1.4K 81 3
                                    

" ချယ်ရီပန်းတွေက အရမ်းပဲ လှသလား အရုဏ်  "

" သိချင်ရင် လိုက်ကြည့်လေ "

မြေပြန့်သား သူ့အတွက် ချယ်ရီဆိုသည်မှာ ရုပ်ရှင် ဗီဒီယိုတွေထဲမှာသာ မြင်ဖူးသည့် ပန်း။ တောင်ပေါ်သား အရုဏ်အတွက်တော့ ထိုပန်းဟာ မြင်ရလွန်းလို့ ရိုးနေခဲ့သည့်အရာ။ ပန်းအကြောင်း စိတ်ဝင်တစားမေးကြည့်ပေမယ့် စာဖတ်နေသော အရုဏ်ဟာ လိုရင်းတိုရှင်း အဖြေတစ်ခုသာ ပေးခဲ့လေသည်။

အရုဏ်ဦး ဆိုသော လူတစ်ယောက်အား စတင်တွေ့ဆုံခဲ့သည်က မန်းဆေးတက္ကသိုလ်၏ ရင်ခွင်ရိပ်အောက်တွင်ဖြစ်သည်။အကယ်၍များ ထိုအချိန်က တောင်ကြီးဆေးတက္ကသိုလ်သာ ဖွင့်နေခဲ့မည်ဆိုလျှင် သူတို့နှစ်ဦး ဆုံစည်းခဲ့ကြမည်မဟုတ်ပေ။ သူနှင့်အရုဏ်ဦးဟာ မနီးစပ်နိုင်သော နယ်မြေတစ်ခုစီမှ မဟုတ်ပါလား။

" အရုဏ်  ငါ့ကိုလည်း တစ်ချက်ကြည့်ပါဦး "

" မိုးသောက်  ငါ စာဖတ်နေတယ်လေ  "

Date လုပ်မည်ဆိုပြီး ကော်ဖီဆိုင်တစ်ခုကို ရောက်လာခဲ့ပြီးမှ သူတစ်ယောက်တည်း ကော်ဖီထိုင်သောက်နေရကာ အရုဏ်ဦးကတော့ မျက်လုံးနှင့်စာအုပ်က မခွာတော့ပေ။

" ဒါလား date လုပ်တာ  တကယ် ပျင်းစရာကြီး  "

သူဘယ်လောက်ပဲ ညည်းညူနေခဲ့ပါစေ အရုဏ်ဦးကတော့ အေးတိအေးစက်သာ။ ထိုကဲ့သို့သော အကျင့်ကြောင့်ပင် နှစ်ဦးသား ဝေးကွာခဲ့ရခြင်းလည်း ဖြစ်နိုင်ပေသည်။

" ညီလေးရေ အမေရိကာနို နောက်တစ်ခွက်ပေးပါ  "

သူ့အမှာစကားကို ကြားတော့မှ အရုဏ်ဦးက ခေါင်းထောင်လာသည်။

" မင်း များနေပြီနော်  "

" နှစ်ခွက်ပဲ ရှိပါသေးတယ်  "

" အေး ပြီးတော့မှ ရောဂါဖြစ်ပြီး ငါ့ဆီ ရောက်မလာနဲ့  "

ကြင်ကြင်နာနာ တီတီတာတာ စကားမဆိုတတ်သော ချစ်သူကို ပိုင်ဆိုင်ထားရလျှင် အခြားသူတွေ ဘယ်လိုများနေကြသလဲ သူမသိ။ သူ့အတွက်တော့  အရုဏ်ဦးရဲ့ အေးတိအေးစက်အမူအရာဟာ အမေရိကာနို တစ်ခွက်လိုပင်။ ခါးသက်သက်ဆိုပေမယ့် တစိမ့်စိမ့်သောက်ချင်နေသည့်အရာ။ ကော်ဖီတစ်ခွက်နဲ့ ချစ်သူဟာ မျက်စိရှေ့မှာရှိနေလျှင် အရာရာပြီးပြည့်စုံပြီ ထင်ခဲ့ပေမယ့်ကြီးကြီးမားမားမဟုတ်သော ပြဿနာတစ်ခုကြောင့် ဆက်ဆံရေးဟာ ပြတ်တောက်သွားခဲ့ရသည်။

မောင့်ချယ်ရီ ဝေသောမြေ (Emergency Love Story)-Completed Where stories live. Discover now