🚨 အပိုင်း (၄) Unicode

2.8K 250 19
                                    

သွမ့်လင်မှာ ပထမအံ့အားသင့်မှုမှ ပြန်သတိဝင်မလာသေး၊ နောက်တစ်ကြိမ်ရိုက်ချက်ပြင်းပြင်းကို ခံစားလိုက်ရပြီး ကြက်သေသေကာ အသံမထွက်နိုင်တော့ပေ။

"ယောက်ျား"

အမျိုးသမီးက နီမြန်းသောနှုတ်ခမ်းလွှာတို့ကိုဖွင့်ဟ၍ ပြုံးရယ်ကာဆိုသည်။

"ဧည့်သည်တွေရောက်နေတာကို ဘာလို့အိမ်ထဲဝင်မထိုင်ခိုင်းတာလဲ"

"ကိုယ့်ရဲ့အစ်ကိုကြီးလာတာ"

"အစ်ကိုကြီး၊ နောက်ဆုံးတော့ ရောက်လာပြီပဲ။ ရှိုးယန်က အစ်ကိုကြီးကို နေ့တိုင်းသတိရနေရှာတာ"

ထိုအမျိုးသမီးက ကိုယ်ကိုကိုင်းညွှတ်ကာ အရိုအသေပေးလိုက်ပြီးနောက် သွမ့်လင်ကို ကြည့်၍ -

"ဒီက..."

"ဒီသခင်လေးသွမ့်က ကိုယ့်အစ်ကိုကြီးရဲ့ ရှစ်တိလေ။ ကိုယ့်ရဲ့မိတ်ဆွေဆိုလည်းဟုတ်တယ်"

"သခင်လေးသွမ့်"

သွမ့်လင်၏လည်ချောင်းထဲတွင် တစ်စုံတစ်ရာတစ်ဆို့နေသလို မြိုမရထွေးမရနှင့် ခက်ခက်ခဲခဲတုံ့ပြန်လိုက်သည်။

".....သခင်မလု"

တိုတောင်းသော အနှီစကားလုံးတို့က သူ့နှလုံးသားကို ဖဲ့ခြွေယူလိုက်သလိုပင်။

ထို့နောက် ဘာဆက်ပြောဖြစ်ကြသည်ကို သွမ့်လင်မသိတော့။ ကလေးငယ်က စကားတစ်ခွန်းပြောလိုက်ပြီး တစ်မိသားစုလုံး ပွဲကျသွားသည်ကိုသာ သိလိုက်ပါ၏။ လုရှိုးယန်က နံဘေးမှ အမျိုးသမီး၏လက်ကို အသာပုတ်ပေးလိုက်ပြီး ဇနီးမောင်နှံနှစ်ဦးက ချစ်ခင်စုံမက်ကာ ပျော်ရွှင်ရယ်မောနေကြလေသည်။

ထို့နောက် အိမ်ထဲသို့ ထမင်းစားဖိတ်ခံလိုက်ရသည်။ ဧည့်သည်ရောက်မည်ကိုမသိသဖြင့် သခင်မလုက ရိုးရိုးရှင်းရှင်းအိမ်ဟင်းနှစ်ပွဲကိုသာ ချက်ထားမိ၏။ ဟင်းများကဖွယ်ရာပါသော်လည်း သွမ့်လင်မှာ အရသာမခံနိုင်ရှာ။ ဝင်ရုံသာစားလိုက်ပြီး စကားတစ်ခွန်းပင်မဆိုနိုင်တော့ချေ။

အိမ်တွင် အခန်းနှစ်ခန်းသာရှိသဖြင့် အိပ်ရာဝင်ချိန်တွင် သွမ့်လင်က လုရှိုးဝမ်နှင့် တစ်ခန်းတည်းအတူနေလိုက်ရသည်။ သူက အခန်းထဲသို့ ဝင်ဝင်ချင်း တိတ်ဆိတ်နေပြီး စားပွဲပေါ်မှဖယောင်းတိုင် တဖြည်းဖြည်းအရည်ပျော်သွားသည်ကို စိုက်ကြည့်နေသည်။ ထို့နောက် ရုတ်တရက်ပြောလိုက်၏။

ကျိုးပဲ့သစ်ကိုင်းငယ်Where stories live. Discover now