အခန်း(၁၃)

49.5K 2.7K 153
                                    

[[U]]

ထိုသူ၏မျက်လုံးအဓိပ္ပာယ်ကိုလုချန်အပြည့်အဝနားလည်သည်။ဆိုလိုသည်မှာအရှင်မင်းကြီးကမင်းကိုအမြဲတမ်းမနှစ်သက်နိုင်ပါဘူးဆိုသည့်သဘောမျိုး။

သို့ပေမယ့်လုချန်မည်သို့မျှမတုံ့ပြန်လိုက်။တင့်တယ်စွာပြန်ထိုက်လျက်မကြည်မသာသောစိတ်များကိုအရက်တစ်ခွက်နှင့်မျောချလိုက်သည်။

ဤသည်မှာကျန်းဇီတုန်မှလုချန်ကိုပွင့်လင်းစွာစော်ကားလာခြင်းသည်ပထမဆုံးမဟုတ်တော့။ကျင်းသည်ကိုယ်ရေးကိစ္စရပ်များနှင့်အများပြည်သူနှင့်ဆိုင်သောကိစ္စရေးရာများကိုရှင်းလင်းစွာပိုင်းခြားထားသောဧကရာဇ်တစ်ပါးဖြစ်သောကြောင့်လည်းပါ၏။လုချန်ကိုစော်ကားမော်ကားပြုသောနန်းတွင်းကိုယ်လုပ်တော်များအားဖြုတ်ချနယ်နှင်တတ်သလိုလုချန်အရေးအရာများကိုအာရုံစိုက်လျက်စကားအရာနှင့်ထေ့ငေါကာရယ်ဖွယ်ရာပျက်ရည်ပြုတတ်သောဝန်အမတ်များကျပြန်တော့ကျင်းသည်သတိပေးခြင်းဖြင့်သာနှစ်ဦးနှစ်ဖက်အဆင်ပြေအောင်ညှိနှိုင်းပေးလေ့ရှိ၏။

နှစ်ဦးစလုံးပျော်ရွှင်စွာအတူတကွနေထိုင်သွားလိုသော်ငြားလည်းကျင်းသည်ငယ်စဥ်ကတည်းကဧကရာဇ်တစ်ပါးဖြစ်လာရန်သင်ကြားခဲ့ရ၏။အမျိုးသားအချစ်တော်အပေါ်ထားရှိသောချစ်ခင်တွယ်တာမှုခံစားချက်များကြောင့်အလုံးစုံသောဝေဖန်ပိုင်ခြားမှုများတိမ်ဖုံးသွားတာမျိုးသူ့ထံမှာရှိလာမည်မဟုတ်။အဆုံးမှာတော့အုပ်ချုပ်သူမင်းတရား၏အခက်အခဲများပင်။

ကျင်းသည်ဧကရာဇ်တစ်ပါးဖြစ်တာကြောင့်ဤသည်မှာအထူးအခွင့်အရေးဖြစ်ကြောင်းလုချန်သိသည်။နှလုံးသားထဲမှာတော့ချစ်ရသူ၏ရာထူးဂုဏ်သိမ်များသည်သူ့အားကျိုးကြောင်းမဆင်ခြင်ပဲလုပ်လိုက်ဖို့ရာမစွမ်းသာခဲ့။ထို့ကြောင့်ပဲမဖော်ပြနိုင်သောအထီးကျန်ခြင်းများကိုခံစားရုံသာရှိတော့သည်။

အခြားလူတွေအတွက်ကတော့လက်တွဲဖော်၏ဂုဏ်ပုဒ်တွေသည်သူတို့အားပျော်ရွှင်ဂုဏ်ယူမောက်မာမာန်ကြွစေပေမဲ့လုချန်ကတော့ကျင်းသည်သာမန်ပြည်သူတစ်ဦးဖြစ်နေလျှင်ပိုတောင်သဘောကျဦးမည်။

လုချန်မျှော်လင့်ထားသောဘဝသည်ချစ်သူနှစ်ဦးတစ်ဦးနှင့်တစ်ဦးမှီခိုအားထားရင်းအေးချမ်းစွာနေထိုင်ခြင်း
ဖြစ်သည်။ကျင်းအာရုံစိုက်ခံရာရန်ယှဥ်ပြိုင်စရာမလိုသလိုအလုပ်တာဝန်များနှင့်ချစ်ရသူသာရှိသည်။အနာဂတ်အတွက်ပူပန်နေစရာမလိုတော့။

"သခင်လု..အားတဲ့အချိန်တွေဘာလုပ်လေ့ရှိလဲ"

