ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)

630 94 1
                                    

Chapter 51
September 11, 2023
Chapter 51

ဟန်မာသည် ကုဟွိုက်၏ခေါင်းကိုက်နေသောအမူအရာကိုမြင်တွေ့ပြီးရုတ်ချည်း ရယ်ချင်စိတ်ဖြစ်လာရ၏။ ၎င်းက ကဖျက်ကယက်လုပ်ပြီးအောင်မြင်သွားသောကြောင့် ရယ်မိရခြင်းမျိုးမဟုတ်။ သူသည် ၎င်းတို့၏ခံစားချက်များကို သတိမထားမိကြသေးသည့် ဇက်နှစ်ယောက်ကိုကြည့်ကာ အတော်လေးစိတ်ဝင်စားစရာကောင်းသည်ဟု ခံစားလိုက်ရသောကြောင့်ပင်။

ဟန်မာထွက်သွားသည်နှင့် ကုဟွိုက်က စားပွဲပေါ်မှစာရွက်များကိုကောက်ကာ စတင်စစ်ဆေးရန်ကြိုးစားကြည့်သည်။ ၎င်းတို့ကို ကြီးကြပ်ရေးမှူးကသယ်လာခဲ့ပြီး ဖိုင်တွဲများတွင် တူဆာ၏တည်ဆောက်နေမှုအပိုင်းနှင့်ပတ်သတ်သော အကြောင်းအရာများပါရှိပြီး အခြားမျိုးနွယ်များနှင့်သံတမန်ဆက်ဆံရေးကိစ္စများလည်းပါဝင်သည်။

တူဆာတွင် မည်သည့်တည်ဆောက်ရေးလုပ်ငန်း ရှိနေသနည်း။ လက်ရှိတွင်မူ ကားလမ်းဖောက်လုပ်ရာတွင် လိုအပ်သော မီးပွိုင့်များကိုတပ်ဆင်ဆောက်လုပ်နေသည်။ လွန်ခဲ့သည့်ရက်အနည်းငယ်က စစ်တပ်ပိုင်းဆိုင်ရာ အစည်းအဝေး၌ ကုဟွိုက်သည် တူဆာ၏ပို့ဆောင်ဆက်သွယ်ရေးအပိုင်းအား မိုးပျံရထားခရီးလမ်းအထိ အဆင့်မြှင့်တင်ရန်ပြောခဲ့ပြီး ယခု ထိုအကြောင်းနှင့်စပ်ဆိုင်သော ဖိုင်တွဲများလည်းပါဝင်ပေသည်။

မိုးပျံရထားဆိုသည်မှာ အရိပ်အမြွက်ပြသည့်အမည်နာမတစ်ခုသာဖြစ်ပြီး ကောင်းကင်ယံတွင် တိုက်ရိုက်ဖောက်လုပ်နိုင်သော လမ်းကြောင်းတစ်ခုဖြစ်သည်။ ရထားတွဲအားမစီစဉ်မီ ဂြိုလ်ပေါ်မှအခြားဒေသများသို့ရောက်ရှိရန် လမ်းကြောင်းတစ်ခုလိုအပ်ပြီး ၎င်းအတိုင်း အလိုအလျောက်မောင်းနှင်သွားပေမည်။ သို့သော် ဂြိုလ်တစ်ခုလုံးအားဖြန့်ကျက်မည့်အနှီ မိုးပျံရထားလမ်းကြောင်းဆောက်လုပ်ရန်မှာ ဇက်တို့၏လုပ်အားနှင့်ဆိုလျှင်ပင် အနည်းဆုံးတစ်နှစ်ခန့်ကြာနိုင်သည်။

ဂြိုလ်၏ ပင်မညွှန်ကြားချက်ကိုပါ ထည့်ပေါင်းရပါက ဇက်တို့ အမှီအခိုကင်းလာရန် အချိန်ကြာတော့မည်မဟုတ်။ ယခု တူဆာတွင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများရှိပြီး ခရီးသွားများလည်းလာရောက်လည်ပတ်နေကြပြီဖြစ်သည်။ သံတမန်အခင်းအကျင်းအရ ဇက်တို့၏ မိုးမှောင်မျှော်စင်မတော်တဆမှုတွင် လုပ်ဆောင်ခဲ့ပုံများကို လူတိုင်းမြင်တွေ့နိုင်သည်။တည်ဆောက်မှုပြီးစီးရန် မကြာမြင့်ခင် တူဆာမွာ အခြားသောမျိုးနွယ်စုများဘက်မှ စမ်းသပ်ဆက်သွယ်မှုတို့ကို လက်ခံရရှိခဲ့၏။

ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)Where stories live. Discover now