သန်းခေါင်ယံ ချစ်သူအပိုင်း (19)

15.3K 1.1K 80
                                    

သန်းခေါင်ယံ ချစ်သူ
အပိုင်း (19)

အုပ်စိုး ထွက်သွားပြီးနောက် လက်ထောက်ဆရာဝန် အစ်မလည်း ကော်ဖီသောက်ပြီး ထွက်သွားခဲ့သည်။ နွေဦး လည်းအကိုဇော် နှင့်အတူ ခွဲခန်းဝင်ရတော့သည်။ တစ်ချို့ကို ဆရာမကြီးကိုယ်တိုင်ခွဲပြီး နွေဦးတို့က assist ဝင်ရကာ တစ်ချို့ကို အကိုဇော့်ကို Surgeon နေရာက ပေးခွဲသည်။ တခြားသူတွေအတွက် လက်ထောက်ဆရာဝန်ကိုယ်တိုင်ခွဲခွင့်ဆိုတာ အခွင့်ထူးပေမယ့် အကိုဇော်ကတော့ တည်တည်ငြိမ်ငြိမ်ပင် သူလုပ်စရာရှိတာကို အာရုံစိုက်ပြီးလုပ်နေသည်။ ခွဲခန်းထဲတွင်လည်း အကိုဇော်က ကျွမ်းကျင်စွာ ခွဲစိတ်ရင်း သင်ပြ ပေးသည်။ သွက်လက်ပြီး မှန်ကန်တိကျစွာ ပြေးလွှားနေသော အကိုဇော့်လက်တွေကိုကြည့်ရတာ သိပ်စိတ်ဝင်စားစရာကောင်းသည်။ အကိုဇော်၏ စိတ်ထားကိုရော ပညာကိုရော အံ့သြချီးမွမ်းမိသည်။

တစ်ယောက်ပြီးတစ်ယောက်ခွဲစိတ်ပြီးနောက် 3 နာရီခွဲမှ အားလုံးပြီးတော့သည်။ အကိုဇော်က မပင်ပန်းသလို ခဏနားကာ အလုပ်ကို ဆက်လုပ်နေသေးသည်။ ဘယ်လိုသော ခွန်အားတွေနှင့် အကိုဇော် ဒီလောက်အပင်ပန်းခံ နိုင်သည်ကို မသိတော့ပေ။

နွေဦးပင် အတော်မောကာ ခဏထိုင်နားနေတာတောင် အကိုက အလုပ်ကို ဆက်လုပ်နေသေးသည်။ နွေဦးသည် အကိုဇော်ကို ငေးကြည့်ကာ မေးလိုက်သည်။

"အကို ..."

"အင်း...ဘာလဲ နွေဦး။ "

ဒေါက်တာ ဇော်သက်အောင် ပြုံးကာ မော့ကြည့်ရင်းထူးလိုက်သည်။ မိမိနှင့် တူလှသည့် ကောင်လေးကို သက်ဇော်အောင် ညီလေးလိုချစ်နေမိပြီမဟုတ်လား။ အခြား အလုပ်သင် ကောင်လေးတွေနှင့်မတူသည့် နွေဦးကို တွေ့စက မျက်နှာတည်သဖြင့် အကြောတင်းသည့် ကောင်လေးလားဟု ထင်မိသေးသည်။ နောက်မှ သူက ထိုသို့ အေးအေး တည်တည်နေတတ်သည်ကို သိတော့သည်။ ပြီးတော့ စကား သိပ်မပြောပဲ လုပ်စရာရှိသည်ကို ကုန်းရုန်းလုပ် တတ်သည့် ကလေးကို ဇော်သက်အောင် တကယ့်ကို ချစ်သည်။

"အကို ဘာဆေးတွေစားလို့ ဒီလောက် အလုပ်လုပ်နိုင်တာလဲဗျာ။ နိုက်ဂျူတီကျရင် အကိုက တော်ရုံဆိုရင် ကျွန်တော့်ကို မနိုးပဲ အကိုပဲ ဒိုင်ခံလုပ်သွားတယ်။ ပြီးတော့ နေ့ခင်းတွေဆိုလည်း အကို တောက်လျှောက်ခွဲခန်းတွေ လည်းဝင်သေးတယ်။ ကျွန်တော် အကို့ကို တကယ် အံ့သြမိတယ် သိလား။"

သန်းခေါင်ယံချစ်သူWhere stories live. Discover now