အပိုင်း (၁၃) Unicode

1.5K 229 43
                                    

​ခြောက်လပိုင်း သုံးရက်နေ့က ဤနှစ်၏အပူပြင်းဆုံးနေ့တစ်နေ့ပင်။

အိမ်ပြင်ဘက်တွင် လေပြည်တိုက်ခတ်ခြင်းအလျဥ်းမရှိဘဲ ပုစဥ်းရင်ကွဲတို့၏ အသံများပင်လျှင် အားအင်ချိနဲ့နေသည်။

သွမ့်လင်က မနက်အစောပိုင်းတည်းကပင် တောအုပ်ထဲ၌ ဓားသိုင်းကျင့်နေ၏။

သူလေ့ကျင့်နေသည်က သွမ့်အိမ်တော်၏ကျီဖုန်းဓားသိုင်းဖြစ်သည်။ ဓားချက်တို့က လေပြင်းမုန်တိုင်းသဖွယ်ထင်မှတ်ရပြီး အရပ်လေးမျက်နှာ၌ ဓားသိုင်းကျင့်စဥ်၏အရိပ်များကို ထင်ကျန်ရစ်စေသည်။ သွမ့်လင်၏အမူအရာက မတုန်မလှုပ်တည်ငြိမ်နေပြီး မျက်ဝန်းအကြည့်များက ဓားသွားထက်ပို၍ စူးရှလျက် ဓားဦးညွှန်လိုက်ရာအရပ်တိုင်းတွင် လေပြင်းတစ်ချက်က အတူကပ်ပါလာတတ်၏။ ရုတ်တရက် သူက လက်ကောက်ဝတ်ကိုလှည့်၍ ဓားကိုနောက်ပြန်ပစ်လွှတ်လိုက်သည်။

ထိုဓားက အရှိန်ဖြင့် ပျံဝဲသွားပြီး သူ့နောက်ကျောဘက်ရှိ သစ်ပင်၏ပင်စည်ထဲသို့ စိုက်ဝင်သွားသည်။

ကနဦးက သစ်ပင်နောက်တွင် ပုန်းကွယ်နေသည့် လူငယ်လေးက ထိတ်လန့်စွာ အော်ဟစ်လိုက်ပြီး လှုပ်ခါနေဆဲဖြစ်သည့်ဓားကိုကြည့်ကာ ရင်ဘတ်ကိုဖိရင်း ပြောလာသည်။

"အစ်ကိုကြီးသွမ့်၊ ကျွန်တော်ရောက်နေတာကို အစောတည်းက သိနေတာလား"

သွမ့်လင်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး -

"အဲဒီလိုသာမဟုတ်ရင် ခုနက ဓားက မင်းလည်ပင်းကိုဖောက်သွားလောက်ပြီ"

လျိုရိက လည်ပင်းကို ကျောချမ်းစွာပွတ်သပ်လိုက်ပြီးနောက် ရယ်ရယ်မောမောဆိုသည်။

"အစ်ကိုကြီးသွမ့်ရဲ့ သိုင်းအတတ်က တဖြည်းဖြည်းပိုကောင်းလာတော့တာပဲ"

သွမ့်လင်က လက်​ကိုမြှောက်၍ နဖူးမှချွေးများကိုသုတ်လိုက်သည်။

သူ၏မျက်နှာက ချောမောခံ့ညားသော်လည်း မျက်လုံးအကြည့်တို့က ဓားအိမ်မှဆွဲထုတ်လိုက်သည့် ဓားတစ်ချောင်းလို စူးရှနေပြီး ကြည့်မိသူကို ထိတ်လန့်စေနိုင်သည်။

ကျိုးပဲ့သစ်ကိုင်းငယ်Where stories live. Discover now