သန်းခေါင်ယံ ချစ်သူအပိုင်း(40)

10.7K 980 42
                                    

သန်းခေါင်ယံ ချစ်သူ
အပိုင်း(40)

မင်းသတိုးသည် မိမိအတွက်သတ်မှတ်ထားသည့် ထိုင်ခုံတွင် ၀င်ထိုင်ကာ ထူအားလားနှင့် ပုလဲနက်တို့ ၀င်သွားသည့် တံခါးမှ ထင်ဟပ်နေသည့် ပုံရိပ်ကို ကြည့်နေလိုက်သည်။ အနက်ရောင် တံခါးပေါက်နေရာက ပုံရိပ်များက နှင်းတောင် တစ်ခု၏ တောင်ခါးပန်းတွင် အမဲလိုက်နေသည့် ထူအားလားကိုတွေ့ရသည်။

သိမ်းဌက်တစ်ကောင်က သူမ၏ ပုခုံးပေါ်တွင် နားလျက် လေးနှင့်မြှားကို ကျောတွင် လွယ်ကာ တောင်စောင်းများတွင် ခြေမြဲမြဲဖြင့်သွားလာနေသည့် သူမသည် နုနယ်ပျိုမြစ်ကာ ယခုထက် ရိုးသားသည့် မျက်နှာသွင်နှင့်ဖြစ်သည်။ သူမကို ကြည့်ရတာ သူမရင်ထဲတွင် အနက်ရှိုင်းဆုံးနေ၇ာတွင် သိမ်းထားသည့် မှတ်ဥာဏ်ထဲရောက်နေပုံရသည်။

ရူပကလျာဏီသည် ဒုတိယ နာယက မှော်ဆရာဘိုးဘိုး၏ ပညာစွမ်းဖြင့် စစ်ဆေးသည့် ပုံစံကိုတွေ့တော့ စိုး၇ိမ်လာသည်။ ထူအားလား၏ နှလုံးသားထဲတွင် အမုန်းမီးများရှိသည်ကို မိမိသိသည်။ ထိုအမုန်းမီးက လူတစ်ယောက် ကို ပိုမိုထက်မြက်လာစေမည့် တွန်းအားဟု မိမိယုံကြည်သည်။

ထို့ကြောင့် ထူအားလားကို တပည့်အဖြစ်လက်ခံခဲ့တာကလည်း ထိုအမုန်းမီးက အင်မတန်ကို ပြင်းထန်လွန်းလို့ ဖြစ် သည်။ သူမ လူကြည့်မမှားခဲ့ပါ။ ထူအားလားသည် နောက်ဆုံးလက်ခံခဲ့သည့် တပည့်ဖြစ်သည့်တိုင်အောင် အထူးချွန်ဆုံး တပည့်မဖြစ်ခဲ့သည်။ ခက်ခဲကြမ်းတမ်းသည့် မိမိ၏ လေ့ကျင့်ပေးမှုကို အောင်မြင်ကာ မှော်ပြိုင်ပွဲဝင်နို်င်အောင်ကို စွမ်းရည်ထက်မြက်သည့် တပည့်ကို မွေးထုတ်နိင်ခဲ့သည်။ ထူအားလားကို မိမိနှင့် တစ်ပုံစံတည်းဖြစ်အောင် ပုံသွန်းထား ခဲ့ခြင်းဖြစ်သည်။

ယခုပြိုင်ပွဲလို ပြိုင်ပွဲဝင်တွေရဲ့ ရင်ထဲက အမုန်းတရားနှင့်ဒဏ်ရာကို တူးဆွကာ ဖြေရှင်းခိုင်းလိမ့်မည်ဟု ထင်မထားခဲ့ပါ။ ဒါဆိုလျှင် မိမိတို့လေ့ကျင့်ထားသည်ပုံနှင့် လုံးလုံးဆန့်ကျင်နေသဖြင့် ယခုပွဲတွင် ထူအားလား နိုင်ဖို့ခဲယဉ်းပေလိမ့်မည်။ ထူအားလားပင် မနိုင်လျှင် ပုလဲနက်လည်းနိုင်မည် မဟုတ်ပေ။ ဒါဆိုလျှင် မင်းသတိုးက တတိယအကြိမ် ခေါင်းဆောင်နေရာကို ဆက်ခံရပေလိမ့်မည်။ ခေါင်းဆောင်နေ၇ာကို သုံးကြိမ်တိတိ ဆက်ခံပြီးလျှင် သူက နောင်တွင် ဦးဆောင် နာယက အောက်က ဂုဏ်ထူးဆောင် ထိန်းသိမ်းစောင့်ရှောက်သူ နေရာကို ရသွားပေလိမ့်မည်။

ထိုသို့အဖြစ်မခံနိုင်ပါ။ နောက်ဆုံး ထူအားလားရှုံးလျှင် မင်းသတိုးကို နာယက များရှေ့ မှော်စည်းကမ်း ချိုးဖောက်အောင် လုပ်ကာ ပြိုင်ပွဲသာမက မှော်လောက မှ နှင်ထုတ်ခံရအောင် လုပ်ဖို့ကြံထားသည်။ ထို့ကြောင့်ရူပကလျဏီသည် ထူအားလား ၏ အနိင်အရှုံးကို ခေါင်းထဲ သိပ်မထည့်ပဲ မိမိတပည့် ပျုဒေ၀ီ ကို အသင့်ပြင်ထားဖို့ အမိန့်ပေးလိုက် သည်။
ပျူဒေ၀ီသည် ဆရာသခင်၏ အမိန့်ကိုရသောအခါ ခုံမှ မသိမသာထကာ ထွက်လာခဲ့သည်။ နွေဦးဆိုသည့် အဆင့်နိမ့်သည့် သေမျိုး လူသားကောင်လေးကို နှိပ်စက်ရန် ထွက်လာခဲ့သည်။

