၁၆

1.6K 98 7
                                    

ခန်းဆီးစပါးပါးဟာ လေတစ်ချက်တိုက်တိုင်း လွင့်ဝဲနေခဲ့သည်။ လရောင်အစား နေရောင်ခြည်နွေးနွေးက နေရာယူကာ ကန်ရေပြင်ကို အလှဆင်နေခဲ့ချေပြီ။  မွေ့ယာဖြူဖြူပေါ်တွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသူ အား စောင်းငဲ့ကြည့်ရင်း ခပ်စိပ်စိပ်တိုတိုမျက်တောင်တွေကို လက်ဖြင့်မထိတထိ သွားထိမိလိုက်သည်။နဂို အသားလတ်သည့် မိုးသောက်ဟာ ရှမ်းပြည်မှာအနေကြာ၍ အသားအရေ  ဖြူဝင်းသည့်ဘက်ကို ရောက်နေလေပြီ။လျော့တိလျော့ရဲ နက်ပြာရောင်ညဝတ်အင်္ကျီဟာ  ပိုလို့ပင် အသားဆောင်နေခဲ့သည်။ နဖူးပေါ်ကျနေသည့် ဆံပင်တွေကို လက်ဖြင့်အသာ ဆွဲဖွမိတော့ ခပ်စိပ်စိပ်မျက်တောင်တွေဟာ လှုပ်ခတ်လာပြီး  လှစ်ဟသည်ဆိုရုံကလေး ဖွင့်လာခဲ့သည်။

" နိုးပြီလား မိုးသောက် "

"အင်းးးး အခု ဘယ်နှစ်နာရီလဲ  "

" ၆ခွဲပဲရှိပါသေးတယ်   breakfast သွားစားဖို့ ထတော့မလား  "

သူ့အမေးကိုမဖြေပါဘဲ  ခါးကိုလာဖက်ကာ ပခုံးနားတိုးဝှေ့ရင်း ပြန်မှိန်းသွားသော မိုးသောက်ကြောင့် သူပါ အိပ်ရာထဲမှာ ခွေနေလိုက်မိသည်။ မိုးသောက်ရဲ့ ကျောပြင်ကို အသာပုတ်ပေးရင်း လူက အတွေးနယ်ချဲ့မိပြန်သည်။ သူတို့နှစ်ယောက် ယခုလိုမျိုး အတူမရှိရသည်မှာ နှစ်တွေအတော်ကြာခဲ့သည်ပင်။ မရေမရာသော အကြောင်းအရာတွေဖြင့် ဝေးကွာသလိုအခြေအနေမျိုးနှင့်ဘယ်လောက်တောင် အနေရခက်ခဲ့ရပါသလဲ။

သိတတ်စအရွယ်ကတည်းက ကျင့်ဝတ်တွေ၊စည်းမျဥ်းတွေဖြင့် ရှင်သန်လာခဲ့ရသော သူ့အတွက် မိုးသောက်ဟာ စည်းမျဥ်းကို သွေဖယ်စေခဲ့သူတစ်ယောက်။ ဘဝကိုအစီအစဥ်ချကာ ဖြတ်သန်းလာခဲ့ရတဲ့အခိုက်  မိုးသောက်ဟာ မထင်မှတ်ပဲ ဝင်ရောက်လာကာ သူ့ဘဝကို လှုပ်ရှားပြောင်းလဲစေခဲ့သည့်သူ။ မိုးသောက်ရဲ့အမြင်ကို သူမသိခဲ့သည်လည်း မဟုတ်ပေ။ မိုးသောက်က သူ့ကို အစီအစဥ်ဆွဲထားသည့်ဘဝထဲသို့ ပုံမှန်အတိုင်း ပြန်နေစေအောင် ကြံရွယ်ခဲ့သည်ပင်။ ခက်သည်က သူ။ သူကသာလျှင် ထိုပုံစံခွက်ဘဝထဲမှာ မွန်းကြပ်ကာ  အစီအစဥ်တကျ မနေချင်တော့ပေ။
ရှင်သန်ရာဘဝ ခဏလေးမှာတော့ ပျော်ရွှင်ရာကိုသာ ရွေးချယ်ပြီး နေလိုပါသည်။

မောင့်ချယ်ရီ ဝေသောမြေ (Emergency Love Story)-Completed Where stories live. Discover now