အပိုင်း ၁၉

1.6K 129 3
                                    


အကျဉ်းထောင် အားကစားလုပ်တဲ့ကွင်းပြင်ရဲ့ဘယ်ဘက်ထောင့်တွင် သိပ်လှတဲ့ချယ်ရီပင်လေးတစ်ပင်ရှိသည်။ဤချယ်ရီပင်လေးမှာ ချယ်ရီပန်းလေးတွေ လှပဖူးပွင့်ဝေဆာလာလိုက် တဖြည်းဖြည်းနှင့် ချယ်ရီပန်းလေးတွေ မြေပေါ်ကြွေကျသွားလိုက် ချယ်ရီပင်လေးကို ဆီးနှင်းဖွေးဖွေးတွေက ဖုံးလွမ်းသွားလိုက် တောက်ပတဲ့နေရောင်ခြည်က ချယ်ရီပင်လေးပေါ်ဖြာကျသွားလိုက်။ ရာသီစက်ဝန်း တဖြည်းဖြည်းကူးပြောင်းကာ ချယ်ရီပန်းတွေ ဘယ်နှစ်ကြိမ်ပွင့်ပြီး ဘယ်နှစ်ကြိမ်မြေပေါ်ကြွေကျသွားပြီလဲဆိုတာ ကျွန်မလက်ချိုးရေတွက်နေရင်းနဲ့ကို မမှတ်မိနိုင်တော့ပေ။

အုတ်တံတိုင်းရဲ့အပြင်ဘက်မှာရော ချယ်ရီပင်လေးတွေ အများကြီးရှိနေမှာလား။ သူမလာမယ့်လမ်းမှာ ကြိုစောင့်နေကြသလား။ အချိန်တွေက သိပ်ကြာသွားခဲ့ပြီ။ အရင်ချိန်တွေကိုလည်း ပြန်မရနိုင်တော့သလို အရင်လိုလည်း ပြန်မဖြစ်နိုင်တော့ဘူး။ အခန်းထဲကထွက်ခွင့် မိနစ်သုံးဆယ်ပေးတဲ့အချိန်တိုင်း ကျွန်မ ဒီချယ်ရီပင်လေးအောက်မှာ လာထိုင်ရင်း သူမ လာမဲ့နေ့ကို စောင့်နေမိသည်။

ကျွန်မသိပ်ရူးတာပဲနော်။ ဒီလောက်နှစ်တွေကြာနေပြီ။ သူမလာတွေ့မယ်လို့ယုံကြည်နေတုန်းပဲ။ ညီမလေးက ပြောတယ်။ သူမ,မအားလို့ပါ အလုပ်များနေလို့ပါတဲ့။ ညီမလေးရဲ့မျက်လုံးကို ကြည့်ပြီး လိမ်နေတယ်ဆိုတာ ရိပ်စားမိပါတယ်။ ဒါပေမယ့် အဲဒီအလိမ်စကားကိုပဲ ကျွန်မယုံကြည်နေပြန်ရော။

”ကျေးဇူးပြုပြီး တစ်ခါလောက်လေးပဲ လာတွေ့ပေးလို့မရဘူးလားဂျောင်ဆူရာ၊ တစ်ခါတည်းပါ”

စက္ကန့်နဲ့အမျှသတိရနေတဲ့စိတ်တွေက ကျိုးကြေနေပြီဖြစ်သလို လွမ်းလို့ကျနေတဲ့မျက်ရည်တွေကလည်း အထီးကျန်ဆန်လွန်းလှသည်။ နှလုံးသားတစ်ချက်ခုန်လိုက်တိုင်း ကျွန်မရင်ထဲမှာ တဆစ်ဆစ်နဲ့ နာကျင်နေသည်။

ထောင်ထဲမှာ ဒီလိုအားတင်းထားနိုင်တာ သူမစိတ်တစ်ခုတည်းနဲ့ရယ်။ ကျွန်မ သူမမျက်နှာလေးကို အဝေးကနေပြီး ခဏလောက်ဖြစ်ဖြစ် တွေ့ခွင့်ရမယ်ဆိုရင် အနှောင်အဖွဲ့မရှိ သေနိုင်ပြီ။

အငြိုး/အၿငိဳးWhere stories live. Discover now