မင်းသတိုးသည် ပျူဒေ၀ီထွက်သွားလိုက်သည်ကို သတိမပြုလိုက်မိပေ။ ထူအားလား၏ ရင်ထဲက ဒဏ်ရာကို စိတ်ဝင်စားနေမိသည် မဟုတ်လား။ မင်းသတိုး၏ အာရုံက နှင်းတောထဲမှ အိမ်စုလေးထဲ လျှောက်သွားသည့် ထူအားလား ထံသို့ ရောက်နေသည်။

ထူအားလားသည် မှော်တံခါးကိုဖြတ်ပြီးဝင်သွားပြီးနောက် နှင်းတောထဲကို ရောက်သွားပြီး မိမိ အချစ်တော် သိမ်းဌက်ကြီးကို ပုခုံးပေါ်တင်လျက် မိမိကျောတွင် လေးနှင့်မြှားကို လွယ်ပြီး လက်ထဲတွင် ယုန်နှစ်ကောင်ကို ကိုင်လျက် ရပ်နေမိသည်ကို တွေ့လိုက်ရပြီး မိမိ အသက် 16 နှစ်က နှင်းတောထဲ အမဲလိုက်ခဲ့သည်ကို ပြန်သတိရလာသည်။

မှတ်မိပြီ။ အမားနေမကောင်းဖြစ်နေလို့ အမားကို အသားကျွေးချင်သောကြောင့် ကိုယ်တိုင် အမဲလိုက်ထွက်လာသည့် နေ့ဖြစ်သည်ကို အမှတ်ရလိုက်သည်။ ထိုသို့အမှတ်ရလိုက်စဉ် အိမ်တွင် အမား စောင့်နေမည်ကို တွေးကာ ရွာကို အမြန်ပြန်လာခဲ့သည်။ ထူအားလား၏ ဘ၀တွင် အမားကို အချစ်ဆုံးဖြစ်သည်။ အမားက သူ့တစ်ဘ၀လုံးကို မိမိကို ချစ်ကာ ပေးဆပ်ခဲ့သလို မိမိကလည်း အမားကို ချစ်သည်။

ရွာကိုလှမ်းမြင်ရတော့ ထူအားလား၏ ခြေလှမ်းများသွက်လာခဲ့သည်။ အမားအကြောင်းကို ပြန်သတိရလိုက်ကတည်းက မိမိ ပြိုင်ပွဲဝင်နေသည် ဆိုသည့် အချက်ကို မေ့သွားခဲ့သည်။ဒါကလည်း ထက်မြက်လှသည့် နာယက ဘိုးဘိုးများ၏ မှော်ပညာ မဟုတ်လား။ ထူအားလားသည် လွန်ခဲ့သော နှစ်ပေါင်း များစွာက 16 နှစ်သမီးဘ၀ကို ပြန်ရောက်သွား တော့သည်။ အမားကို ချစ်သည့်စိတ်ဖြင့် ထူအားလား၏ ရင်ထဲ အပျော်ဖြင့် ပြည့်နေသည်။ အမားကို ယုန်သား စွပ်ပြုတ် လုပ်တိုက်နိုင်တော့မည်။

"အမား.... ကျွန်မ ပြန်လာပြီ။"

ထူအားလား အိမ်ထဲကို ရလာသည့် ယုန်ကို ဆွဲကာ ၀မ်းသာအားရ ၀င်လာခဲ့သည်။ သို့သော် အိမ်ထဲတွင် ၀ုန်းဒိုင်းကျဲကာ မိခင်ကို ဒဏ်ရာ ဗရပွနှင့် လဲနေသည်ကိုတွေ့လိုက်ရတော့ ထူအားလားက ယုန်ကို ပစ်ချကာ မိခင်ကို ပြေးပွေ့လိုက်သည်။

"အမား..အမား... ဘယ်လိုဖြစ်တာလဲ။ အမားကို ဘယ်သူလုပ်တာလဲ။"

ထူအားလားသည် မိခင်ကို ပွေ့ကာ ဒေါသ ငယ်ထပ်တက်ဆောင့်ကာ ပြောလိုက်သည်။ သို့သော် မိခင်ဖြစ်သူက သတိမေ့နေသဖြင့် ပြန်မဖြေနိုင်တော့ပါ။ အမားကို ပွေ့ချီကာ အပြင်ကို ထွက်လာခဲ့သည်။ ထူအားလားသည် ငယ်ကတည်းက ယောကျာ်းလေး တစ်ယောက်လို အလုပ်ကြမ်းကို လုပ်ခဲ့သည့် အပြင် အမားကလည်း ပိန်ပိန်လေးဖြစ် လို့ အပြင်ကို ပွေ့ပြီး ထွက်လာနိုင်ခဲ့သည်။

ရွာသားများက အမဲလိုက်သွားနေသည့်အချိန် ဆိုတော့ ရွာထဲ လူမရှိသလောက်နည်းသည်။ ကျန်ရစ်သည့် မိန်းမများနှင့်ကလေးများက ထူအားလားကို ထွက်ကြည့်ကြသည်။ ထူအားလား သူတို့ကို ဂရုမစိုက်နိုင်ပါ။ အမားကို ကယ်နိုင်မည့်သူထံသို့ တခါတည်း ပွေ့ကာပြေးခဲ့သည်။

"အဘိုး..အဘိုး... အမားကို ကုပေးပါဦး။ အမားကို ကယ်ပါဦး.."

