သန်းခေါင်ယံ ချစ်သူအပိုင်း(42)

10.6K 1K 48
                                    

သန်းခေါင်ယံ ချစ်သူ
အပိုင်း(42)

ရူပကလျာဏီသည် နွေဦးကို နာယက ဘိုးဘိုးကြီးများရှေ့ ခေါ်လာမည် မထင်ထားသဖြင့် အဖြစ်မှန်ပေါ်သွားပြီးနောက် ကျန်လူများကို သွေးခွဲရန် တင်လျှောက်လိုက်သည်။ ရူပကလျာဏီ၏ သွေးခွဲမှုက အထိုက်လျောက်တော့ အောင်မြင်ပုံရ သည်။ မှော်ပညာရှင်အများစုက ခေါင်းတညိမ့်ညိမ့် လုပ်လာကြသည်။

သွေးမခွဲလို့လည်းမရတော့ပေ။ မိမိတပည့် ထူအားလားလည်း ပြိုင်ပွဲတွင် ရှုံးသွားလေပြီ။ တောင်ပိုင်းမှော်ပညာရှင် ပုလဲနက်လည်း အရှုံးပေးကာ ထွက်ခဲ့လေပြီ။ လောလောဆည် မင်းသတိုးကနှစ်ပွဲနိုင်ထားပြီ မဟုတ်လား။ မင်းသတိုးကို မိမိ ရအောင်ရှင်းဖို့ အရေးကြိးနေသည်။ မင်းသတိုးကို မှော်လောကသားများနှင့် လှည့်တိုက်ရမည်။

"ကျွန်မက အဆင့်မြင့်မှော်ပညာရှင်တစ်ဦးပါ။ သေမျိုးဖြစ်တဲ့ လူသားတစ်ဦးကို အကြောင်းမဲ့ မှော်ပညာသုံး တယ်ဆိုတာက ခေါင်းဆောင်တန်မယ့် လူသားတစ်ဦးနဲ့ သွေးနှောပြီး ချစ်ခင်နေတဲ့ လက်ရှိ အရှင်သခင် မင်းသတိုးကို သတိပေးချင်လို့ပါ။ ခေါင်းဆောင်ဆိုတာ အားလုံးရဲ့ စံပြဖြစ်ရမယ့်အစား လူသားတစ်ဦးအတွက် မှော်ပညာကို အလွဲသုံးစား ပြုလုပ်နေပါတယ်။ "

နွေဦးသည် ရူပကလျာဏီဆိုသည့် မှော်ပညာရှင်မ၏ စကားကြောင့် အခြားမှော်ပညာရှင်များက ခေါင်းတငြိမ့်ငြိမ့်လုပ် နေကြသည် ကိုတွေ့တော့ စိုး၇ိမ်လာသည်။ မိမိကြောင့် ချစ်သူ မင်းသတိုး ထိခိုက်နစ်နာမည့် အရိပ်အယောင်ကို တွေ့နေရသည်။ နွေဦးစိုးရိမ်စိတ်ကြောင့် လက်မှ ချွေးစေးများပြန်လာခဲ့သည်။ မိမိကြောင့်သူ အပြစ်ပေးခံရလျှင် ဆိုသည့် အတွေးက ရင်ကို ဖိစီးလာခဲ့သည်။

မဖြစ်စေချင်ပါ။ မိမိကြောင့် တစ်ဖက်လူ ထိခိုက်မည်စိုးလှသဖြင့် ကိုယ့် သူငယ်ချင်းများ အပေါ်မှာပင် အတတ်နိုင်ဆုံး သတိထားခဲ့သည်။ ယခုလို မိမိကို အစွမ်းကုန်ချစ်ပေးသည့် ကဝေကြီးက မိမိကြောင့် ထိခိုက်နစ်နာမည်ကို တွေ့တော့ နွေဦး ဘယ်လိုမှ ကို စိတ်ကိုထိန်းထားလို့မရတော့ပေ။

"ငါက ဂြိုလ်ကောင်ပဲ။ ငါက မွေးဖွားမလာသင့်ဘူး။ ငါ့ကြောင့် ဘယ်သူမှ စိတ်မချမ်းသာရဘူး။ ငါ့ကြောင့် အခြားသူတွေ အမြဲထိခိုက်နေ၇တယ်။ ငါ့ကြောင့်...."

နွေဦး၏ စိတ်အာရုံအားလုံး အမှောင်ဖုံးစပြုလာခဲ့သည်။ လေထဲမှ မမြင်ရသည့် နံရံက တဖြည်းဖြည်းကျူံ့လာသလို ခံစားရသည်။ မိမိကို လေးဘက် လေးတန်မှ လာပိနေသလို ခံစားရကာ အသက်ရှုရကြပ်လာခဲ့သည်။

"နွေဦးလေး...ကိုယ်က မင်းရဲ့ အချစ်ကြောင့် ပိုသန်မာလာသူပါ။ မင်းကိုယ့်ကို ယုံတယ် မဟုတ်လား။ "

