ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)

730 126 1
                                    

Chapter 29
September 09, 2023
Chapter 29





ကယ်ဆယ်ရေးဆိုသည်မှာ ပေါ့ပေါ့ဆဆ လုပ်ဆောင်၍မရ။ တစ်ကိုယ်ကောင်းဆန်စွာပြောရလျှင် သူ၏ဇက်များ စစ်ပွဲအတွင်းသေဆုံးဒဏ်ရာရမည်ကို ကုဟွိုက် မလိုလားပေ။ သူတစ်ပါးကို ကူညီပြီး သူ့မျိုးနွယ်စုအား ထိခိုက်လာမည်ဆိုလျှင် ကုဟွိုက် ထိုကိစ္စတွင် ဝင်မပါရန်ကိုသာ ရွေးချယ်မိပေလိမ့်မည်။

“အနီးအနားက ကြယ်အစုအဝေးမှာဖြစ်ပျက်နေတဲ့ မငြိမ်မသက်မှုတွေကို နှိမ်နင်းဖို့က အရမ်းလွယ်ပါတယ်။ အရှင် စိတ်ပူစရာ မလိုဘူး" ဗိုလ်မှူးသည် အလွန်အလေးအနက်ထားနေပုံပေါက်နေသောကုဟွိုက်အားပြောလိုက်သည်။

ကြယ်တာရာပင်လယ်ဓားပြများ ကျူးကျော်ဝင်ရောက်လာမှုကြောင့် အိမ်နီးချင်းကြယ်တာရာအစုအဝေးမှ အကူအညီတောင်းသည့် အချက်ပြတစ်ခုကို ပေးပို့ခဲ့ကြောင်း သိပြီးနောက် အိမ်နီးနားချင်းများကို ကူညီပေးရန် ကုဟွိုက်သည် သူ၏အတွေးအမြင်များကို အလ်ဗ်အား ပြောပြခဲ့သည်။ ရလဒ်ကတော့ ယခုလိုပင်ဖြစ်လာခဲ့၏။

ဗိုလ်မှူးသည် ရန်သူများအကြောင်းကို ကြိုပြီးနားလည်နိုင်ရန် မကြိုးစားခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် အဓိကအားဖြင့် တူဆာ၏ထိပ်တန်းအမှုဆောင်အရာရှိများသည် သူတို့ဘေးရှိ နဂါးငွေ့တန်း၌နေထိုင်ကြသော မျိုးနွယ်စုများက အလွန်အားနည်းကြောင်း သိသောကြောင့်ပင်။ ကြယ်တာရာပင်လယ်ဓားပြများသည် ထိုသို့အားနည်းသောမျိုးနွယ်စုကိုပင် ချက်ချင်း မတိုက်ခိုက်နိုင်ခဲ့ခြင်းက သူတို့၏ရေတပ်အင်အားမှာ ဇက်များ၏အာရုံစိုက်မှုကို ရရန်မထိုက်တန်ကြောင်း ပြသနေခြင်းပင်။

တူဆာအမှုဆောင်အရာရှိများသည် ရန်သူကို အထင်သေးခဲ့လျှင်ပင် တူဆာလေဆိပ်တွင် စစ်သင်္ဘောအများအပြားကို စုဝေးထားပေသည်။ ယင်းမှာ ရန်သူများကို နည်းဗျူဟာကျကျ အဓိကထားတိုက်ခိုက်လိုခြင်းကြောင့်မဟုတ်။ ကုဟွိုက်ကကယ်ဆယ်ရေးတပ်များနှင့်အတူ အိမ်နီးချင်းကြယ်အစုအဝေးဆီ လိုက်လာခြင်းကြောင့်ပင်။ ဇက်များသည် ကြယ်တာရာပင်လယ်ဓားပြများအား သူတို့မျက်လုံးထဲတွင် ရှိသည်ဟူ၍ပင် မသတ်မှတ်ထားသော်လည်း ကုဟွိုက်သာ သူတို့နှင့်လိုက်ပါလာခဲ့လျှင် အခြေအနေမှာ တူတော့မည်မဟုတ်။

ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)Where stories live. Discover now