မိမိ၏ ရွာထဲမှ သမားတော် အဘိုးဆီကို အမားကို ပွေ့ချီကာ ခေါ်လာခဲ့သည်။ သမားတော် အဘိုးက အမား၏ လက်သွေးကြောကို စမ်းကာ ခေါင်းယမ်းလိုက်သည်။

"မ၇တော့ဘူး... ထူအားလား။ မင်းရဲ့ အမားကို ကုလို့မရတော့ဘူး။ သူက ဝေဒနာကို ခံစားရတဲ့ကြား ခုလို နှိပ်စက်ခံလိုက်၇တော့ မခံနိုင်တော့ဘူး။ ဒီညထိ မင်းအမား အသက်ရှင်ဖို့ မလွယ်ဘူး။"

ထူအားလား၏ ရင် အစုံကွဲအက်သွားသလို ခံစားလိုက်ရသည်။ အမေတစ်ခု သမီးတစ်ခု နေခဲ့သည့် ဘ၀တွင် အမားကို မည်သူ နှီပ်စက်သွားသည်ကို သိချင်သည်။ ထို့ကြောင့်သမားတော် အဘိုးကို မေးလိုက်သည်။

"အမားကို ဘယ်သူနှိပ်စက်သွားတာလဲ အဘိုး။ အဘိုးသိရင်ပြောပြပါ။"

သမားတော်ကြီးက သက်ပြင်းရှိုက်ကာ ထူအားလားကိုကြည့်ပြီး လေသံလေးလေးဖြင့် အဖြစ်မှန်ကို ပြောပြသည်။ အင်း..ထူအားလားလည်း အဖြစ်မှန်ကို သိချိန်တန်ပြီလေ။

"မင်းရဲ့ ခမည်းပဲ ထူအားလား။ သူ မင်းရဲ့ အမားကို သတ်ဖို့လာတာ။ ဒါပေမယ့် မင်းရဲ့ အမား အရမ်းကို ဝေဒနာ ခံနေရတာ မြင်လို့ ရိုက်ရုံပဲ ရိုက်သွားခဲ့တာ။"

"ရိုက်ရုံပဲ ရိုက်သွားတယ် ဘာကို ပြောတာလဲ။ ပြီးတော့ကျွန်မရဲ့ ခမည်း။ ဘယ်သူလဲ။ အမားပြောတာ ခမည်းက သေပြီဆို။ "

"အင်း ......မင်းရဲ့အမေက မင်းကို ဖုံးကွယ်ထားတာ ထူအားလား။တကယ်တော့ မင်းရဲ့ ခမည်းက မသေသေးဘူး။ သူက တိဘက်ဒေသကို အုပ်ချုပ်ရတဲ့ အကြီးကဲပဲ။"

ထူအားလားသည် မရှင်းသည့်အချက်ကိုေ မးလိုက်သည်။

"ခမည်းက ဘာကြောင့် အမားကို ရိုက်နှက်သွားတာလဲ။ ဘာကြောင့် အမားနဲ့ကျွန်မက သူနဲ့မနေရတာလဲ။ "

"အင်း......"

သမားတော် အဘိုးက သက်ပြင်းကို လေးလေးချကာ ပြောရန်တွန့်ဆုတ်နေသဖြင့် ထူအားလား ဒူးထောက်ကာ တောင်းပန်လို်က်သည်။

"ပြောပြပါ အဘိုး။ အမားကို ဘာကြောင့် ခမည်းက ဒီလောက်ရက်ရက်စက်စက် ရိုက်ရတာလဲ။"

"မင်းရဲ့ အမားက သူ့နောက်မိန်းမနဲ့ ကလေးကို သတ်ခဲ့လို့ပဲ။"

"ဘာ... အမား လူသတ်တယ် ဟုတ်လား။"

"ဟုတ်တယ်။ မင်းရဲ့အမားက မင်းအသက်အရွယ်တုန်းက အင်မတန်ကို နာမည်ကျော်ကြားတဲ့ အမဲလိုက်သမား။ အမဲလိုက်ရင်း မင်းရဲ့ ခမည်းနဲ့ တွေ့ပြီး လက်ထပ်ခဲ့တယ်။ ဒါပေမယ့် မင်းရဲ့ အမားက မင်းကိုမွေးပြီး သားအိမ်ပျက်စီးလို့ သားထပ်မမွေးနိုင်တော့ဘူ။ ဒါနဲ့ မင်းရဲ့ ခမည်းက နောက် မိန်းကလေးကို ထပ်ပြီး လက်ထပ်တယ်။ မင်းရဲ့ အမားက မင်းရဲ့ ခမည်းကို အရမ်းချစ်တယ်။ သူ့အပြင် နောက်မိန်းကလေးကို လက်ထပ်လို့ရယ်။ အဲ့မိန်းကလေးက မင်းရဲ့ ခမည်းအချစ်ကို ရလိုက်လို့ရယ်ကြောင့် သူက မကျေနပ်ခဲ့ဘူး။ မင်းရဲ့ ခမည်း နယ်စပ်မှာ တိုက်ပွဲဖြစ်လို့ အသွား။ အဲ့မိန်းကလေးက သားလေးမွေးတယ်။ မင်းရဲ့ ခမည်းပြန်မလာခင် မင်းရဲ့အမား ကအဲ့မိန်းကလေးနဲ့ ကလေးကို သတ်ပစ်ခဲ့ပြီး မင်းလက်ကို ဆွဲလို့ ထွက်ပြေးလာခဲ့တာပဲ။"