ခန့်မှန်းချက်များ၏နောက်ကွယ်၊ပွတ်လောရိုက်သွားသောဖြစ်ရပ်များကိုမျက်မြင်ကိုယ်တွေ့မြင်ပြီးတာတောင်လျူကျုံးထန်သည်သူနှင့်စကားပြောရန်ဆန္ဒရှိသေး၏။မှူးမတ်အများအပြားထံမှအထင်အမြင်သေးသောအကြည့်နှင့်ကြည့်လာသောဒဏ်ကိုခံစားနေရသောလုချန်သည်မထင်မှတ်ထားသောအလွန့်အလွန်ရင်ဖိုလှုပ်ခတ်စေသည့်မျက်နှာသာပေးလာခြင်းကြောင့်အလွယ်တကူပင်ဝမ်းမြောက်ဝမ်းသာဖြစ်မိ၏။

ဘေးတွင်ထိုင်နေသောအရာရှိထံမှအံ့သြသင့်နေသောအမူအရာကိုဂရုမထားပဲလျူကျုံးထန်သည်လုချန်နှင့်မိတ်ရင်းဆွေရင်းများနှယ်ပွဲသဘင်ကျင်းပချိန်တစ်လျှောက်လုံးလုချန်နှင့်မကြာမကြာစကားစမြည်ပြောလေ့ရှိသည်။အဖော်ပြုပေးနေရင်းအပုတ်ချစကားကြောင့်လျော့ပါးသွားသောလုချန်၏ကိုယ့်ကိုယ်ကိုအထင်ကြီးလေးစားသောပီတိသောမနဿကိုတောက်ပပေးစေသည်။

မနှစ်မြို့စရာဧည့်ခံပွဲပြီးသွားချိန်တွင်လုချန်နှင့်လျူကျုံးထန်တို့သည်နောက်များတွင်တစ်ယောက်နေရာတစ်ယောက်အရောက်လာလည်ကြရန်ကတိပြုလိုက်ကြ၏။ပင်ပန်းကာအိပ်ချင်နေပြီဖြစ်သောခန္ဓာကိုယ်ကိုဆွဲ၍လုချန်အဆောင်တော်သို့ပြန်ရောက်ချိန်တွင်အိပ်ရာပေါ်တွင်ထိုင်နေပြီးဖြစ်သောကျင်းအားမမျော်လင့်ဘဲတွေ့လိုက်ရသည်။

"ဘာကိစ္စရှိလို့လဲ"

လုချန်သည်အမူမထားပဲအပေါ်ဝတ်ရုံကာချွတ်ကာမေးလိုက်၏။

ကျင်းအပေါ်တွင်ဒေါသစိတ်စိုးစဥ်မျှမရှိ။နှစ်ဦးကြားဆက်ဆံရေးထက်အသားပေးရမည်များရှိသည်ကိုလုချန်အပြည့်အဝနားလည်သည်မို့စိတ်ပျက်သွားခြင်းကိုထုတ်ဖော်မပြောပြနိုင်သည်မို့လုချန်ဤအတိုင်းသာပြုမူမိသည်။စိတ်အခြေအနေမဆင်မပြေဖြစ်နေသည်ကိုဤနည်းဖြင့်သာသိသာစေသည်။

"ဒီနေ့ကျန်းဇီတုန်ကိုအပြစ်မပေးခဲ့တာကြောင့်ငါမင်းအပေါ်မတရားဘူးလို့ထင်နေတာလား?"

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲယောကျ်ားတစ်ယောက်ကလာမကယ်ဆယ်တာကိုစိတ်ဆိုးရအောင်ငါကမိန်းကလေးတစ်ယောက်မှမဟုတ်တာ.."

ပွဲလမ်းသဘင်တက်သောတခမ်းတနားဝတ်ရုံကိုချွတ်ကာညအိပ်ဝတ်ရုံကိုပုခုံးပေါ်တင်ပြီးကျင်းရှေ့တည့်တည့်ရှိထိုင်ခုံပေါ်ထိုင်ချလိုက်သည်။

"ချန်..မင်းမပျော်ရွှင်ဘူးဆိုတာငါသိပါတယ်.ဒါပေမဲ့..ငါ့မှာလည်းအခက်အခဲတွေရှိနေတယ်"

လုချန်ရှိရာသို့ထလျှောက်လာပြီးပုခုံးပေါ်လက်တင်လိုက်သည်။

"ငါသိတယ်"

လုချန်အသံသည်သက်ပြင်းချသံမျှညှင်သာလှပေမယ့်ကျင်းနားထဲမှာတော့စိတ်ကောက်နေသောအသံနဲ့ပိုတူနေသည်။

"မဟုတ်ပါဘူး..မင်းဒေါသထွက်နေတယ်ဆိုတာငါသိတယ်"

လက်တွေကလုချန်လည်တိုင်ကိုညှင်ညှင်သာသာလေးပွတ်သပ်နေသည်။ခြေထောက်ကလည်းလုချန်တင်ပါးကိုတိုက်လျက်ခပ်ဖွဖွထိနေသည်။လုချန်ထံသို့အပြစ်ရှိနေသလိုအသိတရာဝင်တိုင်းဤအတိုင်းပဲပြုမူလာလေ့ရှိသည်။