ရုတ်တရက်ကြားလိုက်ရသည့် စကားသံကြောင့် နွေဦး၏ အမြင်တို့ ရုတ်တရက် လင်းသွားခဲ့သည်။ လေထုထဲမှ ပိကျလာသည့် နံရံသည်လည်း ပျောက်ကွယ်သွားခဲ့သည်။ အသက်ကို ၀၀ရှုသွင်းကာ နွေဦးသူ့ကို မော့ကြည့်လိုက်တော့ ရွှေရောင်မျက်နှာဖုံးအောက်မှ သူ့မျက်ဝန်းများက နွေးထွေးလွန်းလှသည်။ အချစ်တို့ဖြင့်တောက်ပနေသည်။

"ယုံတယ်။ ခင်ဗျားကို ယုံတယ်။"

နွေဦး တိုးတိုးပြန်ဖြေလိုက်သည်။ ရင်ထဲ ဆို့နေသည်လည်း တစ်ခါတည်းကို ကျေသွားခဲ့သည်။ နွေဦး သူ့လက်ကို တင်းတင်း ဆုပ်ထားလိုက်တော့သည်။ ယခုမှ ပတ်ဝန်းကျင်မှ အသံအားလုံးကို ပြန်ကြားရတော့သည်။ မှော်လောက သားအားလုံးက သူ့ကို ၀ိုင်းပြီး အပြစ်တင်နေကြသည်။ တစ်ချို့က တွေဝေနေသည်။ တချို့က ဒေါသထွက်နေကြသည်။ တစ်ချို့ မနှစ်မြို့သလိုကြည့်နေသည်။

မင်းသတိုး သူတို့ မည်သို့ပြောပြော ဂရုမစိုက်ပါ။ အပြောင်းလဲမြန်သည့် မှော်ဆရာများ၏ စိတ်ဓါတ်ကို မိမိ အံတို နေအောင် သိပြီးဖြစ်သည်။ အသက်ရှည်ကျင့်စဉ်ကို အောင်မြင်ပြီး မှော်ပညာတတ်မြောက်ပြီးသည်နှင့် မိမိလည်း လူသား ဖြစ်သည် ဆိုတာကို မေ့ပစ်ပြီး စိတ်ကြီးဝင် နေသည်ကို သိတာပေါ့။ မကောင်းတတ်လို့သာ ထုတ်ဖော်မပြောကြ သော်လည်း လူသားများသည် သေမျိုး၊ မိမိတို့ထက် နိမ့်ကျသည်ဆိုသည့် အတွေးက ခေါင်းထဲ စွဲနေကြသည် မဟုတ်လား။

နာယက ဘိုးဘိုးက လက်မြှောက်လိုက်သည်နှင့် အားလုံးငြိမ်ကျသွားခဲ့သည်။ မငြိမ်လို့လည်းမရပေ။ ဘိုးဘိုး၏ မှော်ပညာကို အားလုံးက ကြောက်ရသည် မဟုတ်လား။

နာယက ဘိုးဘိုးက မင်းသတိုးဘက်ကိုလှည့်ကာ မေးလိုက်သည်။

"မင်း ဘာပြောချင်သလဲ မင်းသတိုး။ ခေါင်းဆောင်တစ်ယောက်အနေနဲ့ မှော်ဥပဒေကို ချိုးဖောက်ပြီး လူသား တစ်ဦးနှင့် သွေးနှောတယ်။ ချစ်ကြိုးသွယ်နေတယ် ဆိုတာကို မင်း ဘယ်လို ဖြေရှင်းမလဲ။"

မင်းသတိုးသည် ဘိုးဘိုးကို ဦးတိုက်ကာ ဖြေရှင်းလိုက်သည်။

"ဘိုးဘိုးဘုရား။ ကျွန်တော်တို့ မှော်ပညာရှင်တွေ မလွဲမသွေလို်က်နာရမည့် စည်းကမ်းတစ်ခုက ကိုယ့်ကျေးဇူးရှင်ကို အသက်ပေးပြိးကာကွယ်ရမယ်ဆိုတာ ရှိပါတယ်။ ကျွန်တော့် ကျေးဇူးရှင်ဖြစ်တဲ့ ဒီလူသားကောင်လေးကို ကျွန်တော် အသက်ပေးထားပါတယ် ဘိုးဘိုး။"

မှော်ပညာရှင်အားလုံး အံ့အားသင့်ကာ ရေရွတ်သံများဆူညံသွားကြသည်။

"မဖြစ်နိုင်ဘူး။ "

"လိမ်တာ ဖြစ်မယ်။"

"မှော်လောက အရှင်သခင်ကို လူသားက ဘယ်လိုကယ်နိုင်မလဲ။"

ပရိတ်သတ်အားလုံး၏ စကားသံများဆူညံလာခဲ့သည်။ ရူကလျာဏီသည် ဘိုးဘိုးကို ဦးတိုက်လျှောက်ထားလိုက်သည်။

"မင်းသတိုး မုသားပြောနေတာကို အပြစ်ပေးတော်မူပါ ဘိုးဘိုး။ သေမျိုးဖြစ်တဲ့ လူသားက မှော်လောကရဲ့ အရှင်သခင်ကို ကာကွယ်ပေးတယ်ဆိုတာ ယုံတမ်းစကားဖြစ်နေပါတယ်။"

