အပိုင်း (၅) Unicode

2K 235 12
                                    

သွမ့်လင် နောက်တစ်နေ့ နိုးလာချိန်တွင် နေမြင့်လှပြီဖြစ်သည်။

သူ့နံဘေးတွင် လူတစ်ယောက်လှဲနေ၏။ ထိုသူက နက်မှောင်သောဆံပင်ရှည်တို့ကို ကုတင်ထက်တွင် ဖြန့်ခင်းထားလျက် လက်တစ်ဖက်ဖြင့်မေးထောက်ကာ သူ့ကို ပြုံးစစကြည့်ရင်း ​ခေါ်လိုက်၏။

"အားလင်"

ပြီးခဲ့သောညက အဖြစ်အပျက်တို့ကို သွမ့်လင် တဖြည်းဖြည်းပြန်လည်မှတ်မိလာသည်။ သူ၏ ရေကဲ့သို့ကြည်လင်တောက်ပနေသော မျက်ဝန်းအကြည့်နှင့် နှုတ်ခမ်းစွန်းမှ ခပ်ရေးရေးအပြုံးကို မြင်သောအခါ မိမိနှလုံးသားထဲမှ လူမဟုတ်ကြောင်း နားလည်သွား၏။ ထိုတခဏတွင် ရေခဲဂူတွင်းကျရောက်သွားသလို သူ အေးစက်သွားခဲ့သည်။

"လုရှိုးဝမ်"

လုရှိုးဝမ်က ညီဖြစ်သူအယောင်ဆောင်နေခြင်းကို သူရိပ်မိကြောင်းသိသောအခါ အံ့သြသွားပြီး ဆိုလာသည်။

"အယ်၊ ရှစ်တိက ငါမှန်းသိနေပြန်ပြီလား"

သွမ့်လင်မှာ ချွေးစို့လာပြီး သူ အိပ်မက်ဆိုးမက်နေခြင်းဖြစ်ရန် ဆုတောင်းနေမိသည်။ သို့သော် နေမြင့်လှပြီဖြစ်ကာ နေရောင်ခြည်က သူ့ကိုယ်ပေါ်သို့ဖြာကျနေသည်။ အိပ်မက်တစ်ခု အဘယ်ဖြစ်နိုင်ပါအံ့။

သူက အသက်ကိုပြင်းပြင်းရှူလိုက်ပြီး တခဏကြာလေမှ ထုတ်မေးလိုက်သည်။

"မနေ့ညက .. ခင်ဗျားလား"

"သေချာပေါက် ငါပဲပေါ့"

လုရှိုးဝမ်က လက်ကိုဆန့်ထုတ်ကာ ရစ်ပတ်နေသော သူတို့နှစ်ဦး၏ဆံချည်မျှင်တို့ကို အသာဖြည်နေသည်။ သူ့အသံက အနည်းငယ်အက်ရှနေပြီး လွန်ခဲ့သောညက အငွေ့အသက်အချို့ကို သယ်ဆောင်လာ၏။

"ရှစ်တိရဲ့အားကတော့ သိပ်မဆိုးလှပါဘူး။ ဒါပေမဲ့ အရည်အချင်းကတော့ ညံ့လွန်းသေးတယ်။ နောက်ကျရင် ရှစ်ရှုန်းက မင်းဖတ်ဖို့ ကာမစပ်ယှက်နည်းစာအုပ်တွေဝယ်ပေးမယ်နော်"

သွမ့်လင်က ထိတ်လန့်ကာ ဒေါသထွက်နေပြီး စနောက်နေသည်ကိုပင် ဂရုမထားနိုင်တော့ပေ။ ထိုလူနှင့် အဝေးကိုသာ အမြန်ဆုံးထွက်သွားချင်မိနေသည်။ သူက ကြမ်းပေါ်တွင်ချွတ်ချထားသည့် နှစ်ဦးသား၏အဝတ်များကိုမြင်သောအခါ ကြုံရာကောက်ဆွဲ၍ဝတ်လိုက်၏။ ကံဆိုးလှစွာ သူဝတ်မိသည်က လုရှိုးဝမ်၏အဝတ်ဖြစ်နေတော့သည်။ ​သွမ့်လင်မှာ အဆိပ်ရှိသည့်မြွေ အပေါက်ခံလိုက်ရသည့်နှယ် အဝတ်ကိုအမြန်ပြန်ချွတ်က ခြေထောက်ဖြင့်နှစ်ကြိမ်တက်နင်းလိုက်၏။

ကျိုးပဲ့သစ်ကိုင်းငယ်Where stories live. Discover now