"ငါတကယ်ဒေါသထွက်မနေဘူး"

ကျင်းလက်တွေကိုတွန်းဖယ်ရင်း

"ပြီးတော့အိပ်ရာပေါ်တက်လိုက်တာနဲ့ပြဿနာတွေကရှင်းသွားမှာမဟုတ်ဘူး..ဒီနေ့ငါတို့အတူအကြိမ်ပေါင်းများစွာဆက်ဆံပြီးသွားပြီ..ငါ့ခန္ဓာကိုယ်အတွက်အရမ်းများနေပြီ..ခန္ဓာကိုယ်ကခံနိုင်မှာမဟုတ်တော့ဘူး..ဒီတနေ့တော့နန်းတွင်းမှာပဲပြန်အိပ်တော့"

"တွေ့လား..မင်းဒေါသထွက်နေပါတယ်..ငါမင်းကိုနားမလည်ပေးမိပြန်ပြီလား?လျူကျုံးထန်နဲ့စိတ်အားထက်သန်စွာစကားပြောနေတာကိုတွေ့တည်းကမင်းစိတ်ဆိုးနေတယ်ဆိုတာငါသိတယ်..ငါသဝန်တိုအောင်တမင်တကာလုပ်နေတဲ့အတိုင်းပဲ"

ကျင်းသည်ချော့မြူနေသောအပြုံးကိုဆင်ထားဆဲ။အစကတော့စိတ်မဆိုးသောလုချန်သည်ကျင်း၏စနောက်သောစကားများကြောင့်ဒေါသထွက်ကာပေါက်ကွဲတော့မလိုဖြစ်လာ၏။

"သတိပေးထားမယ်နော်..ရွှမ်းယွမ်ကျင်း!ဘုရင်တစ်ပါးဆိုတာကမင်းရဲ့သီးသန့်အရေးကိစ္စ..နန်းတွင်းကကိုယ်လုပ်တော်တွေရဲ့အကျင့်တွေ၊ဇာတ်လမ်းတွေနဲ့ကျေးဇူးပြုပြီးငါ့ကိုလာမယှဉ်ပါနဲ့..ငါ့ကိုဘယ်သူများထင်နေတာလဲ?မင်းကာကွယ်မပေးတာနဲ့ပဲငါကအခြားယောက်ျားတစ်ယောက်နဲ့မင်းသဝန်တိုအောင်လုပ်တယ်တဲ့လား?ခွေးကောင်..ဘယ်လိုအခြေအမြစ်မရှိတာတွေကိုငါ့လာပြောနေတာလဲ?"

အမြှီးမီးလောင်နေသောခွေးတစ်ကောင်နှယ်။ကျင်းဆီသို့ဦးတိုက်ကာအော်ဟစ်တော့သည်။အလွန်အမင်းပင်ဒေါသထွက်လျက်။အနှီစံအိမ်တော်၌နေ့နေ့ညညအကန့်သက်ခံနေရကလုချန်ကိုရူးလောက်သည်အထိစိတ်မချမ်းမသာဖြစ်စေသည်။အခုကျပြန်တော့ကျင်းသည်သူ့အားမိန်းမတစ်ယောက်လိုစိတ်ကောက်ပြီးမူယာမာယာသုံးတဲ့သူအဖြစ်ပြောလာပြန်သည်။သူ့၏ကိုယ်ရည်ကိုယ်သွေးတန်ဖိုးသည်ဤမျှလောက်အထိနိမ့်ပါးသွားတာကိုလုချန်ယုံကြည်ရန်ပင်ခက်ခဲနေ၏။

လုချန်၏ဒေါသတကြီးငေါက်ငမ်းသောစကားများကိုကြားပြီးပြီးချင်းပင်မှားယွင်းစွာစွပ်စွဲမိကြောင်းကျင်စရုတ်ချင်းသဘောပေါက်သွားသည်။လုချန်ကိုအမြန်ဖက်ကာစိတ်ပြန်လည်တည်ငြိမ်လာအောင်

"တောင်းပန်ပါတယ်..ငါတောင်းပန်ပါတယ်..အရင်ကတည်းကအနောက်ဆောင်မောင်းမတော်တွေရဲ့မရပ်မနားအနှောင့်အယှက်ပေးတဲ့ဒဏ်ကိုအချိန်အကြာကြီးခံခဲ့ရတော့မသိလိုက်ပါပဲကိုယ်တော့်ရဲ့စိတ်သဘောထားကောင်းလွန်းတဲ့ရှောင်ချန်ချန်လေးကိုထိုသူတို့နဲအမှတ်မှားပြီးပြောမိတာပါ..ငါတကယ်တောင်းပန်ပါတယ်...ချန်ချန်..ငါ့ကိုခွင့်လွှတ်ပေးပါနော်"

