သန်းခေါင်ယံ ချစ်သူ
အပိုင်း(46)
မင်းသတိုး မျက်လုံးဖွင့်လိုက်သည်နှင့် ပထမဆုံးတွေ့လိုက်သည်က င်္အကျီအဖြူနှင့် ထမိန် အနီဝတ်ထားသည့် သူနာပြု ဆရာမလေးများဖြစ်သည်။ မိမိ ဘယ်ဆီရောက်နေသည်ကို မသိသဖြင့် ထထိုင်လိုက်စဉ် ဆရာမလေး ကို ကပ်လာ ခဲ့သည်။"အဘ သတိရပြီလား။ အဘ ဘယ်မှာနေသလဲ။ အဘ မိသားစုတွေရော..."
ဆရာမလေးက ဇယ်စက်သလို မေးတော့သည်။ မင်းသတိုးနားမလည်ပါ။ မိမိကို ဘာပြောနေသလဲဟု တွေးနေမိသည်။ မိမိ ဘယ်ရောက်နေတာလဲ။ ဘာကြောင့် ဆေးရုံတစ်ခုထဲကိုရောက်နေတာလဲဟု တွေးနေစဉ် သူနာပြုဆရာမလေးက မိမိထံမှအဖြေမရသဖြင့် တာဝန်ကျ ဆရာဝန်ကိုသွားခေါ်လာခဲ့သည်။
သူနာပြုဆရာမလေး နန်းခမ်းဝါသည် အသက်အရမ်းကို ကြီးနေပြီဖြစ်သည့် အဖိုကြီးကို ကြင်နာစွာမေးလိုက်သည်။ အိမ်မှ အသက် 80 အရွယ် မိမိအဖိုးထက်တောင် အသက်ကြီးသည့်ပုံပေါက်သည့် အဖိုးကြီးကို စိတ်မကောင်းစွာ ကြည့်နေမိသည်။ ကြည့်ရတာ အသက်ကြီးသဖြင့် မှတ်ဥာဏ်များလည်း မေ့လျော့နေသည့်ပုံပေါ်သည်။ အ၀တ်အစားများ က သပ်သပ်ရပ်ရပ်ရှိသဖြင့် အခြေနေမဲ့ထဲက ဟုတ်ဟန်မတူပေ။
ပြီးတော့ ဒီအဘကို ဆေးရုံအ၀င်ဝတွင် သတိမေ့နေသည်ကို တွေ့သဖြင့် မိမိတို့အဆောင်မှ ဆရာဝန်လေးက ဆေးရုံတင်ပေးထားခြင်းဖြစ်သည်။ ထို့ကြောင့် အဆိုပါ ဆရာဝန်လေးကို သွားခေါ်လိုက်သည်။
"ဆရာ.... ဆရာရဲ့ အဘ သတိရလာပြီ"
ခမ်းဝါက သဘောကောင်းသည့် အလုပ်သင်ဆရာဝန်လေးကို လှမ်းပြီးအကြောင်းကြားလိုက်သည်။ အစီရင်ခံစာရေးနေသည့် ဆရာဝန်လေးက မော့ကြည့်ကာ ပြန်ဖြေသည်။
"ဟုတ်ကဲ့ ဆရာမရေ။ လာမယ်နော်။ ခဏလေးပါ။ ရေးလက်စလေးဖြစ်နေလို့။"
"လိုက်သွားလိုက်လေ နွေဦး။ အကို ဆက်ရေးပေးလိုက်မယ်။ "
လက်ထောက်ဆရာဝန် ဆရာဇော်က ပြောလိုက်မှ အဆိုပါ အလုပ်သင် ဆရာဝန်လေးက လိုက်ပါလာခဲ့သည်။ ခမ်းဝါကို ဆရာလေးက လမ်းတွင်မေးနေသည်။ အဖိုး၏ အခြေနေကို စိုးရိမ်ကာ မေးနေခြင်းဖြစ်သည်။