နာယက ဘိုးဘိုးက မင်းသတိုးကို ဖြေရှင်းရန် မေးဆတ်ပြလိုက်သည်။ မင်းသတိုးသည် ဆေးဆေးစွာပင် အဖြစ်ပျက်ကို ပြောပြသည်။ ထိုအခါကျမှ မင်းသတိုး ဘာကြောင့်ဒဏ်ရာ ရခဲ့သည်ကို နွေဦး သိရတော့သည်။ အသက်တစ်ရာနီးပါး ထင်၇အောင် အိုမင်းလှသည့် အဖိုးကြီးတစ်ဦး ဒဏ်ရာများနှင့် လဲကျနေရသည့် အကြောင်းရင်း၊ ပြီးတော့ မိမိ သွေးသွင်းပေးလိုက်ပြီး သွေးနှောသွားရသည့် အကြောင်းရင်း အားလုံးကို နားလည်တော့သည်။

"ကဝေနက်နဲ့အဖွဲ့နောက်ကို ကျွန်တော် လိုက်ပြီးနှီမ်နှင်းတဲ့အချိန်မှာ ကျွန်တော်တို့ ချုံခိုတိုက်ခံရပါတယ်။ ကျွန်တော်တို့ လာမှာကို ကဝေနက်တွေက ကြိုပြီး သတင်းရထားခဲ့တယ်။ ဒါကြောင့် ကျွန်တော်တို့က မန်းစက်တော်ရာ နားမှာ အ၀ိုင်းခံရပါတယ် ဘိုးဘိုး။ "

"မင်းတို့သွားတာကို ကဝေနက်တွေက ဘယ်လိုသတင်းရတာလဲ။"

"အတွင်းသတင်းပေါက်ကြားလို့သိတာပါ ဘိုးဘိုး။ "

"မဖြစ်နိုင်ဘူး။ ကဝေဖြူနဲ့ ကဝေနက်ကြား ဘယ်လိုမှ ပူးပေါင်းတာ မလုပ်ကြဘူး။ မင်း ဘယ်လိုဖြစ်တယ်ပဲ ဆက်ပြောပါ။ မင်း တစ်ယောက်တည်း အသက်ရှင်ကျန်ရစ်ခဲ့တဲ့ အဖြစ်ကို မှော်လောကသား အားလုံးသိအောင်ပြောပြပါ မင်းသတိုး။"

"မှန်လှပါ ဘိုးဘိုး။ ကျွန်တော်တို့ ရွှေစက်တော်ရာခြေရင်းမှာ တိုက်ပွဲဖြစ်ကြပါတယ် ။ အဲ့ပွဲမှာ ကျွန်တော့်လူတွေက ရွပ်ရွပ်ချွန်ချွန်တိုက်ရင်း တစ်ယောက်ပြီး တစ်ယောက် အသတ်ခံရတဲ့အချိန် ၊ နောက်ဆုံး ကျွန်တော် တစ်ယောက်ပဲ ကျန်တော့တယ်။ သူတို့က ကျွန်တော့်ကို အပြတ်ရှင်းဖို့ ဆုံးဖြတ်ထားပုံပဲ။ ဒါကြောင့် ကျွန်တော် ဓါတ်ကြီးလေးပါးကို စုစည်းပြီး အဲ့ပတ်လည်ကို ဖောက်ခွဲလိုက်ပါတယ်။ ကဝေနက် အားလုံး ပေါက်ကွဲသွားခဲ့ပြီး မျိုးပြုတ်သွားခဲ့ပါတယ် ဘိုဘိုး။"

"ဟင်..."

"ဟာ..."

"ဓါတ်ကြီးလေးပါးကို စုစည်းပြီး စေခိုင်းနိုင်တယ်..."

"မဖြစ်နိုင်ဘူး..."

"မင်းသတိုးက အဲ့လောက်အစွမ်းထက်နေပြီလား..."

မှော်လောကသားအားလုံး အံ့သြသံဖြင့် ဆူညံသွားခဲ့သည်။ သူတို့အားလုံး ထင်မထားခဲ့ပါ။ မင်းသတိုးသည် မှော်လောကကို အုပ်ချုပ်သည့် သက်တမ်းအတွင်း သူ့ပညာကို ၀ါကြွားခြင်း မရှိခဲ့ပေ။ လွန်ခဲ့သော ပြိုင်ပွဲတွင် မင်းသတိုးက ဓါတ်ကြီးလေးပါးကို စေခိုင်းနိုင်ခြင်းမရှိသေးပေ။ ထို့ကြောင့် အားလုံးက လေးစားကာ ရွံ့သွားသည်။ ဓါတ်ကြီးလေးပါးကို ကောင်းမွန်စွာ ထိန်းချုပ်နိုင်သူသည် နာယက အဆင့်နီးနီး အစွမ်းထက်သူ ဖြစ်သည် မဟုတ်လား။