ကျင်းသည်နဂိုမူလကကိုယ့်ကိုယ်ကိုအထင်ကြီးကာမာနထောင်လွှားသောသူတစ်လူငါတစ်မင်းအမျိုးအစားထဲမှဖြစ်၏။လွန်ခဲ့သောနှစ်ဝက်မှစကာလုချန်နှင့်စတင်အတူရှိစဥ်ကတည်းကတစ်ခါတစ်ရံမင်းမျိုးမင်းနွယ်ဆိုသောမျက်နှာတော်ကိုခဝါချလျက်လုချန်ကိုတောင်းပန်လာတတ်သည်။လုချန်ကိုယ်တိုင်သည်လည်းဒေါသမထွက်နိုင်တော့ပဲကျင်း၏ရုတ်တရက်ပြောင်းလဲသွားသောပြမူပြောဆိုပုံကြောင့်ရင်ခွင်ထဲခေါင်းဝှက်၍နောက်ကျောတွင်တိတ်တိတ်လေးသာရယ်မောနိုင်တော့သည်။

"အိမ်ထောင်ဦးစီးကောင်းနဲ့ဇနီးမယားတွေတောင်တစ်ခါတစ်ရံရန်ဖြစ်ကြတာပဲလေ..အဲ့ဒါမင်းကြောင့်..မင်းအရမ်းချစ်ဖို့ကောင်းနေလို့ငါကစနောက်ချင်တာ"

လုချန်စိတ်ပြန်လည်တည်ငြိမ်သွားသည်မြင်ပြီးတဖန်နောက်ပြောင်လာပြန်သည်။

"ထားလိုက်တော့..ငါမင်းနဲ့ရန်မဖြစ်ချင်သေးဘူး..နောက်တစ်ခါကျငါ့ကိုမင်းရဲ့အနောက်ဆောင်ကကိုယ်လုပ်တော်တွေလိုသဘောမထားမိစေနဲ့..ဒီနေ့အရမ်းပင်ပန်းတာပဲ..ငါစောစောအိပ်ချင်လှပြီ"

လုချန်အိပ်ရာပေါ်မှာလှဲကာအိပ်ချင်နေသောမျက်နှာထားထားလိုက်သည်။တချိန်တည်းမှာပဲကျင်းကအပေါ်မှအုပ်မိုးလာသဖြင့်

"ငါတကယ်မလုပ်ချင်ဘူး...ဒီနေ့ငါ...ဒီနေ့တကယ်နေလို့မကောင်းဘူး!?"

ခန္ဓာကိုယ်အနှံ့ကိုင်တွယ်ပွတ်သပ်လာသောကျင်းလက်ကိုဆုပ်ကိုင်ရင်းလုချန်ရုန်းကန်လိုက်သည်။

"နေလို့မကောင်းဘူး?ဘယ်နေရာကနေလို့မကောင်းတာလဲ"

မတိုင်ခင်စွပ်စွဲပြောဆိုလိုက်မိသောဖြစ်ရပ်ကြောင့်လုချန်စိတ်ဆိုးနေဆဲဟုကျင်းထင်သွားသည်။မေးခွန်းမေးနေရင်းနှင့်အောက်ပိုင်းကိုအားနဲ့စနောက်လာသည်။ဖိကပ်လာတော့မည့်ကျင်းနှုတ်ခမ်းကိုလုချန်ကြိုးစားရှောင်ဖယ်ရင်း

"အစာအိမ်...အစာအိမ်ကနာနေတယ်..ဒီနေ့တော့မလုပ်ချင်ဘူး"

"ဘယ်လိုဖြစ်တာလဲ"

တကယ်ပင်ပြဿနာရှိနေသလိုလုချန်၏ဖြူဆုတ်နေသောမျက်နှာကြောင့်အတင်းအဓမ္မလှုပ်ရှားနေခြင်းကိုကျင်းထိန်းကွပ်ရပ်တန့်လိုက်ကာသေချာကြည့်ရှုလာသည်။

"မနေ့ညက..မနေ့ညကမသန့်စင်ရသေးပဲငါအိပ်ပျော်သွားတယ်"

လုချန်မျက်နှာကနီရဲလာပြီးအသံကလည်းတိုးတိုးလေးသာထွက်လာသည်။

"အာ..အဲ့ဒီအရည်တွေအတွင်းမှာကျန်နေခဲ့လို့အစာအိမ်အောင့်တာလား?