ထူအားလားသည် အဘိုးပြောသည်ကို နားထောင်ပြီးနောက် အေးစက်စက်မေးလိုက်သည်။

"ဒါကြောင့် အမားကို ခမည်းက သေအောင် ရိုက်သတ်သွားတာပေါ့ ဟုတ်လား အဘိုး။"

"အေး... မင်းရဲ့ခမည်းက လိုက်ရှာနေတာ ကြာပြီ။ ခု ဘယ်လိုကနေ သတင်းရသွားလဲ မသိဘူး။ ဒီကို လာသွားပြီး မင်း အမားကို အသေသတ်မလို့ပဲ။ ဒါပေမယ့် မင်းအမားက ရောဂါနဲ့ဆိုတော့ ရိုက်သွားတာ။ မင်းအမားက ရောဂါသည် ဆိုတော့ အဲ့ဒဏ်နဲ့ ဒီလိုဖြစ်သွားတာပဲ။"

ထူအားလားသည် အဘိုးကို ကြည့်ကာ ပြောလိုက်သည်။

"အမားကို ကြည့်ထားပေးပါ အဘိုး..."

"မင်း ဘယ်သွားမလို့လဲ ထူအားလား။ "

"ခမည်းကို လိုက်ပြီး ကန်တော့မလို့ပါ။ "

ထူအားလားပြောပြီး အိမ်ပြင်ကိုပြေးထွက်လာခဲ့သည်။ သမားတော် အဘိုးကပြေးထွက်ကာ အော်တားသော်လည်း ထူအားလား ရပ်တန့်မနေပါ။ မိမိသိမ်းဌက်ကြီးကို လေချွန်ခေါ်ပြီး ခြေရာခံလိုက်သည်။ နှင်းတောထဲ ခြေရာများက ထင်းနေသည်။ လားရာများက နက်နေသေးသည်။ မကြာသေးခင်က နင်းသွားပုံရသည်။

ထူအားလားသည် တောခွေးအ ၏ဇွဲမျိုးနှင့် လားခြေရာများနောက်ကိုလိုက်သည်။ သူ့ကို မိမိ မှီမှဖြစ်မည်။ မိမိ
ကျွမ်းကျင်သည့် နယ်မြေမှ ထွက်မသွားခင် မှီမှဖြစ်မည်။

"အမား.... အမားရဲ့ အချစ်အားလုံးကို ကျွန်မ ပြန်ပေးလိုက်ပါ့မယ်။ ခဏစောင့်ပေးပါ။ အမား ကျေနပ်စေရမယ်။"

အမားသည် တစ်ဘ၀လုံး ခမည်းကို တမ်းတကာ ရောဂါရခဲ့သည်။ ခမည်းကို မည်မျှချစ်သည်ကိုပြောပြသည်။ အမား ပြောတိုင်း ခမည်း အိမ်ကထွက်သွားသည်နှင့်အမြဲဆုံးသည်။ မိမိမေးတိုင်း ခမည်းလမ်းတွင်သေသွားသည်တဲ့။ ဟုတ်သားပ၊ဲ နောက်မိန်းမကို ခေါ်ဖို့ထွက်သွားသည့် ခမည်းသည် အမား ၏ ရင်ထဲတွင်သေသွားခဲ့လေပြီ။

"အမား မမှားဘူး။ ခမည်းက ဘာကြောင့် အမားကို ချစ်လျက်နဲ့ နောက်မိန်းကလေးကို ယူသလဲ။ ဘာကြောင့်
နောက်မိန်းမကို ချစ်ရတာလဲ။ အမား က သူ့ကို ချစ်ပြီး ဘ၀ကိုပေးထားလျက်နဲ့ ဘာကြောင့် အမားကို ပစ်ပယ်ထားရတာလဲ။ ဘာကြောင့်လဲ။ အမား... အမားရဲ့ အချစ်တွေ အားလုံးကို ကျွန်မ ပြန်ပေးလိုက်တော့မယ်။ ပြီးရင် တမလွန်မှာ ကျွန်မတို့ပျော်ပျော်နေကြမယ် အမား .."

ထူအားလား၏ မျက်ရည်များသည်ပါးပြင်ပေါ်တွင် ခဲသွားခဲ့သည်။ ရင်ထဲတွင် ခမည်းကို မမှီမှာစိုးသည့်စိတ်နှင့် ပူလောင်နေခဲ့သည်။တနေ့လုံး တစ်ညလုံး ခြေရာခံလိုက်ခဲ့သည်။ ညတွင် လှိုက်ဂူတစ်ခုထဲ ၀င်အိပ်ခဲ့သည်။ထို့နောက် မနက်နိုးသည်နှင့် ချက်ချင်းလိုက်သည်။ စိတ်ဇော ဆောင်နေသည်ရော။ ခရီးလမ်းကျွမ်းသည်ရောကြောင့် ခမည်းတို့အဖွဲ့ကိုမှီလာခဲ့သည်။နေထွက်တော့ သူတို့အဖွဲ့ကို မှီလာခဲ့သည်။

ထူအားလားသည် ရှေ့ကို ပန်းတက်ကာ နေရာကောင်းကို ယူထားသည်။သူတို့ ယခုမှ ခရီးဆက်ရန်ကြံနေသည်။ ထိုအထဲတွင် ခေါင်းဆောင်ဖြစ်မည့်သူကို ရှာသည်။

"ဟော...တွေ့ပြီ။"

