အပိုင်း (၁) Unicode

4.3K 343 7
                                    

နေဝင်ချိန်ကောင်းကင်ယံက သွေးရောင်ချင်းချင်းနီလျက်။

တိုက်ပွဲကြီး၏ အဆုံးသတ်ကား နီးကပ်လာလေပြီ။

သွမ့်လင်က ထျန်းကျွယ်ဂိုဏ်း၏ လက်ယာစောင့်ရှောက်သူနှင့် တိုက်ခိုက်နေပြီး နောက်ဆုံးဓားချက်နှင့်အတူ ဦးခေါင်းကို ပိုင်းဖြတ်လိုက်ရာ စင်ထွက်လာသော သွေးများက သူ၏ ခန္ဓာနှင့်မျက်နှာတို့ကို စွန်းပေသွားသည်။ သူ ကိုယ်တိုင်လည်း ဒဏ်ရာရထားသည့်တိုင် တိုက်ခိုက်နိုင်စွမ်းက မြင့်မားနေဆဲဖြစ်၏။ ထို့ကြောင့် ဒဏ်ရာကုသရန် ပြန်မဆုတ်ပါဘဲ အခြားသူများနှင့်အတူ မိစ္ဆာဂိုဏ်း၏ လက်ကျန်အပေါင်းအပါတို့ကို ဖမ်းဆီးရန် ထွက်ခွာလာခဲ့သည်။

တိုက်ပွဲအဆုံးတွင် ဆယ်စုနှစ်တစ်ခုတိုင် ထကြွသောင်းကျန်းနေခဲ့သော ထျန်းကျွယ်ဂိုဏ်းက အကြီးအကျယ်အထိနာသွားပြီး နောင်တွင် လောကတခွင်ဆူပူအောင် ဘေးဒုက္ခပေးနိုင်တော့မည်မဟုတ်ချေ။

သွမ့်လင်က သက်ပြင်းရှည်ကြီးကို ရှိုက်ထုတ်လိုက်စဥ် နံဘေးမှ တစ်စုံတစ်ယောက်၏ အော်သံကို ကြားလိုက်ရ၏။

"ဒီကျောက်ပြားရဲ့ အောက်မှာ လျှို့ဝှက်လမ်းရှိတယ်!"

လူအများက စုဝေးလာပြီး ကြည့်လိုက်ကြသောအခါ ကျောက်ပြား၏ အောက်တွင် ယန္တရားတစ်ခု အမှန်တကယ်ရှိနေပြီး တွင်းနက်ကြီးတစ်တွင်း ပေါ်ထွက်လာသည်။ ထိုတွင်း၏ အနက်က မည်မျှတိုင်သည်ကို မမြင်ရသလို မည်သည့်နေရာသို့ ဦးတည်ကြောင်းလည်း မသိရပေ။

တစ်ဦးက ခန့်မှန်းလိုက်သည်။

"မဟုတ်မှလွဲရော မိစ္ဆာဂိုဏ်းရဲ့ ရတနာတွေ သိုဝှက်ထားတဲ့နေရာများဖြစ်နေမလား"

အခြားတစ်ယောက်က ဆို၏။

"မိစ္ဆာဂိုဏ်းရဲ့ ဂိုဏ်းချုပ်က သေသွားပြီ။ လက်ယာစောင့်ရှောက်သူကလည်း ခေါင်းဖြတ်ခံလိုက်ရပြီ။ လက်ဝဲစောင့်ရှောက်သူတစ်ယောက်ပဲ လွတ်သွားတာလေ။ ကြားမိတာတော့ သူက ဉာဏ်များပြီး ပရိယာယ်ကြွယ်တဲ့သူတစ်ယောက်တဲ့။ ဒီလျှို့ဝှက်လမ်းကို သုံးပြီး ထွက်ပြေးသွားမလား အတပ်မပြောနိုင်ဘူး"

ကျိုးပဲ့သစ်ကိုင်းငယ်Where stories live. Discover now