အပိုင်း (၁၂) Unicode

1.7K 275 97
                                    

တစ်စုံတရာကို သွမ့်လင် ရှာဖွေနေမိသည်။

ထိုအရာက မည်သည်ဖြစ်ကြောင်းကိုမူ သူမသိချေ။ သူက တံခါးချပ်များစွာနှင့် ပြတင်းတံခါးများစွာကို ဆက်တိုက်တွန်းဖွင့်ပြီး မနားတမ်းရှာဖွေနေမိ၏။ ထိုအရာက သူ့အတွက် လွန်စွာအရေးပါလှပြီး ယခုထက်တိုင် ရှာမတွေ့သေးသဖြင့် သူ့စိတ်ထဲတွင်လစ်ဟာနေခဲ့သည်။

ထို့နောက် တံခါးတစ်ချပ်ကို သူတွန်းဖွင့်လိုက်ချိန်တွင် ပင်လုံးပြည့်ဖူးပွင့်နေသည့် မက်မွန်ပန်းများကို မြင်တွေ့ရလေ၏။

နွေဦးဝင်စကာလဖြစ်လိမ့်မည်။ အကိုင်းများထက်တွင် ပန်းပွင့်တို့ဝေဆာစွာဖူးပွင့်နေပြီး မက်မွန်ပွင့်တို့က ပန်းသွေးရောင်တောက်ကာ သစ်ကိုင်းများကစိမ်းလန်းနေသည်။ အရောင်အသွေးစုံလင်လှပါ၏။ ထိုအခိုက်တွင် လေ​ပြည်တစ်သုတ်က ဝေ့ဝဲတိုက်ခတ်လိုက်ရာ ပန်းပွင့်များ တဖွဲဖွဲကြွေကျလာပြီး မြေပြင်ထက် ပြန့်ကျဲသွားတော့သည်။

အပင်အောက်တွင် အနက်ရောင်ဝတ်ရုံကိုဆင်မြန်းထားသည့်လူတစ်ဦး ထိုင်နေပြီး မက်မွန်ပွင့်ကိုလက်ထဲဝယ်ကိုင်လျက် ဆော့ကစားနေ၏။ မက်မွန်ပွင့်အချို့က သူ့ပခုံးထက်သို့သက်ဆင်းလာသောအခါ ထိုသူက သွယ်လျသည့်လက်ချောင်းများဖြင့် အသာအယာဖယ်လိုက်သည်။ ထို့နောက် မျက်လုံးများကို မှေးစဥ်း၍ ခပ်ဖွဖွပြုံးရယ်လိုက်ပုံက နွေဦးရှူခင်းထက်ပင် လူကို ပို၍စိတ်လှုပ်ရှားစေတော့သည်။

ထိုအပြုံးက သွမ့်လင်၏ရင်ထဲတွင် ပြည့်နှက်သွားပြီး ရင်တွင်းတစ်နေရာမှ ကျယ်လောင်စွာ ပဲ့တင်မြည်ဟီးလာလေ၏။

သူ ရှာနေသည့်လူကို ရှာတွေ့ခဲ့လေပြီ။

သူက အလျင်စလိုမပြုတော့ဘဲ ခြေလှမ်းများကိုဖြည်းညင်းလိုက်ကာ အသံမထွက်စေရန်သတိမူ၍ ဆက်လျှောက်သွားသည်။ ထိုလူနှင့် တဖြည်းဖြည်းနီးကပ်လာပြီး ပြေးမလွတ်နိုင်တော့မည့်အကွာအဝေးရောက်လေမှ လက်ကိုဆန့်ထုတ်၍ သူ၏ကျောပြင်ကို ထွေးပွေ့လိုက်တော့သည်။

အနှီလူက ထိတ်လန့်သွားပြီး လက်ထဲမှမက်မွန်ပွင့်သည်လည်း မြေသို့ခသွားလေ၏။ သူက နောက်သို့လှည့်ကြည့်လာပြီး သွမ့်လင်ကိုမြင်သောအခါ ရယ်မောလိုက်သည်။

ကျိုးပဲ့သစ်ကိုင်းငယ်Where stories live. Discover now