ကျင်းတမဟုတ်ချင်းပင်နားလည်သဘောပေါက်သွားသည်။ရင်ခွင်တွင်းမှလုချန်ရှိုးတွန်းရှန့်တန့်နှင့်ခေါင်းငြိမ့်ပြသည်ကိုကြည့်ပြီးဘာဖြစ်ခဲ့ကြောင်းကိုနားလည်သွားသည်။

"ဟုတ်ပြီ...ဒီနေ့တော့စောစောအိပ်တော့"

ကျင်းသည်အနည်းငယ်စိတ်ပျက်သွား၏။မတ်တပ်ထရပ်ကာအပေါ်ဝတ်ရုံကိုချွတ်လိုက်သည်။အိပ်ရာပေါ်သို့ပြန်တတ်လာပြီးလုချန်ဘေးနားဝင်လှဲကာပွေ့ဖက်လိုက်သည်။ထိုအတိုင်းပဲတစ်ယောက်နဲ့တစ်ယောက်ဖက်လျက်သားပင်အိပ်စက်ခြင်းသို့။

ပြဿနာသည်အနည်ကျငြိမ်သက်သွားပြီဖြစ်ပေမယ့်မနက်ဖြန်ဘာဖြစ်လာမလဲဆိုတာအားမည်သူမှခန့်မှန်းတွေးဆပုံဖော်နိုင်မည်မဟုတ်။နောက်တစ်ရက်တွင်တော့နှစ်ဦးသားဆက်ဆံရေးသည်ကြီးလေးသောအခက်အခဲများနှင့်ရင်ဆိုင်တွေ့ရမည်ဖြစ်ပြီးခံစားချက်များကတော့အမှန်ပင်အစမ်းသပ်ခံရတော့မည်။

ပုံမှန်အတိုင်းပဲငြိမ်သက်အေးချမ်းနေဆဲ။လုချန်နိုးလာချိန်တွင်ကျင်းသည်မနက်ခင်းညီလာခံတက်ရန်နန်းတွင်းသို့အစောထဲကထွက်ခွာသွားပြီဖြစ်၏။မနက်စာစားပြီးချိန်တွင်ဤတစ်နေ့လုံးဘာလုပ်ရမလဲကိုလုချန်တွေးတောနေမိသည်။

ချောင်ရှင်နဲ့ညီအစ်ကိုတွေအားမတွေ့ဖြစ်သည်မှာကြာပြီဖြစ်ကြောင်းလုချန်အမှတ်ရသွား၏။ရှောင်စန်ကိုမြင်းပြင်ရန်အမိန့်ပေးလိုက်သည်။မြင်းနှင့်ကိုယ်နှစ်ဦးသားမြို့တွင်းမှထွက်ကာချောင်ရှင်နှင့်ညီအစ်ကိုများနားနေရာအိမ်တော်သို့ဦးတည်သွားကြသည်။

ကျင်းသည်တကယ်ပင်အကြံသမားဖြစ်၏။လုချန်နှင့်ဆိုးတူကောင်းဖက်ညီအစ်ကိုများကိုမြို့စောင့်တပ်တာဝန်ချထားပေးခဲ့သည်။ထို့အပြင်အကုန်လုံးအားရာထူးတန်းတူပေးပြီးမြို့တံခါးနဲ့နီးသောခြံဝင်းတွင်အကုန်လုံးစု၍နေစေသည်။အုပ်ထိန်းရသည်မှာလွယ်ကူသလိုလုချန်ဆီမှသင့်တော်သောအကွာအဝေး၌လည်းရှိနေစေသည်။

စစ်ဖြစ်ချိန်တွင်တော့မြို့တော်ရှိမြို့စောင့်တာဝန်သည်လက်ရွေးစင်များသီးသန့်ခန့်ထားရာနေရာဟုသတ်မှတ်နိုင်၏။သို့ပေမယ့်ငြိမ်သက်အေးချမ်းနေသောဤအချိန်မှာတော့အရေးမပါသောအသေးအဖွဲအများအပြားကိုသာကိုင်တွယ်ရန်လိုအပ်သည်။လူရမ်းကားများနှင့်ရင်ဆိုင်ဖြေရှင်းရခြင်းနှင့်ဘေးပတ်ဝန်းကျင်ကိုပြုပြင်မွမ်းမံတည်ဆောက်ခြင်းများသာ။နေထိုင်ရာအရပ်ကိုပြန်မရောက်ခင်တစ်နေ့လုံးထောင်ချီသောအလုပ်များနှင့်ဗျာများနေကြလိမ့်မည်။လုချန်မျက်စိရှေ့မှောက်လာရောက်အချိန်မရသလိုကျင်းနားထက်တကျည်ကျည်လုပ်လာမည့်ရန်မှလည်းကင်းဝေးစေသည်။

ချောင်ရှင်နဲ့ညီအစ်ကိုတွေနေထိုင်ရာအဆောင်ကိုလုချန်ရောက်ရှိချိန်သည်နေ့လည်ခင်းခန့်ပင်ရှိပြီ။

ယာမန်ဂိတ်တံခါး၏အနောက်ဘက်ခြမ်းတွင်တည်ရှိသောအဆောင်ဖြစ်ပြီးလုချန်၏လွန်လေပြီးသောညီအစ်ကိုများသည်အလုပ်ခဏနားချိန်စုစည်းလျက်နေ့လည်စာစားနေကြသည်။

