🚨 အပိုင်း (၁၅) Unicode

3.3K 266 75
                                    

နတ်ဆေးသမားတော်ဝေ့၏ရန်သူက အမှန်တကယ်အင်အားကြီးပုံပေါ်သည်။ လုရှိုးဝမ်အတွက် ဆေးညွှန်းရေးပြီးသည်နှင့် တစ်နေကုန်အောင် ဆက်မနေတော့ဘဲ အထုပ်အပိုးပြင်ကာ ခပ်သုတ်သုတ်ထွက်ခွာသွားတော့၏။ သွမ့်လင်နဲ့ လျိုရိလည်း အစနဂိုက ခရီးဆက်ရန်ပြင်ထားသည့်တိုင် ပထမအချက်အားဖြင့် လုရှိုးဝမ်တစ်ယောက် တိုးလာသလို ဒုတိယအချက်အနေဖြင့် လျိုရိ၏ဆရာဖြစ်သူ ရောက်လာတော့မည်ဖြစ်သည်။ ထို့ကြောင့် လူစုံမှသာဆွေးနွေးရန်တွေးလိုက်ပြီး တည်းခိုဆောင်တွင် ရက်အနည်းငယ်ဆက်နေဖြစ်ခဲ့၏။

ထိုကာလအတွင်း လုရှိုးဝမ်က အလိုရှိသလို စိတ်တိုင်းကျလှုပ်ရှားသွားလာနိုင်သော်လည်း တည်းခိုဆောင်အတွင်း၌သာ ဖြစ်သည်။ သွမ့်လင်နှင့် လျိုရိက သူ့ကို တစ်လှည့်စီစောင့်ကြည့်ကြပြီး နေအိမ်အကျယ်ချုပ်နှင့် တူလှပေ၏။ လုရှိုးဝမ်ကလည်း အရေးမစိုက်ပါချေ၊ သူက နေ့စဥ်နေ့တိုင်း ဗိုက်ဝအောင်စားသောက်ရသည့်အပြင် သွမ့်လင်ကိုလည်း ဟိုဟိုသည်သည် တောက်တိုမယ်ရ ခိုင်းခွင့်ရသေးသည်လေ။

သွမ့်လင်ကို လွှမ်းမိုးချုပ်ကိုင်နိုင်ခြင်းက လုရှိုးဝမ်၏မွေးရာပါ ပါရမီတစ်ခုဖြစ်လိမ့်မည်။ ပထမဦးစွာ ရာသီဥတုပူလွန်း၍ ရေခဲလိုချင်ကြောင်း ပြောသည်။ ထို့နောက် တခဏကြာသောအခါ မြို့အရှေ့ပိုင်းမှ ပဲစိမ်းစွပ်ပြုတ်ကို သောက်ချင်သည်ဟု ဆိုပြန်၏။ ပူပြင်းလှသည့်နေရောင်အောက်တွင် သွမ့်လင်ခမျာ ပြေးရင်းလွှားရင်း တစ်ကိုယ်လုံးချွေးများပင် ရွှဲနစ်နေတော့သည်။ သို့တိုင်အောင် လုရှိုးဝမ်က သူ့ကို ခိုင်းသည့်အလုပ်အား ကောင်းကောင်းမွန်မွန်မလုပ်နိုင်ဟု အပြစ်တင်သေး၏။ ဤသို့သော မောက်မာဝံ့ကြွားလှသည့်ပုံစံက လွန်ခဲ့သည့်ဆယ်နှစ်ကနှင့် တစ်ပုံစံတည်းပင်။

သွမ့်လင်လည်း အနည်းငယ်စိတ်အားလျော့လာမိသည်။

ယခင်အချိန်များတွင် လုရှိုးဝမ်ကသာ သူ့ကို ပစားပေးခဲ့ခြင်းဖြစ်၍ လုရှိုးဝမ် စိတ်ကျေနပ်အောင် မည်သို့ဆက်ဆံပေးရမည်ကို သူ မသိပါချေ။

သို့ရာတွင် လုရှိုးဝမ်က လျိုရိနှင့်မူ လွန်စွာသင့်မြတ်လှချေ၏။ လျိုရိက လုရှိုးဝမ်ကို သူ့ဆရာသခင်နှင့်တွေ့ဆုံမိတ်ဆက်ပေးပြီး ချင်းရှန်းဂိုဏ်း၏တပည့်အဖြစ်ခံယူကာ သူ့ရှစ်ရှုန်း (ဆရာတူအစ်ကို) ဖြစ်လာစေချင်သည်။ သွမ့်လင်က သေချာပေါက်သဘောတူလိမ့်မည်မဟုတ်ချေ။ သူတို့နှစ်ဦးသား ထိုကိစ္စလေးနှင့် အ​ပြန်အလှန်မျက်စပစ်မိကြပြီး သွမ့်လင်မှာ သဝန်တိုလွန်း၍ ချဥ်စူးနေတော့သည်။

ကျိုးပဲ့သစ်ကိုင်းငယ်Where stories live. Discover now