အမား ကိုယ်တိုင် လက်ယက်ကန်းဖြင့် ခတ်ထားသည့် ခမည်း၏ ရုပ်ကို မိမိ အလွတ်ရနေသည် မဟုတ်လား။ အသက် အနည်းငယ် ကြိးသွားသည်က လွဲရင် အမား ရက်ထားသည့် ပုံနှင့် စွပ်ချွတ်ပါ။

ထူအားလားက ကျောတွင် လွယ်ထားသည့် လေးကိုဖြုတ်ကာ မြှားဖြင့် ချိန်လိုက်သည်။ ပစ်မှတ်ကာ မြင်းပေါ်တက်နေပြီ။ နေေ၇ာင်က သူ့အပေါ်ကို ဖြာကျနေသည်။

"မလုပ်နဲ့...ထူအားလား။ အဲ့ဒါ မင်းရဲ့ ခမည်း ...မလုပ်နဲ့။"

နားထဲတွင် အသံတစ်သံကို ကြားလိုက်သည်။ ထူအားလားသည် ဆရာ့အသံမှန်း သိလိုက်သော်လည်း မိမိ ၏ စိတ်အာရုံနှင့် ဆင်ခြင်တုံတရားက နှလုံးသား၏ အနက်ရှိုင်းဆုံး ဒဏ်ရာထဲ နှစ်မြှုပ်သွားလေပြီ။

"အမား... အမား တစ်ဘ၀လုံး တမ်းတ လာခဲ့တဲ့ အမားချစ်တဲ့ ယောကျာ်းကို တွေ့ပြီ အမား။ "

ထူအားလားသည် အမြဲ ပြတင်းတံခါးမှ အဝေးကိုမျှော်ငေးနေသည့် အမားကို မြင်ယောင်ပြီး မည်သူ့ကိုမျှော်သည်ကို သိလိုက်လေပြီ။ အမား တစ်ဘ၀လုံး မျှော်ခဲ့သူက ခမည်းကိုး။ နောက်ဆုံး ခမည်းအရောက်လာပြီး အမား ၏ အသက်ကို နူတ်ယူသွားခဲ့လေပြီ။

"နူတ်ဆက်ခဲ့ပါတယ် ခမည်း။ အမား တမလွန်မှာ တစ်ယောက်တည်းဖြစ်နေမှာစိုးလို့။ လိုက်ပြီး အဖော်လုပ်ပေးပါ။ တမလွန်မှာ အမားကို ရိုက်ခဲ့မိလို့ ကျေနပ်အောင် တောင်းပန်လိုက်ပါ။ "

ထူအားလား ၏နူတ်ခမ်းက ကျေနပ်စွာပြုံးပြီး မြှားကို ပစ်လွှတ်လိုက်သည်။

"၀ှစ်..."

"ဒုတ်...."

"ရန်သူ...ရန်သူ သခင်ကြီးကို မြှားနဲ့ပစ်တယ်။ လိုက်ကြဟေ့...."

ခမည်း၏ သက်တော်စောင့်များက ဒါးဆွဲကာ ချက်ချင်း တောင်စောင့်ကို တက်လာ၇န်ပြင်ကြသည်။ ခမည်းက တောင်စောင်းကိုမော့ကြည့်တော့ ထူအားလားကို တွေ့သွားသည်။ ခမည်း၏ မျက်နှာဝင်းခနဲဖြစ်သွားသည်။

"ထူအားလား သမီး...."

ထိုသို့အော်ပြီး ပါးစပ်မှ သွေးအန်ခဲ့သည်။ ထို့နောက် သူ့လူများကို တားလိုက်သည်။

"မလုပ်နဲ့။ ဒါ မင်းသမီးထူအားလားပဲ... သူ့ကိုခေါ်ခဲ့။"

ထူအားလားသည် ခမည်း၏ အသံကိုကြားသော်လည်း မတုန်မလှုပ်ငေးကြည့်နေသည်။ မြှားက ရင်ဘတ်ကို တစ်ဝက်လောက်ကို စိုက်ဝင်နေသည် မဟုတ်လား။

ထူအားလား၏ မျက်လုံးက ကျေနပ်မှုဖြင့် ပြုံးနေမှာသေချာသည်။ ချစ်သော အမားအတွက် အဖော်ရရန် ခမည်းကို တမလွန်ကို ပို့ပေးနိင်တော့မည်။

"ထူအားလား... သမီး..."

ထူအားလား ကျောခိုင်းလိုက်သည်။ မိမိ အမည်ကို ခမည်းခေါ်နေသည်ကို မကြားချင်ပါ။ သမီးလို့လည်းမခေါ်နဲ့။မိမိက တစ်သက်လုံး ခမည်းမရှိခဲ့သူလေ။ ယခုမှ အမားကို သတ်သည့် ခမည်းကိုလည်း မလိုချင်ပါ။

"အမား...ကျွန်မလာခဲ့ပြီ။"

ထူအားလားသည် အနောက်မှ လိုက်ဖမ်းသည့် ခမည်း၏ ရဲမတ်များ မမှီခင် တောင်ကမ်းပါးစွန်းမှ ချောက်ထဲကို ခုန်ချပစ်လိုက်သည်။ မိုက်မိုက်မဲမဲကို လွတ်လွတ်လပ်လပ်ကြီးကို ခုန်ချလိုက်တော့သည်။

မကြာခင်တွင် တမလွန်မှာ အမားကို တွေ့ရတော့မည်။ အရာအားလုံးကို အမှန်တိုင်းဖြစ်အောင် ပြင်ပေးနိုင်တော့မည် မဟုတ်လား။

"အမား...."

