ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)

254 47 0
                                    

Chapter 72

လေးရာသီကုန်ဆုံးသွားပြီး ဇက်တို့အတွက်အရေးကြီးသောအရာက နောက်တခေါက်ပြန်လည်ရောက်ရှိလာခဲ့သည်။ ဆယ့်တစ်ကြိမ်မြောက် ချစ်စရာအကောင်းဆုံးသောကြယ်တာရာသက်ရှိပြိုင်ပွဲက စတင်တော့မည်။ ပြိုင်ပွဲ၏ပထမအပတ်မှာပင်တူဆာနှင့် အခြားဂြိုလ်မှဇက်များအားလုံး သတိဖြင့်စောင့်ကြည့်နေခဲ့ကြသည်။

ယခင်ပြိုင်ပွဲတွင် သူတို့ဘုရင်က ပထမနေရာရခဲ့ပြီး သည်နှစ်ပြိုင်ပွဲတွင်ပထမရမည့်သူမှာလည်း သူတို့ဘုရင်သာဖြစ်ရပေမည်။ ရလဒ်များနှင့်ပတ်သတ်၍ မည်သို့သောအမှားကိုမျှလက်မခံနိုင်ပါချေ။ စကြဝဠာအတွင်း သူတို့ဘုရင်ကသာ ချစ်စရာအကောင်းဆုံးသောသက်ရှိဖြစ်သည်။ သူတို့ဘုရင်ထက် ချစ်စရာကောင်းသောမည်သည့်အရာမှမရှိ။ ဇက်တို့အားလုံးက ဤကဲ့သို့ယုံကြည်ထားခဲ့ကြသည်။

ထိုစဉ်မှာပင် ယခင်နှစ်ကပထမနေရာရလိမ့်မည်ဟု တွေးခဲ့ကြသောပါ့ခ်ျ၏ ပရိသတ်များကမူ ကွဲပြားကြသည်။ ရလဒ်အရ သည်နှစ်၏ပါ့ခ်ျပရိသတ်များမှာ ယခင်နှစ်ကလွဲချော်သွားခဲ့သောပထမနေရာကိုပြန်ရရန်စိတ်ပိုင်းဖြတ်ထားကြပေ၏။

ဤတကြိမ်တွင်ကွဲပြားနိုင်သည်။ မနှစ်က ၎င်းတို့၏ မဲအရေအတွက်မှာတစုတစည်းတည်းမဟုတ်ခဲ့ဘဲ ပါ့ခ်ျ၏ပရိသတ်များကလည်းအနှီပြိုင်ပွဲအပေါ်တွင်အာရုံမစိုက်ထားခဲ့ကြပေ။ သို့ဖြစ်၍ အခြေခံအားဖြင့် မဲအရေအတွက်မှာ ပရိသတ်အချို့နှင့်ဖြတ်လျှောက်များအပေါ်တွင်သာမူတည်နေခဲ့၏။ သည်တကြိမ်တွင်မူ သူတို့ပြင်ဆင်ထားခဲ့ကြသည်။ စကြဝဠာအတွင်းမှ ချစ်စရာအကောင်းဆုံးသက်ရှိဆိုလျှင် ပါ့ခ်ျသာဖြစ်ရပေလိမ့်မည်။ ဇက်များ၏အားအင်ကြောင့် ပထမနေရာရသွားခဲ့သော ဇက်ဘုရင်ကိုလက်မခံနိုင်ချေ။

ဤတစ်ကြိမ်တွင် ဇက်စစ်တပ်က ပူးပေါင်းမဲပေးခဲ့သည်။ မနှစ်ကပါ့ခ်ျ၏ပရိသတ်များမှာ ဇက်တို့ပါဝင်လာလိမ့်မည်ဟုမမျှော်လင့်ထားခဲ့သည့်အပြင် မည်သည့်ပြင်ဆင်မှုမျိုးမှမရှိဘဲရှုံးနိမ့်သွားခဲ့ကြ၏။ ဤတကြိမ်တွင် သူတို့ပထမနေရာကို နောက်တစ်ခါမလွဲစေရတော့ပေ။

ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)Where stories live. Discover now