ဂျူးလိယက် ထံသို့ (၃)
15K 1.2K 351
(Z)
ဘဝမှာ တစ်ကြိမ်တစ်ခါမျှ ကိုယ့်ရဲ့ ဖြစ်တည်နေခြင်းတွေကို မင်း မုန်းတီးဘူးလား ဂျူးလီယက်.....။
တစ်ခါတစ်ရံ ကိုယ့်ရဲ့ ဖြစ်တည်နေခြင်းတွေဟာ ကိုယ့်ရဲ့ အိမ်မက်တွေကို ဖျက်ဆီးနေခဲ့တာလို့ တွေးမိတဲ့အချိန် လောကမှာ စိတ်ပျက်စရာအကောင်းဆုံးလူဟာ ကိုယ်သာဖြစ်နေခဲ့တယ် ...။
ပိုင်ဆိုင်မှုတွေများလာတဲ့အခါ လူတွေဟာ ဆုံးရှုံးခြင်းတွေကို ကြောက်လန့်လာကြတယ် ...။
မျှော်လင့်ချက်တွေများလာတဲ့အခါ လူတွေဟာ အိမ်မက်တွေကို ပြောင်းလဲချင်လာကြတယ်....။
အဲ့ဒီ့လိုပဲ ... ချစ်ခြင်းတရားတွေဟာ ကြီးမြတ်နေတဲ့အခါ သိမ်ငယ်ခြင်းတွေက မသိစိတ်ထဲမှာ ကိန်းအောင်းလာကြတယ်...။
ဒါကြောင့်....။
ငါ ဝန်ခံတယ် ...။
ငါ့ရဲ့ ဖြစ်တည်နေခြင်းတွေအတွက် ငါ သိမ်ငယ်ခဲ့မိတယ် ...။
<><><><><><><><><><><><><><><><><>
အိမ်အနောက် မီးဖိုခန်းရှိ ပြတင်းပေါက်များအနီးတွင် ချိတ်ဆွဲထားသည့် သစ်ခွပင်များမှ အချို့မှာ သစ်ခွပန်းများ ပွင့်နေပြီး မီးဖိုခန်းထဲဝင်လာသည့် ကျွန်တော့်ဆီ လေအဝှေ့နှင့် သစ်ခွပန်းရနံ့သင်းပျံလာသည် ။ သစ်ခွကိုင်းလေးများတွင် နားခိုနေသော ကျေးငှက်အချို့၏ အော်သံက ကျွန်တော် ငယ်စဉ်ကတည်းက ကြားရသလိုပင် မနက်ခင်းတေးသံတစ်ခုလို စိတ်ကို ကြည်နူးစေသည် ။ ကျွန်တော် ရေခဲသေတ္တာထဲမှ ရေသန့်ဗူးတစ်ဗူးကို ယူကာ ရေကို အဝမော့သောက်လိုက်သည် ။ မီးဖိုနား အလုပ်ရှုပ်နေသော မေမေက ဝင်လာသည့် ကျွန်တော့်ကို ခဏမျှလှည့်ကြည့်လိုက်သော်လည်း ချက်ချင်းပင် မီးဖိုပေါ်က အနံ့မွှေးမွှေးဟင်းအိုးပေါ် အာရုံပြန်စိုက်နေလေသည် ။
" မနက်စာ ဘာလဲ မေမေ "
" စားပွဲပေါ်မှာ ကြည့်လိုက် "
ကျွန်တော့်အား လှည့်မကြည့်ပဲ ပြောလာသည့် မေမေ့ အပြုအမူကြောင့် စောစောက ကျွန်တော် စိတ်ထဲ ထင်ခဲ့မိသည့် မေမေ အလုပ်ရှုပ်နေသည်ဆိုသော အတွေးမှာ မှားယွင်းနေကြောင်း ကျွန်တော် သတိပြုမိလိုက်သည် ။ မနက်တိုင်း မေမေ့အပြုအမူက အခုလိုမှ မဟုတ်ပဲ ။ မေမေသည် မနက်အိပ်ယာထသည်နှင့် အိမ်အလုပ်များနှင့် အလုပ်ရှုပ်နေတတ်သူဖြစ်ပေမယ့် အိမ်ရှင်မကောင်း ၊ မိခင်ကောင်းတစ်ယောက်ဖြစ်သည့်အတွက် ဘယ်လောက်အလုပ်ရှုပ်ရှုပ် အိမ်သားများအား အစားအသောက်ကို သေချာထည့်ပြီး ပြင်ပေးလေ့ရှိသူမျိုးဖြစ်သည် ။ သေချာသည် ။ ညက ပြောလိုက်သည့် ကျွန်တော့်စကားများကြောင့် မေမေ စိတ်မပြေသေးဘူးဟု ကျွန်တော် တွေးလိုက်သည် ။ လွယ်လွယ်နှင့် မေမေ ကျွန်တော်တို့အား စိတ်ပြေလာမည်မဟုတ်ဘူးဟု ကြိုတင်တွေးထားပေမယ့် အနည်းငယ်တော့ ကျွန်တော် ရင်မောမိပါသည် ။ အခြေအနေတွေဟာ မလွယ်ကူပေမယ့် အရမ်းကြီးခက်ခဲနေတာမျိုးလည်း ကျွန်တော် မဖြစ်စေချင် ။
ကျွန်တော် သက်ပြင်းတစ်ခုကို အသာချကာ စားပွဲဝိုင်းရှိ ထိုင်ခုံ တစ်ခုကို ဆွဲယူထိုင်လိုက်သည် ။ စားပွဲပေါ်တွင် အုပ်ထားသည့် အုပ်စောင်းကိုဖယ်လိုက်တော့ ခပ်ကြီးကြီးပန်းကန်အုပ်ဖြင့် ထည့်ထားသည့် ဆန်ပြုတ်တစ်လုံးနှင့် ခပ်လုံးလုံးဖန်ကြွေအိုးထဲတော့ ကော်ဖီမှန်း ကျွန်တော် သိလိုက်သည် ။ ကျွန်တော် စားပွဲပေါ်ရှိ ခပ်လုံးလုံးပန်းကန်လုံးထဲ ဆန်ပြုတ်အနည်ငယ် ထည့်လိုက်သည် ။ မွှေးပျံ့သည့် ဆန်ပြုတ်ရနံ့က ကျွန်တော့်နှခေါင်းထဲ ဝင်လာတော့ ဘယ်တော့မှ ပြောင်းလဲမသွားသည့် မေမေ့၏ ဟင်းချက်လက်ရာများကို ကျွန်တော် ချီးကျူးမိချင်သည် ။ မေမေသည် အမှန်ပင် ဟင်းချက်လက်ရာကောင်းသူ တစ်ယောက်ဖြစ်သည် ။ ဒါကြောင့်ပင် ဖေဖေသည် ဘယ်လောက်ပင် အလုပ်များများ မေမေချက်သည့် ဟင်းကိုသာ စားဖို့ အမြဲအိမ်ပြန်လာတတ်သူပင်ဖြစ်သည် ။