အပိုင်း ၂၁

31 1 0
                                    

တုံ....တုံ...တုံ

မနက်လေးနာရီထိုးတော့ ရွာဦးကျောင်းမှ ခေါင်းခေါက်သံ ကြားရလေသည်။အိမ်အောက်တွင်ရှိသောကြက်စင်ထက်မှ ကြက်ဖကြီးကလည်း အောင်လွန်းသောအသံဖြင့် စတင်တွန်မြည်လိုက်သည်နဲ့တစ်ပြိုင်နက် ဘေးအိမ်မှ ကြက်ဖများကလည်း လိုက်တွန်ရင်း တစ်ရွာလုံး ကြက်ဖတွန်သံက ညံသွားရသည်။

ခနေ့က ကျောင်းစောင့်ကျသည်မို့ အမေနဲ့အလေးက အိပ်ရာစောစောထကာ ထမင်းဟင်းချက်ကာ ဆွမ်းပြင်ဆင်နေကြခြင်း။တောအရပ်မှာက မြို့ပြများနဲ့မတူ။မြို့တွေဆီမှာ ဘုန်းကြီးများက ဆွမ်းခံကြွကြသော်လည်း ရွာမှာတော့ဖြင့် ထိုသို့သောအလေ့စဥ်လာမရှိ။တစ်အိမ်ချင်းစီမှ ဘုန်းကြီးကျောင်းသို့ မနက်ဆွမ်း နေ့ဆွမ်းပို့ကြသည်။ထို့နောက် တစ်ရွာလုံးမှ သူ့အိမ်နီးနားချင်း ကိုယ့်အိမ်နီးနားချင်း ၅အိမ်တစ်တွဲ ကျောင်းစောင့်,စောင့်ကြရသည်။ယခုတော့ ကျောင်းစောင့်က တစ်ပတ်စေ့သွား၍ အဦးဆုံးဖြစ်သည့် မင်းမောင်တို့အလှည့်သို့ ကျရောက်လာချေပြီ။ကျောင်းစောင့်ရသည့်အလုပ်မှာလည်း သိပ်ကိုမလွယ်ကူပါချေ။ကျောင်းစောင့်,စောင့်ရသည့်နေ့တွင်တော့ တောအလုပ်မလုပ်ရဘဲ အိမ်အလုပ်နဲ့သာ တစ်နေ့တာပြီးဆုံးသွားရသည်။

အလေးကကျောင်းစောင့်သွားမှာမို့လို့ မင်းမောင်တို့လည်း အိပ်ရာထကာ တောသွားရန်ပြင်ဆင်ရသည်။အိပ်ရာထ,ထချင်း အိပ်ရာဘေးကို လက်ယမ်းကြည့်လိုက်တော့ အေးစက်နေသော အိပ်ရာခင်းစောင်ကိုသာယမ်းမိလိုက်သည်။သြော်... နောင်က အိပ်ရာထပြီးနေပြီဘဲ။မင်းမောင်လည်း လဲလျောင်းနေရာမှ ထကာ ကျွတ်လုနီးပါးဖြစ်နေသည့် ပုဆိုးကိုပြင်ဝတ်ရင်း အခန်းပြင်သို့ထွက်လာခဲ့လိုက်သည်။ပထမဦးဆုံး အိပ်ခန်းဝင်ရသည့်ခံစားချက်သည် သိပ်မဆိုးဘူးဟုဝန်ခံရမည်ဖြစ်၏။ဟော...တွေးရင်း ရင်ဘတ်ထဲက အကောင်က ဆပ်ဆလူးထနေပြန်ပြီ။

ပြုံးတုံ့တုံ့လုပ်ရင်း သဘက်​စောင်ယူရန် အိမ်အနောက် ကြမ်းပြင်ဘက်သို့ ခြေလှမ်းကန့်လိုက်တော့...

ဂျွမ်း...

"အားလော်လော်ဗျ..."

ကြမ်းကျွံကျသည့်အသံနောက်တွင် စူးလွန်းလှသော မင်းမောင်အော်သံက ထွက်ပေါ်လာခဲ့၏။မင်းမောင်ကြမ်းကျွံသံကြားတော့ အမေက ထိပ်ထိပ်ပျာပျာဖြင့် အော်မေးလာခဲ့သည်။

စိမ်းလန်းစိုပြေ ဒို့ယောမြေ☘️🍂Tempat cerita menjadi hidup. Temukan sekarang