"မင်း ကောင်းကောင်းထိန်းချုပ်နိုင်တာလား မင်းသတိုး။"

"အဲ့အချိန်က မထိန်းချုပ်နိုင်သေးပါဘူး ဘိုးဘိုး။ ကျွန်တော် ကျင့်နေဆဲပါ။ အဲ့ပွဲမှာ ကျွန်တော် စမ်းသုံးလိုက်တာပါ။ ကဝေနက်အားလုံး မျိုးပြုတ်ရုံမကဘူး။ ကျွန်တော်လည်း ဒဏ်ရာတွေ ရသွားခဲ့တယ်။ မှော်လောကကို အဆက်သွယ် မလုပ်နိုင်အောင်ကို ကျွန်တော် ဒဏ်ရာပြင်းထန်ခဲ့တယ်။ ပေါက်ကွဲတဲ့အရှိန်နဲ့ကျွန်တော် အဝေးကြီးကို လွင့်သွားခဲ့တယ်။"

"မင်းကို ဒီလူသားသူငယ်လေး ကယ်ခဲ့တာလား မင်းသတိုး။"

"မှန်ပါ။ သူနေတဲ့ ရွာအပြင်နားလေးမှာ ကျွန်တော် ပြုတ်ကျလာခဲ့တယ်။ ဒဏ်ရာက သွေးတွေ ယိုစိမ့်ကျလာပါတယ်။ ကျွန်တော့်ရဲ့ရုပ်ရည်က အိုမင်းလာခဲ့တယ်။ အဲချိန် ဒီကလေးက ကျွန်တော့်ကို တွေ့သွားခဲ့တယ်။ ပြီးတော့ ဆေးကုသဖို့ ဆေးရုံကိုပို့ပေးခဲ့တယ်။ ဒါ့အပြင် ကျွန်တော်လိုနေတဲ့ သွေးကို သူ့ကိုယ်ထဲက ထုတ်ပေးခဲ့တယ်။"

မှော်လောကသား များက ခေါင်းတငြိမ့်ငြိမ့်ဖြစ်သွားကြသည်။ မင်းသတိုးပြောသည်ကို လက်ခံလာကြဟန်တူသည်။ နွေဦးကိုလည်း မုန်းတီးစွာ စိုက်ကြည့်ခြင်းမရှိကြတော့ပေ။ လူနည်းစုကလွဲလို့ အားလုံး၏ အကြည့်များက သူတို့၏ ခေါင်းဆောင်ကို ကယ်တင်ပေးသောကြောင့် ကျေးဇူးတင်နေသည့် အရိပ်များ အထင်းသားပေါ်လွင်နေသည်။

"ကျွန်တော့်ကို သွေးလှူတဲ့အတွက် ကျွန်တော်နဲ့သူက သွေးနှောသွားပါတယ် ဘိုးဘိုး။ကျွန်တော် သူ့ကို အသက်ပေး စောင့်ရှောက်ဖို့ ဆုံးဖြတ်ပြီး သူနားကို သွားနေခဲ့မိပါတယ် ။"

နာယက ဘိုးဘိုးများက ခေါင်းငြိမ့်သည်ကိုတွေ့တော့ ရူပကလျာဏီက လှောင်ရယ်ရယ်ကာ ပြောသည်။

"ပုံပြင်လေးက လှပသားပဲ။ကျွန်မ သိထားတာက ဒီလိုမဟုတ်ပါလား။ ဘယ်ဟာက အမှန်လဲတော့ မသိတော့ဘူး။"

နာယက ဘိုးဘိုးက ရူပကလျာဏီကို မေးလိုက်သည်။

"မင်း ဘာပြောချင်တာလဲ။ ရှင်းအောင်ပြောပါ။ "

"ကျွန်မ ကြားထားတာက မင်းသတိုးက ကဝေနက်တွေကို အဖွဲ့နဲ့ အနိုင်တိုက်ပြီးနောက် သူ့လူတွေကို အားလုံး နူတ်ပိတ်လိုက်တယ်လို့ သိထားပါတယ်။"

နာယက ဘိုးဘိုး အငယ်ဆုံးက တောင်းဝှေးကို ဆောင့်ချလိုက်သည်။ မြေပြင်ပင် တုန်သွားပြီး ဆူညံသံအားလုံး တိတ်သွားခဲ့သည်။

"မင်း အတင့်ရဲလှချည်လား ရူကလျာဏီ။ မင်းပြောတဲ့စကားကို မင်းသိရဲ့လား။ မင်းက မှော်လောကရဲ့ အရှင်သခင်ကို စွပ်စွဲလိုက်တယ် ဆိုတာ သိရဲ့လား။"

ရူကလျာဏီက မဲ့ပြုံးပြုံးကာ ပြောလိုက်သည်။

"ဘိုးဘိုးတို့က ကိုယ့်တပည့်ဘက်က ဘက်မလိုက်ပဲ မျှမျှတတ ဆုံးဖြတ်ပေးတော်မူပါ။ "

"ကောင်းပြီ။ အရီးတော် က ကျွန်တော့်ကို စွပ်စွဲတယ်ဆိုရင် သက်သေ ဘယ်မှာလဲ။"

