ပါးပြင်ပေါ်သို့ အပြေးအလွှား ခုန်ဆင်းလာသည်။

ကျွန်မ ဘာလုပ်ခဲ့မိသလဲ။ ရှက်လဲရှက် ကြောက်လဲကြောက်ပြီး ရွံရှာမိသည်။ ထိတ်လန့်ခြင်းကြောင့် ကျွန်မကိုယ်လေး တဆတ်ဆတ်တုန်ရင်လာခဲ့သည်။

"ငါရူးနေလို့လား၊ ငါရူးသွားတာဖြစ်မယ်”

"ဒုန်း၊ ခွမ်း”

စားပွဲပေါ်ရှိ ပစ္စည်းတွေကို နံရံသို့ ပစ်ခွဲပစ်လိုက်သည်။ ကိုယ့်ခေါင်းကိုကိုယ် အဆက်မပြတ်ထုရိုက်နေမိသည်။

ရှက်ရွံခြင်း၊ ရွံမုန်းခြင်း၊ ထိတ်လန့်ခြင်း၊ ဝမ်းနည်းနာကျင်ခြင်း၊ ယူကြုံးမရဖြစ်ခြင်းတို့က ဆူရာ့ရင်ထဲ အသည်းထဲမှာအစိုင်အခဲထုကြီးလို တရိပ်ရိပ်တက်လာရင်း အသက်ရှူကြပ်လာမိသည်။

ကျွန်မ ဘဝကို ကျွန်မကိုယ်တိုင်ဖျက်စီးမိပြီ။ ကျွန်မ ဘယ်လိုမှ ပြင်လို့မရသော အမှားတစ်ခုကို ကျူးလွန်မိပြီ။

တီခနဲဝင်လာသော messageသံကြောင့် ဖုန်းကို ကပျာကယာရှာလိုက်သည်။ ကုတင်အောက်ကို လွင့်ပစ်ထားသည့် ဖုန်းကို ကောက်ယူလိုက်ပြီး ဖွင့်ကြည့်လိုက်သည်။

💬နင်ဘယ်ရောက်နေတာလဲဆူရာ💬

💬ငါ မနက်ထဲက နင့်အိမ်ရောက်နေတာ ငါမနက်စာလုပ်ထားတယ် မြန်မြန်လာစားပါတော့ အေးသွားလို့ ပြန်ပြန်နွေးနေရတာ ဘယ်နှစ်ကြိမ်ရှိပြီလဲ💬

အငြိုး/အၿငိဳးWhere stories live. Discover now