ငါကလူသားတစ်ယောက်မဟုတ်ဘူး

5.4K 304 4
                                    

Chapter 1

မနက်ခင်းဆီးနှင်းစက်များက မြက်ခင်းများထဲစိမ့်ဝင်သွားကာ ‌သစ်ပင်များအပေါ် နေရောင်ခြည်‌ဖြာကျနေပြီး သစ်ကိုင်းများပေါ်ရှိ စာကလေးငယ်လေးများက  သူတို့၏ အမွေးအတောင်များကိုခါကာ တကျီကျီတကျာကျာ အသံများဖြင့် အော်မြည်နေသည်။

" ကိုကြီး ညီမလေးတို့ကို ဘယ်တော့ထပ်လာတွေ့ဦးမှာလဲ..."

ဝက်ဝံရုပ်ကလေးကိုင်ထားသော ကောင်မလေးက ခေါင်းမော့ပြီး မျှော်လင့်တကြီးကြည့်ကာ မေးလိုက်သည်။

မေးခွန်းထုတ်ခံရသော လူငယ်လေးမှာ ကလေးများအကြား နာမည်ကြီးသူဖြစ်၍ သူ့ဘေးနားပတ်ပတ်လည်တွင် ကလေးများဝိုင်းနေသည်။ ကုဟွိုက်က ပြုံးပြလိုက်သည်။

" နောက်တစ်ပတ်လာမယ်လေ လက်ဆောင်တွေလည်း ယူခဲ့မယ်..." 

ဤနေရာက Aမြို့ ဆင်ခြေဖုံးမှ မိဘမဲ့ဂေဟာတစ်ခုဖြစ်သည်။ ကုဟွိုက်က ဘဏ္ဍာရေးပိုင်းတွင်း ထောက်ပံ့ပေးခဲ့သောကြောင့် ဂေဟာကို ယခုနောက်ပိုင်းတွင် ပြန်လည်ပြင်ဆင်နိုင်ခဲ့ပြီး ပတ်ဝန်းကျင်ကလည်း နွေးထွေးကာ သက်တောင့်သက်သာ ဖြစ်သွားခဲ့သည်။

ကုဟွိုက် ဤဂေဟာလေးကို ထောက်ပံ့ပေးနေခြင်းမှာ အထူးတလည်အကြောင်းပြချက် မရှိပေ။ သူသည်လည်း တစ်ချိန်က ‌ဤမိဘမဲ့ဂေဟာမှ မွေးစားခံခဲ့ရသော ကလေးတစ်ယောက်ဖြစ်ခဲ့၍ ယခုအချိန်တွင် ထိုကလေးများကို သူ တတ်နိုင်သမျှ ထောက်ပံ့ပေးနေခြင်းဖြစ်သည်။

ဤရက်အနည်းငယ်အတွင်းတွင် Aမြို့၏ ရာသီဥတုက တဖြည်းဖြည်း အေးစက်လာပြီး ဆောင်းရာသီဝင်ရောက်တော့မည်ဖြစ်သည်။ ကုဟွိုက်က နောက်တစ်ကြိမ် ဤနေရာသို့လာချိန်တွင် ကလေးများအတွက် ဆောင်းရာသီဝတ်အင်္ကျီများ ယူလာပေးရန် စီစဉ်ထားခဲ့သည်။ ၎င်းက လူကိုယ်တိုင်ကတိပေးထားခဲ့သောလက်ဆောင်လည်း ဖြစ်သည်။

မိဘမဲ့ဂေဟာမှ ကလေးများထံမှ ပြန်လာပြီးသည့်နောက်တွင် ကုဟွိုက်က အိမ်ပြန်သွားပြီးနောက် ကွန်ပျူတာစားပွဲတွင်ထိုင်ကာ ယနေ့အတွက် အလုပ်စတော့သည်။

ကုဟွိုက်သည် နာမည်ကျော် ရုပ်ရှင်ဇာတ်ညွှန်းရေးဆရာတစ်ယောက်ဖြစ်သည်။ သူက ငယ်ရွယ်သေးသော်လည်း ဤနယ်ပယ်ထဲတွင် နာမည်တစ်ခု ရရှိထားသည်။ အခန်းထဲမှ ဆုကြီးဆုငယ်များက စားပွဲတစ်လုံးစာကို ပြည့်လုနီးပါးဖြစ်နေပြီး ဆုအားလုံးနီးပါးက ရွှေဆုများဖြစ်သည်။

ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)Where stories live. Discover now