"သက်သေက ပျူဒေ၀ီပါ။ မင်းသတိုးက ပျူဒေ၀ီ အမှန်တိုင်းဖွင့်ဟမှာစိုးလို့ မြေအောက် အကျဉ်းထောင်မှာ ပိတ်လှောင်ထားပါတယ်။"

"ပျူဒေ၀ီက ခဏက ရှိပါတယ်။ မင်းသတိုးက ဘယ်လိုလုပ်ပြီး ပိတ်လှောင်ထားတာလဲ။"

"မင်းသတိုးရဲ့ ကောင်လေးနားမှာ စောင့်ကြည့်ဖို့ ခိုင်းစေထားတာကို မင်းသတိုးက မြေအောက်အကျဉ်းထောင်ကို ခေါင်းဆောင် အာဏာနဲ့ပို့လိုက်လို့ပါ။ ပျူဒေ၀ီကို သက်သေခေါ်ခွင့်ပြုတော်မူပါ။"

"မင်းသတိုး ဟုတ်သလား။ "

"ပျူဒေ၀ီက ဒီကောင်လေးကို နှိပ်စက်ဖို့လူသားနှစ်ယောက်ကို မှော်ပညာနဲ့ပြုစားထားလို့ ကျွန်တော် အကျဉ်းချ ထားလိုက်တာပါ။"

"ဒါက ခုံရုံးတင်ပြီးမှ အပြစ်ပေးရမှာကို မင်းတစ်ဘောတစ်ခုတည်းနဲ့ အကျဉ်းချတာလား။ မင်း အာဏာအလွဲသုံးစားလုပ်တာပဲ မင်းသတိုး။ ပျူဒေ၀ီ ကို ခုချက်ချင်း ခေါ်လိုက်ပါ။"

"မှန်ပါ ဘိုးဘိုး"

နွေဦးသည် မိမိကြောင့် မင်းသတိုးကို အပြစ်တင်နေသည်ကိုကြားတော့ စိတ်မကောင်းဖြစ်မိသေးသည်။ သို့သော် သူက မိမိလက်ကို ဖျစ်ညစ်ထားသဖြင့် စိတ်ကို တင်းထားလိုက်သည်။ သူပြောသည်။ မိမိရှိလျှင် သူအားရှိသည်တဲ့။ မိမိ ပျော့ညံ့ပြလို့မဖြစ်ပေ။ မိမိတွင် မှော်စွမ်းအင်မရှိသော်လည်း သူ့လက်ကို ဆုပ်ကိုင်ထားပေးမည်။ သေအတူ၊ ရှင်မကွာ ဆိုသည့် စိတ်က နွေဦး၏ ရင်ထဲ စတင်ဖြစ်ထွန်းလာခဲ့သည်။

မင်းသတိုးသည် လက်ကို တစ်ချက်ယမ်းလိုက်သည်နှင့် မြေပြင်အက်ကွဲပြီး ချက်ချင်းပျူဒေ၀ီ ပြန်ပေါ်လာခဲ့သည်။ သူမ၏ မျက်နှာက ယခင်လောက် မာန်ထောင်မနေတော့ပေ။ သို့သော် သူမ၏ ဆရာကိုမြင်တော့ စိတ်ဓါတ်တက်ကြွ လာပုံရသည်။

"ပျူဒေ၀ီ .... မင်း မြင်ခဲ့တာကို နာယက ဖိုးဖိုးတွေကို တင်လျှောက်ပါ။ မင်းဘာမှ ကြောက်စရာမလိုဘူး။ မင်းသိခဲ့တဲ့ ယုတ်မာမှုအားလုံးကို ဖွင့်ချလိုက်ပါ။"

ရူကလျာဏီ၏ စကားက ငြိမ်နေသော လူများကို ပြန်ပြီးလှုပ်လှုပ်ရွရွဖြစ်လာစေသည်။ လက်ရှိ အုပ်ချုပ်သူကို ယခုလို တိုက်ခိုက်သည့် အဖြစ်ပျက်မျိုးမကြုံဖူးသေးပေ။ အားလုံးက အဖြစ်မှန်ကို သိချင်နေကြသည်။
နွေဦးသည် သူ့ကို အားပေးဟန်ဖြင့် လက်ကိုပြန်ညစ်ထားလိုက်မိသည်။ မင်းသတိုးကို မိမိယုံသည်။ သူသည် ဘယ်တော့မှ ကိုယ့်လက်အောက်ငယ်သားကို သတ်ဖြတ်မည့်သူ မဟုတ်ပေ။ ဒါကို သေချာယုံကြည်။
မင်းသတိုးသည် နွေဦး၏ အပြုမှုကြောင့် ကြည်နူးသွားမိသည်။ တကယ်လည်း အားအင်တို့တိုးလာခဲ့သည်။ ချစ်ခြင်းမေတ္တာသည် မိမိအတွက် ခွန်အားဖြစ်သည်။ နွေဦး၏ တုန့်ပြန်ချစ်ခြင်းက မင်းသတိုး၏ စွမ်းအင်ကို ပိုပြီးခိုင်မာ လာစေခဲ့သည် မဟုတ်လား။

