ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)

559 79 1
                                    

Chapter 43
September 10, 2023
CHAPTER 43

ကုဟွိုက်သည် မိုးမှောင်မျှော်စင် စစ်သားအုပ်စုကြီးကို ကြယ်တာရာ မဟာမိတ်အဖွဲ့အစည်း ဌာနခွဲမှ ပြင်ဆင်ပေးထားသည့် နေအိမ်သို့ ဦးဆောင်၍ ခေါ်သွားခဲ့သည်။ ကုဟွိုက် နောက်မှစီတန်း၍ လိုက်လာခဲ့ကြသော်လည်း မိုးမှောင်မျှော်စင် စစ်သားများ၏ ဦးနှောက်များမှာ အခြေခံအားဖြင့် ဗလာဖြစ်နေ၏။

သူတို့ မည်သည်ကိုမှ မစဉ်းစားနိုင်ဘဲ သူတို့၏ခန္ဓာကိုယ်ကို သူတို့ဦးနှောက်၏အနက်ရှိုင်းဆုံး အသိစိတ်က ညွှန်ကြားစေခိုင်းနေကြသည်။ မိုးမှောင်မျှော်စင် စစ်သားများသည် သူတို့ အမှန်တကယ် ဖြစ်နေသည့်အရာကို မစဉ်းစားနိုင်ခင်မှာပင် သူတို့သည် ကုဟွိုက်၏နောက်သို့ 'အတူတကွ ပြန်လိုက်လာခဲ့ကြသည်'။

ဧည့်ဂေဟာသည် ကြီးမားသောဗီလာဖြစ်ပြီး ဇိမ်ခံဗီလာဟုလည်း ခေါ်ဆိုနိုင်သည်။ ဧရိယာ ကျယ်ဝန်းသော်လည်း ကုဟွိုက် ဦးဆောင်ခေါ်လာသော ဇက်များနှင့် မိုးမှောင်မျှော်စင် စစ်သားများစွာအတွက် မလုံလောက်ပေ။ ကော်လန်နှင့် ရေးစ်တို့သည် ကုဟွိုက်က မိုးမှောင်မျှော်စင် စစ်သားများစွာအား ပြန်လည်ခေါ်ဆောင်လာသည်ကိုတွေ့လိုက်ရပြီး အံ့ဩဖွယ်ကောင်းသလို ခံစားရသည်။ ယခု သူတို့အားလုံးသည် သတင်းပေးသူများ ဖြစ်သွားကြပြီ။

ရေးစ်သည် တည်ငြိမ်စွာ တွေးတောလိုက်ပြီးနောက် သူ့စိတ်ထဲတွင် အဖွဲ့အစည်းအပေါ် သစ္စာဖောက်လိုက်သကဲ့သို့ မခံစားခဲ့ရပေ။ မည်သို့ပင်ဆိုစေကာမူ သူတို့တစ်ယောက်တည်း လုပ်နေသည်မဟုတ်။ လူတိုင်းလည်း လုပ်နေကြသည်ပင်၊ ထို့ကြောင့် သူသည်... သူတို့လုပ်သည့်အတိုင်း လိုက်လုပ်ခဲ့ရုံပင်ဖြစ်သည်။

ဇက်ဗီဇပါရှိသော မိုးမှောင်မျှော်စင် စစ်သားများသည် ယခုမူ ကုဟွိုက်အား စိုက်ကြည့်နေကြသည်။ တစ်ဖက်သားက သူတို့ကို ရင်းနှီးသောအပြုအမူဖြင့် အဘယ်ကြောင့် ဆက်ဆံနေသနည်းဟု မတွေးတောဘဲ မနေနိုင်ပေ။ ဤနေရာသို့ သူ့နောက်မှ လိုက်လာသင့်သည်ဟုပင် သူတို့အား ပြောခဲ့သည်။ တစ်ဖက်သားအတွက် သူတို့က ဖျက်ဆီးသတ်ဖြတ်ပစ်ရမည့် ရန်သူတွေ မဟုတ်ပါလား...

ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)Where stories live. Discover now