ကလောမြေရဲ့ည

1.2K 64 5
                                    

အမှောင်ရိပ်ထဲမှ တောင်တန်းနှင့်ထင်းရှူးပင်တို့ဟာ ညမီးရောင်တွေကြောင့် မှန်ပြတင်းကိုဖြတ်လျက် မပြတ်မသား လှမ်းမြင်နေရပေသည်။ တံခါးအလုံပိတ်ထားသော်လည်း အေးစိမ့်စိမ့် နှင့်မို့ ကလောမြို့က ပိုလို့အေးသည်ဟုပင်ယူဆရပေမည်။ လုံးချင်းငှားထားသည့် အိမ်လေးထဲတွင်မူ သူနှင့် အရုဏ်ဦးတို့သာ နှစ်ယောက်တည်းရှိနေခဲ့လေသည်။

ကျယ်ဝန်းသည့်အိပ်ခန်း၊ အသုံးအဆောင်ပစ္စည်းတွေကလည်း စုံစုံလင်လင်မို့ သာမာန်မိသားစုအိမ်တစ်လုံးလိုပင်ခံစားရပေသည်။ ဧည့်ခန်းဟုဆိုရမည့်နေရာတွင် စားပွဲခုံနှင့် ကုလားထိုင်များက သပ်သပ်တစ်နေရာ ၊ သုံးထပ်သားကြမ်းပြင်မြင့်ပေါ်မှာ ထိုင်စရာဖုံတစ်ခုစီနှင့် စားပွဲဝိုင်းအပုလေးက သီးသန့်ရှိနေလေသည်။ ထိုကြမ်းပြင်ဘက်တွင်မူ နံရံကို မှန်အပြည့်ကာထားသည်မို့ အိမ်ရှေ့မြင်ကွင်းနှင့် တောင်တန်းတွေကို ထိုင်ငေးကြည့်နိုင်ပေသည်။

ယခုမူ တစ်ဖက်နံရံကိုမှီကာ ကြမ်းပြင်ပေါ်ထိုင်ရင်း မှန်ပြတင်းဝမှတစ်ဆင့် အပြင်ဘက်ကို ငေးမောနေသည့် သူ့ရင်ခွင်ထဲတွင် အရုဏ်ဦးက အလိုက်သင့်လဲလျောင်းကာ ပြင်ပမှညရှုခင်းကို ကြည့်နေခဲ့သည်။ အရုဏ်ဦး၏ လက်ထဲတွင်မူ ဝိုင်ခွက်တစ်ခွက် က ရှိနေခဲ့သည်။ သူသောက်လက်စ ဝိုင်ခွက်ကတော့ ကြမ်းပြင်ပေါ်မှာ ချထားလျက်သားရှိနေခဲ့သည်။ ညဘက်ရောက်လေလေ ရာသီဥတုက ပိုအေးလာလေလေမို့ အသင့်ရှိနေသည့် စောင်တစ်ထည်ကို ဆွဲယူကာ နှစ်ယောက်အတူခြုံရင်း အရုဏ်ဦးရဲ့ ​ခြေဖျားတွေပါ လုံသွားအောင် လိုက်ဖုံးပေးနေမိသည်။

ဝိုင်မူးနေသည်ကြောင့်လားမသိ။ အရုဏ်ဦးက ဆိတ်ဆိတ်နေရင်းသာ သူလုပ်သမျှကို ကြည့်နေခဲ့သည်။ ရင်ခွင်ထဲမှီတွယ်နေသည့် သူကို တိုးကာ ထွေးဖက်လိုက်ရင်း နားသယ်စပ်နားကို တစ်ချက် နမ်းလိုက်ကာ မေးမိသည်။

" အေးနေသေးလား အရုဏ် "

" "

အရုဏ်ဦး စကားမဆို ၊ခေါင်းကိုသာရမ်းပြပြီး လက်ထဲက ဝိုင်ခွက်ကို ဘေးနားချလိုက်သည်။ ပြီးနောက် လက်စွပ် ဝတ်ထားသည့် လက်ကို မြှောက်ကာ ငေးကြည့်နေပြန်သည်။ သွယ်လျလျနှင့် ဖွေးသန့်နေသည့်လက်နှင့် လိုက်ဖက်နေသည့် လက်စွပ်ဟာ ယခုမှပင် ပိုင်ရှင်အစစ်မှန်ဆီရောက်သွားသည့်အလားပင်။ အချိန်ကြာအောင် လက်ကို ကြည့်နေသည်မို့ သူကပင် ထိုလက်တွေကို ဆွဲယူကာ ဆုပ်ကိုင်ထားမိတော့သည်။

မောင့်ချယ်ရီ ဝေသောမြေ (Emergency Love Story)-Completed Where stories live. Discover now