"ကျွန်မ ကဝေနက်တို့နောက်ကို နှိမ်နှင်းဖို့ လိုက်ခဲ့တော့ မန်းစက်တော်ရာ တောင်ခြေရင်းမှာ လက်ရှိ ခေါင်းဆောင် မင်းသတိုးတို့အဖွဲ့နဲ့ ကဝေနက်တို့ တိုက်ပွဲမဖြစ်ခင် စကားပြောနေတာကို တွေ့လိုက်ပါတယ်။ ကျွန်မလည်း မသင်္ကာ လို့ ချောင်းမြောင်းကြည့်တော့ ကဝေနက် ခေါင်းဆောင်ရဲ့စကားကြောင့် ငယ်သားအားလုံးက ခေါင်းဆောင်ကို ဆန့်ကျင်တဲ့ပုံစံကိုတွေ့လိုက်ရပါတယ်။ အဲ့နောက် ခေါင်းဆောင်က မထင်မှတ်ပဲ သူ့လက်အောက်က မှော်ပညာရှင် အားလုံးကို သတ်ဖြတ်လိုက်ပါတယ်။ ပြီးတော့ ကဝေနက်တို့အဖွဲ့ကို အပြတ်ရှင်းပါတယ်။ ခေါင်းဆောင်က ပြင်းထန်တဲ့ မှော်ပညာ ကို ထုတ်သုံးပြီး ကဝေနက် အားလုံးကို အပြီးတိုင် ဖောက်ခွဲလိုက်ပါတယ်။ အဲ့အရှိန်နဲ့ ကျွန်မလည်း အဝေးကို လွင့်စဉ်ပြီး သတိလစ်သွားခဲ့ပါတယ်။ "

မှော်ပညာရှင်များက ပျူဒေ၀ီ၏ စကားကိုကြားသော် ဇဝေဇ၀ါဖြစ်ကုန်ကြသည်။ မင်းသတိုးပြောသည်နှင့်ကွဲပြားနေသည် မဟုတ်လား။

"မင်းပြောနေတာ ဘယ်လိုအဓိပ္ပါယ်ပေါက်တယ် ဆိုတာ သိရဲ့လား ပျူဒေ၀ီ။"

"သိပါတယ် ဘိုးဘိုး..."

"ကောင်းပြီ။ မင်းသတိုး မင်းဘက်က သက်သေ ဘာရှိသလဲ။ ပျူဒေ၀ီရဲ့ စွဲချက်ကို မင်းဘယ်လို ချေပမလဲ။"

နွေဦး စိုး၇ိမ်သွားမိသည်။ ဘိုးဘိုးကြီး၏ လေသံက အေးစက်နေသည် မဟုတ်လား။ ပျူဒေ၀ီကလည်း အင်မတန်ကို အခိုင်အမာကို ပြောဆိုနေသည်။ မင်းသတိုးသာ မချေပနိုင်လျှင် ဘာတွေဆက်ဖြစ်မည်ကို မတွေးရဲတော့ပေ။ တစ်ခုပဲ ကြောက်သည်။ မိမိကို အမြဲကာကွယ်ပေးသည့် ကဝေကြီး မင်းသတိုးကို မိမိမကာကွယ်ပေးနိုင်မည်၊ အကူညီပေးနိုင်ပဲ သူ အပြစ်ပေးခံရသည်ကို ကြည့်နေရမှာကို အကြောက်ဆုံးဖြစ်သည်။

"ကျွန်တော့်မှာ သက်ရှိ သက်သေ တစ်ယောက်မှ မရှိပါဘူး ဘိုးဘိုး။"

ပရိသတ်အားလုံး၏ အသံများဆူညံသွားကြသည်။ သူတို့အားလုံးထင်မထားကြပါ။ မင်းသတိုးဘက်က သက်သေ တခုခု တင်နိုင်မည်ဟု ထင်ထားကြသည်။ ဒါဆို မှော်လောကရဲ့စည်ကမ်းအရ မင်းသတိုး ခုံရုံးတင်ခံရတော့မည်။ အပြစ်ပေးခံရ တော့မည် မဟုတ်လား။

"မင်းသတိုးကို အမှန်တရားအတိုင်း စီရင်ချက်ချတော်မူပါ နာယက ဘိုးဘိုးတို့"

ရူကလျာဏီက အောင်မြင်သူအပြုံးဖြင့် တင်လျှောက်လိုက်သည်။

"မင်းသတိုးဘက်က သက်သေ မတင်နိုင်ရင် သူ့ကို လက်ရှိ ခေါင်းဆောင်နေရာက ဖယ်ရှားမယ်။ လက်ရှိပြိုင်ပွဲကနေ ဖယ်ရှားမယ်။ ခုံရုံးတင်စစ်ဆေးပြီး အပြစ်ဒဏ်ပေးရမယ်။ "

နာယက ဘိုးဘိုး၏ စကားသံကြောင့် မင်းသတိုးကို ယုံကြည်သူများက ကန့်ကွက်သံများထွက်လာကြသည်။