ထူအားလား သတိဝင်လာတော့ ခန်းမ အလယ်တွင် မတ်တပ်ရပ်လျက်သားဖြစ်နေသည်။ ယခုမှ ထူအားလား သတိဝင်လာသည်။ မိမိ ပြိုင်ပွဲဝင်နေသည် မဟုတ်လား။ မိမိ၏ နှလုံးသားထဲမှ အမုန်းတရားကို မိမိ အနိုင်မတိုက်နိုင် ခဲ့ပါ။ မိမိ ရှုံးနိမ့်သွားလေပြီ။

ထူအားလား အထိတ်တလန့်နှင့် ဆရာသခင်ကိုကြည့်လိုက်တော့ အေးခဲသွားအောင်ကို ကြောက်သွားမိသည်။ ဆရာ့ မျက်လုံးများက အေးစက်နေသည် မဟုတ်လား။ အပြစ်ပေးခံရတော့မည်ကို သိလိုက်သည်။

"မြောက်ပိုင်းမှော်ပညာရှင် ထူအားလား ပြိုင်ပွဲက ရှုံးနိမ့်သွားပြီ။ နောက်ပွဲကို ပြိုင်ခွင့်မရှိတော့ဘူး။"

ထူအားလား အဖြစ်မှန်ကို အေးဆေးစွာလက်ခံလိုက်သည်။ အမုန်းတရားဖြင့် အသက်ရှင်နေရသည့် မိမိ ဘ၀သည် အကြိမ်ကြိမ်ရှုံးနိမ့်နေရသည် မဟုတ်လား။ ထိုအမုန်းက ထူအားလားကို ချည့်နဲ့သွားစေခဲ့သည်။

x.............x........................x...........................x...................

နွေဦးသည် မေ့ဆေး training ပြီးလို့ မိမိတို့ဌာနကို ပြန်လာတော့ အခြေနေက တင်းမာနေသလို ခံစားလိုက်ရသည်။ သက်လွင်က အကျင့်ပုတ်သော ၊ အပျင်းထူသော မမကို အပီပေါင်းကာ ဌာနတွင် လူတွင်ကျယ်လိုက်လို့နေသည်။
နွေဦး မမှုပါ။ မိမိ ဆရာဝန်လုပ်ဖို့ လမ်းကို ရွေးချယ်ခဲ့တာ အထက်အရာရှိကို ကပ်ဖားပြီး အနေချောင်ချင်ခဲ့တာမှ မဟုတ်ပေ။ လုပ်စရာရှိတာ လုပ်မည်။ မကြာခင်လည်း အလုပ်သင်လည်းပြီးတော့မည်။

ဒီလူတွေကို နောက်ထပ်တွေ့ချင်လည်း တွေ့မည်။ တွေ့ချင်မှလည်းတွေ့မည်။ တခဏတာ တွေ့ရသည့်အခိုက် တစ်ယောက် ကို တယောက် မကောင်းပြောကာ၊ နှိပ်ကွပ်နေမည့်အစား လုပ်စရာမျာကို ဖိလုပ်လိုက်ရန် ဆုံးဖြတ်ကာ မည်သူနှင့်မှ စကားသိပ်မပြောပဲ အလုပ်ကို လုပ်နေမိသည်။

သို့သော် မိမိတို့ဌာနက ပုံမှန်မဟုတ်သည့် အနေထားဖြင့်ပြောင်းလဲနေသည်ကို နွေဦး သတိထားမိလာသည်။ မိမိနှင့် စကားပြောအဆင်ပြေသည့် စကားနည်းကာ အလုပ်ကြိုးစားသည့် မမနွယ်က မိမိအပေါ်ကို ရုတ်တရက် အေးစက်ကာ စကားမပြောပဲေ၇ှာင်ဖယ်နေသည်။ မိမိက တွေ့လို့နူတ်ဆက်သည်ကို မျက်မှောင်ကုတ်ကြည့်ကာ
မျက်နှာလွှဲသွားခဲ့သည်။

သူနာပြုဆရာမများရှေ့ဖြစ်လို့ နွေဦး အမ်းသွားခဲ့သည်။ ဘာဖြစ်တာလဲဟု တွေးနေစဉ် အကိုဇော် ၀င်လာသဖြင့် နွေဦးအားတက်သွားခဲ့သည်။

"အကိုဇော်....Good Morning ပါ။"

"အေး... မင်းလည်း အလုပ်ကို ဒီထက် စောစော လာနိုင်အောင် လုပ်ဦး။ အမြဲ 9 နာရီကျော်မှ ရောက်တယ်။ အလုပ်သင်ဖြစ်ပြီး စည်းကမ်းကို မရှိဘူး။ နောင် မင်းလက်အောက်က လူတွေကို မင်း ဘယ်လို အုပ်ချုပ်မလဲ။"

နွေဦး ဆွံ့အသွားခဲ့သည်။ အကိုဇော် မိမိကို ဒီလိုလေသံ၊ ဒီလိုပုံစံနှင့်တစ်ခါမှ မပြောဖူးခဲ့ပါ။ အမြဲ အကျိုးကြောင်းနှင့် ပြောနေကျ အကိုဇော်က အခြားလူတစ်ယောက်လိုကို ပြောင်းလဲသွားခဲ့သည်။

"ဘာလုပ်နေတာလဲ ကော်ဖီဖျော်လေ။ ကျုပ်က နိုက်ဂျူတီကျနေတာ။ တညလုံး တမှေးမှ မမှေးရသေးဘူး။ ပြီးရင် OT က ၀င်ရအုံးမယ်။ အလိုက်ကမ်းဆိုးကို မသိဘူး။"

