သန်းခေါင်ယံ ချစ်သူအပိုင်း(13)

17.5K 1.1K 28
                                    

သန်းခေါင်ယံ ချစ်သူ
အပိုင်း(13)

နွေဦးသည် သူ့ကို မနှစ်သက်ဘူးဆိုသော်လည်း သူ၏ အထိအတွေ့များကို မိမိကိုယ်ခန္ဓာက တဖြည်းဖြည်းယဉ်ပါး လို့လာသည်ကို လန့်လာမိသည်။ သူနှင့်ချစ်တင်းနှောပြီးနောက် စိတ်ရောကိုယ်ပါ ပေါ့ပါးကာ နှစ်ခြိုက်စွာအိပ်မောကျ သွားတာ များသည်။ ယခင်လို ခြောက်အိပ်မက်များလည်း သိပ်မမက်တော့ပေ။ ခါတိုင်းဆိုလျှင် ဘာရယ်မဟုတ် ရောက်တတ်ရာရာ လျှောက်တွေးရင်း ကိုယ့်အတွေးထဲကိုယ်ပိတ်မိကာ ညအတော်နှင့် အိပ်မပျော်သည့် အကျင့်လည်း သူ့အိပ်မွေ့ချသည့် တန်ခိုးကြောင့် ပျောက်သွားလေပြီ။

အိပ်ရေးဝလို့လား မသိတော့။ ဆေးရုံတွင် နွေဦး စိတ်ရှည်တတ်လာသည်။ လောကကြီးသည် ယခင်လောက် စိတ်ပျက်စရာ မကောင်းတော့ဟု တွေးစပြုလာသည်။ ယခင်ကဆိုလျှင် မိမိနေသည့် အိမ်မှ ဆေးရုံသို့သွားသည့် လမ်းတွင် လူကြပ်တာကအစ၊ ဆေးရုံတွင် အလုပ်များရသည့်အထဲ အလုပ်သင်အချင်းချင်း ကိုယ်ချင်းမစာ ခိုကပ် နေသည်ကို ကြည့်ကာ ဒေါကန်သည်က တမျိုး၊ အလုပ်များနေသည်ကို နားလည်မပေးနိုင်ပဲ ကိုယ်လိုချင်တာကို ချက်ချင်းမရလျှင် အော်ဟစ်ဆူပူနေသည့် လူနာရှင်များအဆုံး အားလုံးကို အရင်လို ဒေါသမထွက်တော့ပဲ ကိုယ်လုပ်စရာရှိတာ လုပ်ရင်း စိတ်ထားတတ်လာခဲ့သည်။

အကိုဇော်ကပင် သတိထားမိကာ ပြောလာခဲ့သည်။

"နွေဦး မင်းခုတလော စိတ်ကြည်နေပါလားကွ။ မျက်နှာလည်း ကြည်နေတယ်။ ဧကန္တရည်းစားနဲ့ အဆင်ပြေနေတယ် ထင်တယ်။ ဟုတ်လား ငါ့ညီ။"

နွေဦးက ကဝေကို မျက်လုံးထဲ ပြေးမြင်လို်က်ပြီး ရယ်ချင်သွားသည်။ မည်သူထင်မည်လဲ။ ညတိုင်း မိမိမမြင်ဖူးသည့် ကဝေချစ်သူတယောက်ရှိသည် ဆိုတာကိုပေါ့။

"မရှိပါဘူးဗျာ။ အကိုကလည်း။ ကျွန်တော်က ဆေးရုံနဲ့ အိမ် ပဲ သွားနေတာ ရည်းစားထားချိန်မရှိပါဘူးဗျာ။ "

"ဟကောင်ရ။ ဒီလိုပဲ သွားလာ၇င်းရှာရတာပေါ့။ မင်း တကယ်ပြောတာ။ ဒီလထဲ ငါ အကဲခတ်နေတာ မင်း အရင်ကလို စိတ်သိပ်မတိုတော့ဘူးကွ။ ပြောစမ်းပါကွာ။ အကိုလည်း ၀မ်းသာရအောင်။ ဘယ်က ကောင်မလေးလဲ။ အကို့ကို ပြလေ။ အကဲခတ်ပေးမယ်။ ငါ့ညီ ကို စိတ်ချမ်းသာအောင်လုပ်နိုင်တဲ့ မိန်းကလေးကို ကျေးဇူးတင်လို့။"

သန်းခေါင်ယံချစ်သူWhere stories live. Discover now