"ကျွန်တော့်မှာ သက်ရှိသက်သေတော့ မရှိပါဘူး။ ဒါပေမယ့် ခိုင်မာတဲ့ သက်သေတော့ရှိပါတယ် ဘိုးဘိုး။"

ရူပကလျာဏီ ဆတ်ခနဲဖြစ်သွားသည်။ မိမိ ဖျောက်ဖျက်ထားသည့် သဲလွန်စများထဲမှ မည်သည့်အချက်ကို သူ ရထားသလိုဟု တွေးကာ စိုးရိမ်သွားခဲ့သည်။

"မင်းရဲ့သက်သေကို ပြပါ။"

မင်းသတိုးသည် င်္အကျီအိတ်ထဲမှ တစ်စုံတစ်ရာကို ယူကာ လက်ဖ၀ါးထဲ ထည့်ထားလိုက်သည်။ ထိုအရာက ရွှေရောင် ဂေါက်သီးလုံးလို အရာလေးဖြစ်သည်။

"ဒီပခြုပ်ထဲမှ အဓိက သက်သေကို သိမ်းဆည်းထားပါတယ် ဘိုးဘိုး"

နာယက ဘိုးဘိုးထဲမှ တစ်ဦးက လက်ကိုယမ်းလိုသည်နှင့် ရွှေလုံးလေးက လေထဲပျံကာ နာယက ဘိုးဘိုးလက်ထဲကို ရောက်သွားခဲ့သည်။ ဘိုးဘိုးသည် ထိုအလုံးကို ကိုင်မိသည်နှင့် ခေါင်းတငြိမ့်ငြိမ့်ဖြစ်သွားသည်။ ချက်ချင်း ရူပကလျာဏီအနားကို ကိုယ်လှုပ်လိုက်သည်နှင့် ရောက်သွားခဲ့သည်။

ရူကလျာဏီက သတိထားနေသူပီပီ ချက်ချင်းပင် မှော်အစွမ်းနှင့် ဆီးကာ တိုက်သည်။ သူို့သော် ပညာချင်းမယှဉ်နိုင်ပဲ ချက်ချင်း ဖမ်းချုပ်ခံလိုက်ရသည်။ ပျူဒေ၀ီလည်း ထွက်ပြေးဟန်ပြင်စဉ် ဘိုးဘိုး တစ်ဦးက လက်ကိုယမ်းလိုက်သည်နှင့် ကြိုးနှင့်တုပ်လျက်သားလဲကျသွားတော့သည်။

မှော်ပရိတ်သတ်အားလုံး ရုတ်ရုတ်သဲသဲဖြစ်သွားတော့သည်။ အဖြစ်ပျက်ကို သူတို့ လိုက်မမှီတော့ပေ။

"အားလုံး ငြိမ်ကြပါ။ သက်သေကို ကြည့်မယ်။ ပြီးရင် တရားစီရင်မယ်။"

ဘိုးဘိုး၏ အောင်မြင်သော အသံအဆုံးအားလုံးငြိမ်သက်သွားတော့သည်။ နွေဦးလည်းယခုမှ သက်ပြင်းချ နိုင်တော့ သည်။ သူတို့မှော်ပညာကို ကြည့်ကာ ဟောလီးဝုဒ်မှ ရုပ်ရှင်ရိုက်ကွင်းကို မိမိရောက်နေသည်သလား။ မှော်ကား ထဲ ရောက်နေသလားဟု ထင်နေမိသည်။

"ဟင်...."

"ဟာ..."

ရွှေလုံးလေးပွင့်သွားစဉ် အဖြူရောင် အလင်းစက် ထွက်ပေါ်လာခဲ့သည်။

"ရေခဲမှော်ပညာပဲ..."

"ဒါက ကဝေနက် တစ်ဦးကို ချေမှုန်းချိန်မှ ကျွန်တော် ရလိုက်တဲ့ ရေခဲမှော်ပါ။ ကျွန်တော်လည်း နောက်ကွယ်က ထိန်းချုပ်သူကို ရှာဖို့ ရွှေပခြုပ်ထဲမှာ သိမ်းဆည်းထားတာပါ။"

မင်းသတိုး၏ စကားအဆုံး အကြီးဆုံး ဘိုးဘိုးက ၇ုပကလျာဏီကို မေးလိုက်သည်။

"မင်း ဘာပြောချင်သေးလဲ ရူပကလျာဏီ။ မင်းလုပ်ထားတာကို ၀န်ခံလိုက်ရင် အပြစ်ဒဏ်ကို လျော့ပေါ့ပေးမယ်။"

"ကျွန်မ ဘာမှ လုပ်မထားဘူး။ မင်းသတိုးက ဒါတွေကို အားလုံး စီရင်ထားတာ။"

"ကောင်းပြီ။ ဒီ သူငယ်လေး ကိုယ်ထဲက မင်းသွင်းထားတဲ့ရေခဲမှော်ပညာနဲ့ အခု ရေခဲမှော်ပညာက တစ်ထပ်တည်းတူညီ နေတယ်။ မင်း ဘာပြောချင်သေးလဲ။"