နွေဦးသည် အကိုဇော်၏ လေသံတင်းတင်းနှင့် အမိန့်ဆန်ဆန် ခိုင်းစေသည့် စကားကြောင့် ၀မ်းနည်းကာ စကားသံပင် မထွက်နိုင်တော့ပေ။ သို့သော် အကိုဇော့်ကို ကော်ဖီဖျော်ပေးလိုက်ပါ။

"အကို ကော်ဖီရပါပြီ။"

"အေး... မင်းလည်း သက်လွင်ကို အတုခိုးအုံး။ အဲ့ကလေးဆို အရမ်းကို အလိုက်သိတတ်တယ်။ ကိုယ့် အထက်က အကို၊ အမတွေ ကိုဆို ဘာလိုအပ်တယ် ဆိုတာ ပြောစရာမလိုဘူး။ အားလုံးလုပ်ပေးပြီးသား။သူနဲ့ အတူတူ အလုပ်ဆင်းရရင် စိတ်ကို ချမ်းသားလို့။"

နွေဦး သည် အကိုဇော်၏ ပြောင်းလဲသွားသော သဘောထားကို ငေးကြည့်ကာ ရင်ထဲက ယုံကြည်မှုတို့ ပြိုကွဲသွားခဲ့သည်။ မိမိထင်ထားတာက အကိုဇော်သည် လူမှန်၊ မည်သူ့ကိုမှ မဖားပဲ အလုပ်တော်သည့် အလုပ်ကြိုးစားသည့် အကိုဖြစ်သည်။ယခု မေ့ဆေးဘက်ကို သွားသည့် ကာလအတွင်း အကိုဇော် ဘာကြောင့်
ဒီလောက်ပြောင်းလဲသွားသည်ကိုနားမလည်တော့ပေ။

"ဟုတ်တယ်။ ကိုယ်က အလုပ်သင်ပဲရှိသေးတယ်။ အလုပ်သင်ဆိုတာ ဆရာဝန် တစ်ယောက်ရဲ့ လက်တွေ့ ဘ၀နဲ့ အလုပ်ကို သင်ကြား၇တာ။ မင်း ဒီလို အချိန်ဆိုရင် ကိုယ့်အကို၊ အမတွေကို မာနတခွဲသားနဲ့ မနေပဲ ရိုရိုကျိုးကျိုး ဆက်ဆံမှ မင်းကို ချစ်ခင်ပြီး လိုတာကို အားလုံးသင်ပေးကြမှာပေါ့။ အခုက မင်းက မာနတခွဲသားနဲ့။ တကယ်ဆိုရင် မင်းတို့က ဘွဲ့တောင်မရသေးဘူး။ စာတွေ့ကို လက်တွေ့နဲ့ ပေါင်းစပ်ပြီး သင်နေရတဲ့ ကျောင်းသား သာသာ အဆင့်ပဲရှိသေးတယ်။ မင်း ဒီပုံစံဆို ဘယ်တော့မှ ဆရာဝန်ကောင်းဖြစ်လာမှာ မဟုတ်ဘူး။"

မနွယ်က ထိုသို့ ပြောလာတော့ နွေဦး အငွေ့ပျံသွားချင်စိတ်ပေါက်လာခဲ့သည်။ သူတို့ ဘယ်လိုဖြစ်သွားတာလဲ။ အရင်က ပြောထားတာကိုမေ့လိုက်ကြတာလား။ မိမိပဲ တကယ်ကို အဲ့လောက် အသုံးမကျဖြစ်နေတာလား။ အလုပ်သင် ဆင်းတာ နောက်ဆုံး 1 လပဲ လိုတော့သည့် အချိန်ကျမှ သူတို့ ဘာကြောင့် ဒီလိုပြောကြတာလဲ ဆိုတာ မတွေးနိုင်အောင် ဖြစ်မိသည်။

အကိုဇော်ကပါ ကော်ဖီကို မော့သောက်ပြီး ပြောလာခဲ့တော့ နွေဦး တင်းထားသမျှ ပြိုလဲသွားတော့သည်။

"ဟုတ်တယ်။ မင်းဘယ်တော့မှ ဆရာဝန်ကောင်းဖြစ်လာမှ မဟုတ်ဘူး နွေဦး။ မင်းက အရာရာကို သိတတ်တဲ့ပုံနဲ့ ဘာမှ လေ့လာ မှတ်သားတာ မရှိဘူး။ အကြီးတွေ သင်ပေးရင် ပြန်ပြန်ပြောသေးတယ်။ "

နွေဦး လုံးဝ မခံနိုင်တော့သဖြင့် အခန်းအပြင်ကို ပြေးထွက်ကာ အိမ်သာထဲကို ထွက်လာခဲ့သည်။ အိမ်သာထဲသို့ဝင်ကာ တံခါးကို ပိတ်ပြီး ကြွေကမုတ်အပေါ်ဖုံးကို ချကာ ထိုင်လိုက်ပြီး လက်သီးဆုပ်ကို ကိုက်ကာ နင့်နင့်သည်းသည်း နှင့် အသံမထွက်ပဲ ကြိတ်ပြီး မျက်ရည်ကျနေမိသည်။

"ကဝေကြီး...ကျွန်တော့်နားလာပါတော့....ကျွန်တော် မခံနိုင်တော့ဘူး။"