တံခါးစောင့်လူငယ်ညွှန်ပြသည့်အတိုင်းလျှောက်လာရာအတော်အသင့်ကဗျာဆန်သောကြာပန်းခန်းမဆောင်ရှိစားပွဲဝိုင်း၌အကုန်လုံးဝိုင်းစုကာစားသောက်နေကြသည်ကိုလုချန်လှမ်းမြင်လိုက်၏။ဆူညံစွာရယ်မောစကားပြောသံများနဲ့သက်ဝင်လှသည်။

"အိုင်းယား...မတွေ့ရတာတောင်ကြာပြီ..ငါ့ညီအစ်ကိုတွေအကုန်အဆင်ပြေနေကြတာပဲ..ထင်ရှားလှတဲ့ကြာပန်းအဆောင်တော်မှာနေ့လည်စာတည်ခင်းနေကြတယ်ဆိုတော့"

အကြာကြီးခွဲခွာနေခဲ့ရသောညီအစ်ကိုတွေနှင့်ပြန်တွေ့ရသည့်အတွက်ရင်ထဲလှိမ့်တက်လာသောပျော်ရွှင်ဝမ်းမြောက်မှုများကိုလုချန်မထိန်းချုပ်နိုင်တော့။အဝေးကနေကျယ်လောင်သောအသံနဲ့ညီအစ်ကိုများဆီလှမ်းအော်နှုတ်ဆက်လိုက်သည်။

"ဘုရားသခင်..တကယ်ပဲအစ်ကိုကြီးလား"

ချောင်ရှင်သည်ရုတ်ချင်းပင်ပထမဦးဆုံးသတိထားမိသွားပြီးအဆောင်တော်အတွင်းမှလေအလျင်နှင့်ပြေးထွက်လာသည်။ဆီဝေ့နေသောပါးစပ်ကိုအာရုံမထားနိုင်ပဲလုချန်ကိုတင်းကျပ်စွာပွေ့ဖက်တော့သည်။

ညီအစ်ကိုများအားလုံးတစ်ချိန်တည်းထွက်လာကြကာလုချန်ပွေ့ဖက်လာကြပြီးအတူတကွရယ်မောမိကြတော့သည်။ဆူညံပွက်လောရိုက်နေရာငြိမ်ကျသွားရန်အချိန်တော်တော်ယူလိုက်ရသည်။

"အစ်ကိုကြီး..မစားရသေးဘူးမလား?အမြန်လာ..အတူတူစားရအောင်..အားလုံးလည်းထိုင်ကြ..ငါတို့အစ်ကိုကြီးနဲ့အတူအချိန်ကောင်းလေးကုန်ဆုံးရအောင်"

ဗျူဟာမှူးလျူချော်သည်ကျန်သောညီအစ်ကိုများနှင့်ယှဥ်လျှင်အတော်အတန်အေးဆေးငြိမ်သက်၏။အကုန်လုံးကိုစိတ်လှုပ်ရှားနေကြသည်မှဣန္ဒြေရရနေရန်သတိပေးကာအခြေအနေကိုတည်ငြိမ်စေ၏။

ထိုင်ခုံ၌အသီးသီးပြန်ထိုင်သွားကြသည်။လုချန်ကိုပန်းကန်နှင့်တူတစ်စုံချပေးလာသည်။တစ်ယောက်နှင့်တစ်ယောက်ဟင်းထည့်ပေးလျက်စားသောက်ပြီးသွားကြသည်။

"အကုန်လုံးနေထိုင်ရတာအဆင်ပြေရဲ့လား?"

နေ့စဥ်လုပ်ငန်းဆောင်တာများအကြောင်းရုတ်ရုတ်သဲသဲသူတစ်ပေါက်ငါတစ်ပေါက်ပြောနေကြရာလုချန်ခေါင်းစဥ်တစ်ခုကိုထုတ်မေးလိုက်သည်။ပင်ကိုယ်အားဖြင့်အကုန်လုံးကရယ်ရယ်မောမောနဲ့အဆင်ပြေပါသည်ဟုပြောလာမည်ဟုလုချန်ထင်ထားခဲ့သည်။သို့ပေမဲ့အကုန်လုံးကတိတ်ဆိတ်သွားကြသည်။လွှမ်းခြုံလာသောအေးစက်သည့်လေထုမှာကြောက်မက်ဖွယ်ပင်ရ

"ဘာဖြစ်တာလဲ..မင်းတို့အဆင်မပြေနေဘူးလို့တော့ငါ့ကိုမပြောနဲ့နော်"

လုချန်လည်းမတတ်သာပဲရင်ထိတ်လာသည်။

ညီအစ်ကိုထဲတွင်အငယ်ဆုံးဖြစ်သည့်ရာထူး၌ခုနှစ်နေရာတွင်ရှိသောကောချင်သည်ဆက်လက်မထိန်းထားနိုင်တော့ဘဲ

"အစ်ကိုကြီး..မသိပါဘူး..."