"ကျွန်မ လုပ်တယ် ဆိုတဲ့ သက်သေ ဘယ်မှာလဲ၊ မင်းသတိုးရဲကအပြောနဲ့ မဆုံးဖြတ်ပါနဲ့။"

နာယက ဘိုးဘိုးကြီးက ခေါင်းငြိမ့်ကာ ပြောလိုက်သည်။

"ကောင်းပြီ။ မင်းလိုချင်တဲ့သက်သေပြမယ်။ ဒီ မှော်စွမ်းအင်က သူ့ပိုင်ရှင်ဆီ ပြန်ရောက်ရင် အားလုံးရှင်းပါပြီ။"

ဘိုးဘိုးကပြောပြီး အငယ်ဆုံး ဘိုးဘိုးထံမှ ရေခဲမှော်ကို လက်တစ်ချက်ယမ်းကာ ယူပြီး ရွှေပခြု့ပ်ထဲမှ မှော်ပညာနဲ့ လေထဲတွင်ပေါင်းစည်းလိုက်သည်။

မီးပန်းတစ်ခုပေါက်သလို လေထဲ ဖြာကျသွားပြီး ရေခဲမှော်နှစ်ဦး ပေါင်းစည်းသွားခဲ့သည်။ ထို့ကြောင့် ထိုမှော်စွမ်းအင်သည် ရူပကလျာဏီ ထံသို့အရှိန်နှင့် တိုးဝင်သွားခဲ့သည်။ ရူပကလျာဏီက မိမိအစွမ်းကို အားလုံးထုတ်ကာ တိုက်ထုတ်လိုက်သည်။ သို့သော် ထိုအရှိန်ကြောင့် သူမ ခန်းမ တစ်ဖက်ကို အရှိန်နှင့် လွင့်ကျသွားကာ ပါးစပ်မှ သွေးယိုစီးလာခဲ့သည်။

"အား..........."

"တန်ပြန်မှော်ပညာ..."

သူမ ထိုစကားကိုသာပြောနိုင်တော့သည်။ သူမ ထုတ်လိုက်သည် မှော်စွမ်းအင်နှင့် ယခင်က မိမိပြုစားထားသည့် မှော်အစွမ်းနှစ်ခု ဆုံလိုက်စဉ် ဖြစ်စဉ်အားလုံး ပြန်ပေါ်လာခဲ့သည်။ ကဝေနက်ကို မိမိချုပ်ကိုင်ကာ မှော်ပညာဖြင့် ချု့ပ်ကိုင်ပြီး ခိုင်းစေနေပုံ၊ မင်းသတိုးတို့ကို အသေသတ်ခိုင်းပုံ၊ ပြီးတော့ နွေဦးဆိုသည့် သေမျိုးလေးကို မှော်ပညာဖြင့် ထိန်းချုပ်ကာ အိပ်မက်ထဲတွင် နှိပ်စက်နေပုံအားလုံး လေထဲတွင် ပုံရိပ်အဖြစ်ပြန်ပေါ်လာခဲ့သည်။

"ဟာ.... ယုတ်မာလိုက်တာ..."

"သစ္စာဖောက်ကို အပြစ်ပေးတော်မူပါ နာယက ဘိုးဘိုးတို့ခင်ဗျာ။"

မှော်ပညာရှင်အားလုံးက ရူပကလျာဏီ၏ ယုတ်မာမှုကို မျက်ဝါးထင်ထင်တွေ့လိုက်ပြီးနောက် တောင်းဆိုကြသည်။ ရူကလျာဏီ အံကြိတ်လိုက်မိသည်။ မထင်ထားပဲ မိမိလုပ်ရပ်ပေါ်သွားခဲ့လေပြီ။

"၀ုန်း....."

ရေခဲမှော်ပညာသည် လေထဲ ပေါက်ကွဲပျောက်ကွယ်သွားခဲ့သည်။

"ရူပကလျာဏီက အထက်တန်း မှော်ပညာရှင်ဖြစ်လျက်နဲ့ ယုတ်မာစွာ ကြံစည်လုပ်ကိုင်ခဲ့လို့ ခုံရုံးတင် စစ်ဆေးပြီး အပြစ်ဒဏ်ချမှတ်မည်။ ယခု ရူပကလျာဏီနဲ့ တပည့်ကို မြေအောက်အကျဉ်းထောင်မှာ ချုပ်ထားစေ..."

ဘိုးဘိုးကြီး၏ အမိန့်သံအဆုံး ရူပကလျာဏီနှင့် ပျူဒေ၀ီပျောက်ကွယ်သွားခဲ့သည်။ နွေဦးသည် ယခုမှ အသက်၀၀ ရှုရဲတော့သည်။ နဖူးတွင် ချွေးတို့ စီးကျလာသည်ကို ယခုမှ သတိပြုမိတော့သည်။ ကဝေကြီးအတွက် မိမိစိုးရိမ်နေသည် မဟုတ်လား။


သန်းခေါင်ယံချစ်သူWhere stories live. Discover now