ပျူဒေ၀ီသည် နွေဦး အခန်းထဲ မှ အပြေးတစ်ပိုင်းထွက်သွားသည်ကို ကြည့်ကာ ပြုံးနေမိသည်။ လက်ထောက်ဆရာဝန် နှစ်ယောက်ကို လုပ်ထားသည့် မှော်ပညာကို ရုပ်သိမ်းလိုက်တော့ သူတို့နှစ်ယောက်လည်း ကြောင်တောင်တောင် ဖြစ်ကျန်ရစ်ခဲ့သည်။

"ဟောတော်.. နွေဦးက ဘယ်ကို ထွက်သွားတာလဲ။ ဒီကလေး။ "

မနွယ်က နွေဦးပျောက်သွားလို့ ရှာနေသည်။ အကိုဇော်လည်း ကော်ဖီခွက်ကို ချကာ မေးလိုက်သည်။

"ကျွန်တော် ဘယ်တုန်းက ကော်ဖီဖျော်လိုက်တာလဲ မနွယ်။"

"ဘယ်သိပါ့မလဲ။ ခဏက ငိုက်ခနဲဖြစ်သွားသလိုပဲ။ ရှင် ၀င်လာတာတောင် သတိမထားမိဘူး။"

"အေးဗျား။ ကျွန်တော်လည်း တညလုံး ဆက်တိုက်ဆိုတော့ နည်းနည်းကြောင်နေပြီ ထင်တယ်။
ကော်ဖီဖျော်သောက်နေမိတာ မသိလိုက်ဘူး။ နည်းနည်းတော့ လွတ်နေပြီဗျာ။ "

မှော်ပညာနှင့်ပြုစားခံရသည့် ဆရာဝန် နှစ်ဦးက အချိန်ကာလ တစ်ခုကြား မိမိတို့ ဘာလုပ်ခဲ့မိသည်ကို လုံးဝ မမှတ်မိပေ။
နွေဦးကတော့ သူတို့ ပြုစားခံရသည်ကို မသိပဲ တမင်ကို ၀ိုင်းနှိပ်ကွပ်သည် ထင်ကာ နာကျင်သည့် စိတ်နှင့် မင်းသတိုးကို အူလှိုက်သည်းလှိုက်ကို တလိုက်မိသည်။

"နွေဦး........."

မင်းသတိုး ဘယ်လိုမှ နေလို့မရတော့ပါ။ ထို့ကြောင့် ထိုင်ခုံမှ ထကာ ဆရာသခင်ကို ခွင့်တောင်းလိုက်သည်။

"ဆရာ ကျွန်တော် ခဏ အပြင်ကို သွားပါရစေ......"

ဆရာသခင်က သာမန်ထင်ကာ ခေါင်းငြိမ့်လိုက်သည်။ မင်းသတိုးသည် အပြင်ကို ရောက်တော့ ကိုယ်ယောင်ဖျောက်ကာ နွေဦးထံကို ပြေးလာခဲ့သည်။

"နွေဦး ကလေးလေး....."

"ဟင်.........ခင်ဗျား ဘယ်သူလဲ။"

"ကိုယ်ပါ ... မင်းသတိုးပါ။"

နွေဦးသည် ရုတ်တရက် မိမိ အိမ်သာခန်းထဲ လူတစ်ဦး ဗြုန်းခနဲပေါ်လာပြီး မိမိကို ဆွဲဖက်ထားလိုက်သဖြင့် လန့်ကာ မေးလိုက်သည်။ သူ့အဖြေကိုကြားတော့ မျက်နှာကို မော့ကြည့်လိုက်တော့ ရွှေရောင် မျက်နှာဖုံးကို တပ်ထားသည့် လူတစ်ဦး။ သူ့မျက်နှာကို မမြင်ရသော်လည်း ဒီအထိအတွေ့ ၊ ဒီလေသံ။ မိမိ လွမ်းနေရသည့် ချစ်သူ။

"ကဝေကြီး... ခင်ဗျား ရက်စက်တယ်။"

နွေဦး သူ့ကို တင်းကြပ်စွာပြန်ဖက်ထားပြီး ပြောလိုက်သည်။ တကယ့်ကို အားကိုးတကြီးနှင့်ကို ပြောလိုက်သည်။ နွေဦး၏ ရင်ထဲတွင် အေးစက်ခြင်း၊ ခိုကိုးရာမဲ့ခြင်းကြောင့် တုန်ယင်အေးစက်ကာ ဟာနေသည်။ မိမိအကြောက်ဆုံးအရာ တစ်ခု ပြန်ဖြစ်လာလေပြီ။

"Depression....ဟင့်အင်း။ ကျွန်တော့်ကို အမှောင်ထဲ မထားခဲ့ပါနဲ့။ ကျွန်တော်ကြောက်တယ် ..."

မင်းသတိုးသည် နွေဦးကိုတင်းတင်းဖက်ကာ ပြောလိုက်သည်။

"စိတ်ချပါ။ ကိုယ် မင်းကို ပစ်မထားတော့ဘူး။ မင်းကို စောင့်ရှောက်ဖို့ အရာအားလုံးနဲ့လဲရဲတယ်.   .နွေဦးလေး......"

နွေဦးသည် သူ့စကားကိုကြားလိုက်ရသည်နှင့် မျက်ရည်က ပိုပြီး စီးကျလာခဲ့သည်။ သူ့၇င်ဘတ်တွင် မိမိ မျက်ရည်က စိုလူးသွားခဲ့သည်။

"ကျွန်တော့်ကို ထားမသွားပါနဲ့ ...."

နွေဦး ထိုစကားကိုပဲ ပြောနေမိသည်။ ကဝေကြီး ထပ်ပြီးပျောက်သွားမှာကိုကြောက်နေမိသည်။


သန်းခေါင်ယံချစ်သူWhere stories live. Discover now