အပိုင်း ၁၆

34 2 0
                                    

အမေခွင့်ပြုပြီးသည်နဲ့ နောင့်အိမ်သို့သွားရသည်။နောင့်အိမ်ရှေ့သို့ရောက်သည်နဲ့ နောင်က ဦးဆောင်ကာ အိမ်ထဲသို့ဝင်သွားလေသည်။အိမ်ပေါ်ရောက်သည်နဲ့ ကြမ်းပြင်တွင်အသာထိုင်ချလိုက်ပြီး

"အမေ..."

ခန့်နောင်ခေါ်လိုက်တော့ အမေက အင်္ကျီအစုတ်အပြဲတွေကို အပ်ချည်နဲ့ဖာထေးရင်းနဲ့မှဖြေလာသည်။

"ဖာတုန်းဟယ်...အလုပ်ရှုပ်ကတဲ့ကြားထဲ.."

အမေကစိတ်မရှည်သလိုအမြဲပြောနေကျမို့ အရင်တုန်းကတော့ စိတ်ထဲမထင့်မိပေမယ့် ယခုတော့စိတ်ထဲထင့်မိသည်။

"ကျွန်တော်ပြောစရာရှိလို့..."

"ပြောစရာရှိတာကိုပြောလိုက်ပါလား မောင်လေးရယ်...စကားပလ္လင်ခံနေသေးတယ်.."

အမေက ချုပ်လက်စအင်္ကျီကိုလက်စသတ်ရင်းဖြေလာသည်။

"သားချစ်သူကိုခေါ်လာခဲ့တယ် မေမေ..."

ခန့်နောင်ပြောလိုက်တော့ အပ်ကိုကိုင်ထားရင်း ရပ်တန့်သွားသောအမေ့လက်များ။အမေစိတ်ဆင်းရဲဖို့မရည်ရွယ်ခဲ့ပါဘူး အမေ။

ပြီးနောက် ဝဲတက်လာသောမျက်ရည်ကြည်များကိုသုတ်လို့ အပေါ်ကိုမော့ကြည့်မိသည်။

"မောင်လေး...မင့်ချစ်သူကယောင်္ကျားတစ်ယောက်လားကွယ်..."

အမေဟာပြောနေရင်းမျက်ရည်ပိုးပိုးပေါက်ပေါက်ကျလာ၏။

"ကျွန်တော်...."

"မင့်ဟာက ဒယ်(ဒီ) တစ်ယောက်ဆိုတာ သေချာရဲ့လားကွယ်..."

"သေချာပါတယ် မေမေ "

ဒေါ်ခင်မေ သားဖြစ်သူက ဒီလိုပုံစံဖြစ်မည်ဆိုတာကိုရိပ်မိပြီးသားပင်။ညစဥ်ညတိုင်း နောက်ဖေးကအိမ်သာထဲတွင် အိမ်သာတက်နေသလိုလိုနဲ့ ဖုန်းတွေအကြာကြီး ပြောနေသည်ကို နောက်ဖေးအောက်ဆင်း(ရှူးပေါက်)ထသည့်အမေဖြစ်သူကကြားသိခဲ့ရသည်။အစကတော့ သူ့ချစ်သူမိန်းခလေးနဲ့ပြောနေသည်ထင်သော်လည်း အိမ်ပေါ်ပြန်တက်ခါနီးကြားလိုက်ရသည့်စကားကြောင့် သေချာသွားခဲ့ရသည်။သူမသားက တစ်ဖက်လူကို မောင် ဟုခေါ်လိုက်သည်။ကြားကြားချင်း ရိုက်နှက်ကာဆုံးမဖို့ကြံရွယ်လိုက်သော်လည်း သားဖြစ်သူက အရွယ်ရောက်နေပြီးသားမို့ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလိုသာဖြစ်လိမ့်မည်။

စိမ်းလန်းစိုပြေ ဒို့ယောမြေ☘️🍂Where stories live. Discover now