အပိုင်း (၁၆) Unicode

1.4K 179 40
                                    

အရုဏ်မတက်မီအချိန်သည်ကား တစ်နေ့တာ၏အမှောင်မိုက်ဆုံးသောအခိုက်အတန့်ပင်။

ညအမှောင်ထုလယ်တွင် လုရှိုးဝမ်က မျက်လုံးများကိုဖွင့်လိုက်သည်။

သွမ့်လင်က သူ့နံဘေးတွင် နှစ်ခြိုက်စွာ အိပ်မောကျနေ၏။

လုရှိုးဝမ်က တစ်ချက်ကြည့်လိုက်ပြီး စောင်ကိုဖယ်ကာ ကုတင်ပေါ်မှဆင်းလိုက်သည်။ သူ့ခန္ဓာထက်တွင် အချစ်သင်္ကေတအမှတ်အသားများ ကျန်ရစ်နေဆဲဖြစ်ပြီး ခါးတလျှောက်နာကျင်နေကာ ခြေအစုံကလည်းတုန်ယင်နေသည်။ သို့ရာတွင် သူ၏လှုပ်ရှားမှုများအပေါ် သက်ရောက်ခြင်းအလျဥ်းမရှိပါချေ။ သူက အဝတ်အစားများကိုပြန်ဝတ်ပြီး ကြမ်းပေါ်တွင်ကျနေသည့်ဆံထိုးကိုကောက်ယူလိုက်သည်။ ထို့နောက် အဖျားမှကျောက်စိမ်းကိုတစ်ချက်လှည့်လိုက်သောအခါ (ကျောက်စိမ်းက) အခေါင်းပေါက်ဖြစ်နေပြီး ပုစဥ်းတောင်တမျှသေးငယ်သည့် ဓား​ချွန်တစ်လက်ပေါ်ထွက်လာခဲ့သည်။ ဓားချွန်လေးက အလင်းအောက်တွင် အရောင်လက်နေပြီး အသွားမည်မျှထက်လှကြောင်း တစ်ချက်ကြည့်ရုံမျှဖြင့်သိနိုင်ပေသည်။

လုရှိုးဝမ်က သဘောခွေ့စွာပြုံးလိုက်ရင်း အနှီဓားချွန်ကိုကိုင်ထားလျက် အခန်းပြင်သို့ထွက်လာခဲ့သည်။

တည်းခိုဆောင်၏စင်္ကြံလမ်းက တိတ်ဆိတ်ငြိမ်သက်နေ၏။

လုရှိုးဝမ်က မနက်ပိုင်းတွင် နေရာအခြေအနေကို အကဲခတ်ထားပြီးဖြစ်သဖြင့် တုံ့ဆိုင်းခြင်းအလျဥ်းမရှိ တစ်ခန်းပြီးတစ်ခန်းဖြတ်လျှောက်လာပြီး စိတ်ထဲမှရေတွက်နေသည်။ တစ်၊ နှစ်၊ သုံး .....

သုံးအထိရေတွက်ပြီးနောက် အခန်းတစ်ခန်းရှေ့တွင် ခြေလှမ်းများကို ရပ်လိုက်သည်။

သူ အသက်အောင့်ထားရင်း အခန်းတွင်းမှလှုပ်ရှားမှုကို တခဏနားစွင့်ကြည့်ပြီး လက်ထဲမှဓားဖြင့် တံခါးကြားကိုထိုးကလန့်၍ ဖွင့်လိုက်သည်။ အခန်းတံခါးက အသံတိတ်တဖြည်းဖြည်းပွင့်သွား၏။ အခန်းထဲတွင် အလင်းရောင်ခပ်မှိန်မှိန်လင်းနေပြီး ကုတင်ပေါ်တွင် လှဲအိပ်နေသည့်လူတစ်ယောက်ကို မြင်နိုင်သည်။

ကျိုးပဲ့သစ်ကိုင်းငယ်Where stories live. Discover now