ဘေးမှလျူချော်သည်လုချန်ကိုမပြောရန်မဆိုင်းမတွပင်ဆွဲတားလိုက်ပြီး

"ညီလေးချင်..အစ်ကိုကြီးဆီမှာရှိတဲ့ပြဿနာတွေနဲ့တင်လုံလောက်နေပါပြီ..မင်းက"

လျူချော်ပြောလာမည့်စကားကိုလုချန်လက်ယမ်းကာဟန့်ထားလိုက်ပြီးကောချင်ကိုစိတ်အားထက်သန်စွာစူးစိုက်ကြည့်လျက်

"ညီလေးချင်..ငါ့ကိုပြောပါ..မင်းတို့ဘာတွေဖြစ်ကြလို့လဲ"

ကျင်းနားမှာနေရန်ကိုယ်တိုင်ကိုယ်ကျဆုံးဖြတ်ခဲ့တာကြောင့်ဆင်းရဲဒုက္ခများသည်သူနှင့်ထိုက်တန်သလိုမနှစ်မြို့ဖွယ်များကိုလည်းလည်စင်းခံနိုင်သည်။ကိုယ်တိုင်ဖန်တီးယူခဲ့သောအရာများဖြစ်တာကြောင့်။သို့ရာတွင်သူ့၏ဆုံးဖြတ်ချက်ကြောင့်ညီအစ်ကိုများကိုမပျော်မရွှင်ဖြစ်စေသည်ဆိုလျှင်တော့ကိုယ့်ကိုယ်ကိုခွင့်လွှတ်နိုင်မည်မဟုတ်။

"ဘာဖြစ်ကြတယ်ဆိုတာငါ့ကိုအမြန်ပြောပြစမ်းပါ..အကြောင်းတရားကိုမပြောပဲနိဂုံးချုပ်လိုက်တော့ငါ့ကိုစိုးရိမ်လွန်ပြီးသေသွားစေချင်နေတာလား"

ချောင်ရှင်ကိုကိုင်လှုပ်မိသည်။လုချန်မျက်လုံးများသည်စိုးရိမ်မှုကြောင့်နီရဲလာ၏။

"အဲ့တာအသစ်ခန့်အပ်လိုက်တဲ့မြို့တော်ဘုရင်ခံကြောင့်!!"

ကောချင်သည်ဤသို့ကောက်ချက်ချလာ၏။

"ဟုတ်တယ်..အမှန်ပဲ..သူငါတို့ကိုလူလို့တောင်မမြင်ဘူး..နေ့တိုင်းတစ်ရက်၁၂နာရီလောက်အလုပ်ခိုင်းတယ်..ညဘက်ကင်းလှည့်ရတယ်..မြို့တော်အတွင်းမတော်တဆမှုရှိရင်ပြဿနာသေးသေးလေးဆိုရင်တောင်လစာဖြတ်ပစ်ကော..သမ်းမိရင်တောင်ရင့်ရင့်သီးသီးအဆဲအဆိုခံရတယ်..ကြိမ်ဖန်များစွာလည်းပြစ်ဒဏ်အနေနဲ့အရိုက်ခံရတယ်..ဒါတွေကိုသည်းခံနိုင်ပေမယ့်လည်းငါတို့ရှေ့မှာအစ်ကိုကြီးကိုအပုတ်ချတဲ့စကားတွေပြောတာကိုတော့လက်မခံနိုင်ဘူး"

ညီအစ်ကိုတွေတစ်ယောက်ပြီးတစ်ယောက်အချိန်အကြာကြီးမြိုသိပ်ထားရသောမကျေနပ်ချက်များပွင့်အံကျလာကြသည်။

တစ်ယောက်ယောက်ကများသူ့ကိုစော်ကားပြောဆိုလာလျှင်လုချန်ဒီအတိုင်းသာလွှတ်ထားပေးလိုက်နိုင်သည်။သို့ပေမယ့်ဒေါသထွက်လွယ်သောလုချန်သည်ညီအစ်ကိုများကိုအနိုင်ကျင့်နှိပ်စက်လာသူအားအမှုန့်ချေချင်နေမိ၏။

"လွန်ခဲ့တဲ့နှစ်ရက်တုန်းကအကိုချောင်တောင်အလုပ်လုပ်တာမဆင်မပြေဘူးဆိုပြီးအချက်၂၀အရိုက်ခံရသေးတယ်"

ကောချင်မျက်နှာကငိုတော့မယောင်ဖြစ်လာသည်၊

"ဘာ!!!"

လုချန်ထိုင်ရာမှထရပ်ပြီးချောင်ရှင်ကိုဆွဲကာ

"မင်းကိုရိုက်နှက်ရဲလောက်အောင်သတ္တိရှိတဲ့သူတကယ်ပဲရှိတယ်ပေါ့..ဒဏ်ရာတွေကိုငါကြည့်ရအောင်..စိိုးရိမ်ရလားဆိုတာ"

"အရမ်းစိတ်မပူပါနဲ့..အရမ်းစိတ်မပူပါနဲ့..အစ်ကိုကြီးရဲ့..ငါ့အသားကအကြမ်းတမ်းဆုံးနဲ့အထူဆုံး..."

