အပိုင်း (၃) Unicode + Manhua

1.8K 243 15
                                    

သတင်းကောင်းလေး အရင်ပါးချင်တာကတော့ Broken Branch ရဲ့ Manhua ထွက်ပါပြီ။ အဆုံးမှာ​ပုံတွေထည့်ပေးထားပါတယ်။

••••••••••

ညဥ့်ကားနက်လှချေပြီ။

ဤညကျော်လွန်မှသာ ၁၅ ရက်နေ့ (လပြည့်နေ့) ရောက်မည်ဖြစ်၍ လမင်းကြီးကအပြည့်အဝလုံးဝန်းမနေသေးပေ။ အနားသတ်တို့က အတန်ငယ်မှုန်ဝါးကာ အရောင်မှာလည်း စိတ်ခြောက်ခြားဖွယ် နီစွေးနေသည်။

တောင်ပေါ်တောအုပ်ထဲတွင်တော့ မြူတစ်လွှာဖုံးလွှမ်းနေသည်။

ပြေးလွှားနေစဥ် သွမ့်လင်ရှိုက်ထုတ်လိုက်မိသည့်လေပူတို့က မြူများကိုဖယ်ခွာသွားစေပြီး မိမိရှေ့မှပြေးနေသူကို ပြတ်သားစွာမြင်လိုက်ရသည် ... ထိုသူက မည်သည့်နေရာတွင် ခြေချော်ကျလာသည်မသိ၊ တစ်ကိုယ်လုံးရွှံ့များပေရေနေကာ ခြေဗလာဖြစ်၍ ဒဏ်ရာဒဏ်ချက်အချို့လည်း ​​ထင်ကျန်နေသေးသည်။ နက်မှောင်သောဆံပင်များကို စည်းနှောင်ရန်အချိန်မမီခဲ့၍ ပခုံးနှစ်ဖက်နှင့်ကျောပေါ်သို့ ဖြာကျနေ၏။

သူက သွမ့်လင်ကို ညဥ့်နက်သန်းခေါင်တွင်လာနှိုးခဲ့ပြီး သွမ့်လင်ကအနည်းငယ်ဇဝေဇဝါအခြေအနေတွင်ရှိနေဆဲဖြစ်သည်။ သူသိသမျှက မနက်ဖြန်တွင် မိစ္ဆာဂိုဏ်းချုပ်က မိမိကိုသိုင်းပညာစုပ်ယူတော့မည်ဖြစ်၍ အသက်ဘေးမှလွတ်ရန် ညတွင်းချင်းထွက်ပြေးရမည်ဆိုသည်ကိုပင်။

အရာအားလုံးက အလုံးစုံရှုပ်ထွေးအလျင်လိုနေသည့်တိုင် သူ့အားဆုပ်ကိုင်ထားသည့်လက်မှာတော့ အားအင်အပြည့်နှင့်နွေးထွေးနေခဲ့သည်။

အချိန်အတော်ကြာပြေးလာခဲ့ပြီးနောက် ထိုလူက ခြေလှမ်းတို့ကိုတုံ့ခနဲရပ်လိုက်ပြီး သွမ့်လင်ကိုလှည့်ကြည့်လာသည်။

"ရှေ့မှာအစောင့်ရှိတယ်၊ တစ်ယောက်တည်းဆက်သွားတော့နော်"

သွမ့်လင် ထိတ်လန့်သွားသည်။

"ခင်ဗျားရော အတူမလိုက်ဘူးလား"

ထိုသူက ခေါင်းယမ်းလိုက်ပြီး နက်မှောင်သောတံဆိပ်ပြားတစ်ခုကို သွမ့်လင်၏ရင်ဘတ်ထဲသို့ ထည့်ပေးသည်။ သူ့အသံမှာ ပုံမှန်အားဖြင့် နူးညံ့သိမ်မွေ့သော်လည်း ဤညတော့ပြေးလွှားခဲ့ရ၍ဖြစ်မည်။ အသံက အနည်းငယ်ပိုနက်နေခဲ့၏။

ကျိုးပဲ့သစ်ကိုင်းငယ်Where stories live. Discover now