၁၂

1.4K 99 17
                                    

"ခင်ဗျားကို ဒီဗမာဆေးတွေမသောက်ဖို့ ပြောထားတာ ဘယ်နှစ်ခါရှိပြီလဲ  ဒီလိုသာဆက်လုပ်နေမယ်ဆိုရင် ကျွန်တော် မကုတော့ဘူး  ဆေးရုံဆင်းလိုက်တော့ "

ဖျားနာဆောင်ဘက်အရောက်မှာပင် ကြားလိုက်ရသည့် အရုဏ်ဦး၏လေသံခပ်မာမာကြောင့် သူ့မျက်ခုံးတွေ တစ်ချက်ပင့်တက်သွားရသည်။ စိတ်ရှည်နူးညံ့ပါသည့် ဒေါက်တာ အရုဏ်ဦး ကိုတောင် ဒေါသထွက်စေသည်ဆိုမှတော့ ထိုလူနာဟာ အတော့်ကို ပြောစကားနားမထောင်သည့် သူသာ ဖြစ်ပေမည်။ တံခါးဝမှာရပ်ရင်း ward ထဲကို လှမ်းကြည့်လိုက်တော့ အဆူခံရသည့် လူနာမှာ ခေါင်းငိုက်စိုက်ကျနေခဲ့သည်။ အနောက်ကလိုက်နေသည့် လက်ထောက်ဆရာဝန်နှင့် ဆရာမလေးများမှာ အရုဏ်ဦးရဲ့ ဒေါသကြောင့် လန့်နေကြသည့် ပုံပင်။

ဆေးမှတ်တမ်းတွေကို လက်ထဲကိုင်ကာကြည့်ရင်း တင်းမာနေသည့်မျက်နှာထားနှင့် သမားတော်ကို ကြည့်ရင်း ပြုံးမိသူမှာ သူတစ်ယောက်သာရှိပေမည်။ အရုဏ်ဦးရဲ့ စိတ်ကိုသိနေသော သူ့အတွက်တော့ ယခုပုံစံမှာ ထိုလူနာအတွက် အကောင်းဆုံးကုသပေးနိုင်မည့်နည်းလမ်းကိုတွေးတောနေသည့် အရုဏ်ဦးရဲ့ မျက်နှာထားမှန်း သိနေပြီးသားပင်။

စိတ်ကိုလျှော့လိုက်သော အရုဏ်ဦးဟာ ထိုလူနာ အမျိုးသားကြီးအား ရှမ်းဘာသာစကားဖြင့် စိတ်ရှည်လက်ရှည်ရှင်းပြနေလေတော့သည်။ လူနာမှာလည်း ခေါင်းတငြိမ့်ငြိမ့်နဲ့ သာ နားထောင်ရတော့သည်။ရှမ်းစကားကို တစ်လုံးတစ်လေသာ နားလည်သည့် သူ့အတွက်တော့ ဘာတွေပြောနေမှန်းတော့မသိနိုင်ခဲ့။ ၁၅မိနစ်ခန့် ဆက်တိုက်ပြောနေခဲ့ပြီးမှ တံခါးဝမှာရပ်နေသည့် သူ့ကို လှမ်းမြင်သည်။

" ဆရာမိုးသောက် ကျွန်တော့်အခန်းထဲဝင်ပြီး စောင့်နေလို့ရပါတယ် "

"အင်း အင်း ဟုတ်ပြီ "

ခွင့်ပြုချက်ရလေမှတော့ အရုဏ်ဦးရဲ့ရုံးခန်းအတွင်း စပ်စုလိုစိတ်နဲ့ဝင်ခဲ့တော့သည်။ သန့်ရှင်းသပ်ရပ်နေသည့် အခန်းငယ်ဟာ  စာအုပ်အများစုသာ နေရာယူထားပေသည်။ စားပွဲပေါ်တွင်မူ ဖတ်လက်စ စာအုပ်တစ်အုပ်ကို တင်ထားပေသည်။ နံရံကပ်ဗီရိုပေါ်ရှိ အစီအရီတင်ထားသော စာအုပ်တွေကို လျှောက်ကြည့်မိရင်း  ထောင့်တစ်နေရာတွင် ဖျတ်ကနဲမြင်လိုက်ရသည့် အရာကြောင့် သူ့မျက်နှာထက်တွင် အပြုံးတစ်ခုဖြစ်တည်လာရပြန်သည်။

မောင့်ချယ်ရီ ဝေသောမြေ (Emergency Love Story)-Completed Where stories live. Discover now