"အိုင်းယား"

ချောင်ရှင်သည်ခေါင်းမာကျိတ်ခံသောလူစားမျိုးဖြစ်သော်လည်းလုချန်ဘောင်းဘီကိုလိပ်တင်ကြည့်သောအခါမှာဒဏ်ရာနှင့်ပွတ်တိုက်မိပြီးနာကျင်လှတာကြောင့်မထိန်းထားနိုင်ပဲအော်လိုက်မိသည်။

ကြီးမားတုတ်ခိုင်သောခြေထောက်တွင်သိသားထင်ရှားသောအစင်းရာများကပြန့်ကျဲနေသည်။အရည်ပြားလန်နေသောနေရာအနီးတစ်ဝိုက်တွင်နီကျင့်ကျင့်သွေးစသွေးနများကျန်ရှိနေသေးသည်။လုချန်နှလုံးသားထဲကအောင့်တက်လာသလိုမျက်ဝန်းများကလည်းသွေးများစိမ့်ထွက်လာသကဲ့သို့နီရဲတွတ်လာသည်။

"ခွေးသား!ဒါဘယ်သူလုပ်တာလဲ!ရှောင်ချင်..ငါ့ကိုအဲ့ဒီဘုရင်ခံဆိုတဲ့သူဆီအမြန်လိုက်ပို့ပေးစမ်း"

ညီအစ်ကိုများကိုယ်ပေါ်ရှိဒဏ်ရာဒဏ်ချက်များကိုမြင်ရသည်မှာကိုယ်ကို၌ထက်ပို၍အရေးပါလှသည်။နစ်မြုပ်နေခဲ့သောတောင်ပေါ်ဓားမြစိတ်ဓာတ်ကပြန်လည်ရောက်ရှိလာသည်။လွန်လေပြီးသောအတိတ်နေရက်များထံမှရက်စက်ကြမ်းကြုတ်မှုများပြန်ရသွားသောသူသည်သက်ဝင်ထကြွနေသောတိုက်ချင်ခိုက်ချင်စိတ်များနှင့်သွေးများကလည်းဆူပွက်နေ၏။

"အစ်ကိုကြီး..အရင်ဦးဆုံးစိတ်အေးအေးထားပါ..အဲ့ဒီဘုရင်ခံ..ဘုရင်ခံကကျန်းဇီတုန်ပါ..အစ်ကိုကြီးသွားတွေ့မယ်ဆိုရင်ပြဿနာကိုဖိတ်ခေါ်မိသလိုဖြစ်သွားလိမ့်မယ်"

လျူချော်သည်လုချန်ကိုစိတ်လိုက်မာန်ပါမလုပ်မိစေရန်ဆိုင်းငင့်လာ၏။ညီအစ်ကိုများဤသို့နှယ်ဒုက္ခခံနေရသည်ကိုကိုယ်တိုင်လည်းမမြင်ရက်ပေမယ့်လုချန်၏ဆတ်ဆတ်ထိမခံသောစိတ်နေစိတ်ထားကိုလည်းသူသဘောပေါက်နားလည်သည်။သေသင့်သောကျန်းဇီတုန်မှအစ်ကိုကြီးကိုတိုက်ရိုက်ပျက်ရည်ပြုလာမည်အားသူသည်းခံနိုင်မည်မဟုတ်။

"ဘာ!!"

ထိုစကားသုံးလုံးကြားလိုက်ရသောအခါလုချန်လန့်ဖြန့်သွားပြီးထိုင်ခုံပေါ်သို့ပြန်ကျသွားသည်။

စဦးစရည်ရွယ်ချက်သည်ညီအစ်ကိုများကိုဘာကြောင့်များဤသို့ဆက်ဆံကြောင်းမေးမည်ပြင်ခဲ့ပေမယ့်အခုအချိန်မှာတော့အရာအားလုံးရှင်းလင်းလို့သွားသည်။ညီအစ်ကိုများဤသို့မတရားခံရခြင်းသည်သူနှင့်သက်ဆိုင်သည့်အရေးကိစ္စများကြောင့်သာ။သူ့ကိုယ်စားခံနေရခြင်းသာ။ကျန်းဇီတုန်သည်လုချန်အပေါ်တွင်ရှိနေသောမကျေမနပ်ချက်များကိုညီအစ်ကိုများထံတွင်ဖွင့်ချခဲ့သည်မှာမှားစရာတောင်မရှိ။

အရာအားလုံးကသူ့အပြစ်တွေပါပဲလား။

•••••

Hua Hua You Long[花花遊龍]Where stories live. Discover now