အပိုင်း (၇) Unicode

1.4K 250 26
                                    

ခြေသံတို့က မညင်သာသလို ကြမ်းတမ်းခြင်းလည်းမရှိပေ။ မြေပေါ်နင်းလိုက်ချိန်တွင် သစ်ရွက်ကြွေတို့၏ တချွတ်ချွတ်မြည်သံကိုကြားနိုင်၏။ ထိုခြေသံအရ သိုင်းပညာရှင်တစ်ဦးဖြစ်မည်ကို သွမ့်လင်ရိပ်စားမိလိုက်သည်။ သို့သော် ညဉ့်နက်သန်းခေါင်တွင် ဆေးခတ်ပြီးမှ ရောက်လာပုံကိုထောက်လျှင် လွန်စွာကောက်ကျစ်ပြီး ရည်မှန်းချက်ပြည့်ရန် ဘာမဆိုလုပ်ဝံ့သူဖြစ်လိမ့်မည်။

သွမ့်လင်က ဝိညာဉ်လိုက်ရနံ့ကို ရှုရှိုက်ပြီးဖြစ်ကာ အတွင်းအားတို့က ပျောက်ကွယ်နှင့်လေပြီ။ အချိန်ကိုတွက်ချက်ကြည့်သောအခါ မိုးသောက်ချိန်နီးလေမှ သူ၏ဓားသိုင်းအတတ်ကို ပြန်ရနိုင်မည်ဖြစ်၏။ ထွက်ပြေးရန်လည်း အချိန်မမီတော့ပေ။ ထို့ကြောင့် .....

သွမ့်လင်က တခဏတွေးလိုက်ပြီး လှည်းထဲမှနှစ်ဦးကို ပြောလိုက်သည်။

"လှည်းပေါ်က အမြန်ဆင်းကြ"

လျိုရိကလည်း အဆိပ်မိထား၍ လှည်းပေါ်မှ ဒယိမ်းဒယိုင်ဆင်းလာသည်။ လုရှိုးဝမ်ကမူ ပုံမှန်အတိုင်းသာဖြစ်သည်။ သူ့ခန္ဓာကိုယ်က အတွင်းအားမရှိသဖြင့် ဝိညာဉ်လိုက်ရနံ့၏လွှမ်းမိုးထိန်းချုပ်ခြင်းမခံရပေ။

သွမ့်လင်က မဆိုင်းမတွဆုံးဖြတ်ပြီး ခေါ်လိုက်သည်။

"ညီလေးလျို"

"ဟုတ်ကဲ့"

"မင်းရဲ့ အစ်ကိုကြီးလုကိုခေါ်ပြီး ဆရာဝေ့ရဲ့အိမ်ကိုပြန်သွား။ မှတ်ထားနော်၊ တိတ်တိတ်ဆိတ်ဆိတ် ပုန်းလျှိုးပြီးသွားရမယ်။ လမ်းမှာ နည်းနည်းလေးတောင်အသံမထွက်စေနဲ့၊ နားလည်လား"

လျိုရိက ဓားကိုထုတ်၍ ပြန်ပြောသည်။

"နားလည်ပါပြီ"

ထို့နောက် ဆက်မေးလာ၏။

"ဒါဆို အစ်ကိုကြီးသွမ့်ကရော"

သွမ့်လင်က အသက်ကိုပြင်းပြင်းရှိုက်၍ရှူကာ မြင်းပေါ်တက်ပြီး ပြောလိုက်သည်။

"ကံကောင်းချင်တော့ လာတဲ့လူကတစ်ယောက်တည်းပဲ။ ငါသူ့ကို မျှားခေါ်သွားလိုက်မယ်။"

လျိုရိက သေရေးရှင်ရေးအခြေအနေကို ကိုယ်တွေ့ကြုံဖူး၍ အန္တရာယ်မည်မျှကြီးကြောင်း သိထားသည်။ သူက သတိပေးလိုက်၏။

ကျိုးပဲ့သစ်ကိုင်းငယ်Where stories live. Discover now