သန်းခေါင်ယံ ချစ်သူအပိုင်း(39)

10.2K 953 9
                                    

သန်းခေါင်ယံ ချစ်သူ
အပိုင်း(39)

မင်းသတိုးသည် မီးဌက်ကိုစေလွှတ်ကာ နွေဦးကို စောင့်ရှောက်စေပြီးနောက် ခဏနားလိုက်သည်။ ရင်ထဲကတော့ သိပ်မကောင်းလှပေ။ အရီးတော် ရူပကလျာဏီ၏ လက်ချက်ဆိုလျှင် မိမိကိုယ်တိုင်ဝင်မှ ရမည်ဖြစ်သည်။ မင်းသတိုးသည် စိတ်ရော ကိုယ်ပါ ဖြေလျော့ကာ နားလိုက်သည်။

လောလောဆည် နွေဦးနားကို သွားချင်သော်လည်း ဒီပြိုင်ပွဲကို မိမိ အရှုံးခံလိုက်လျှင် မှော်လောကသည် စိတ်ဓါတ်မာကျောသည့် အရီးတော် လက်ထဲကိုရောက်သွားပေလိမ့်မည်။ ပြီးတော့ လူသားဖြစ်သည့် နွေဦးနားကို မိမိ သွားခွင့်ကို သူတို့က ဥပဒေထုတ်ကာ တားဆီးကြလိမ့်မည်။

အရီးတော် ရူပကလျာဏီသည် မှော်ပညာရှင်နှင့် လူသားများရောထွေးနေခြင်း၊ ချစ်ကြိုက်ခြင်းကို ပြင်းပြင်းထန်ထန် ဆန့်ကျင်သောသူဖြစ်သည်။ အထူးသဖြင့် မှော်ပညာမတတ်သည့် လူများ၏ တီထွင်ဖန်တီးနိုင်စွမ်းကို အထင်သေးသည်။ မှော်ပညာရှင်တွေထက် တစ်ဆင့်နိမ့်သည့် သက်တမ်းနုနုနှင့် သေဆုံးသည့် သေမျိုးဟု အထင်မြင်သေးသည်။ အရီးတော် လက်ထဲကို အာဏာရောက်သွားလျှင် အားလုံး ခက်ကုန်လိမ့်မည်။

မင်းသတိုးသည် သက်ပြင်းကိုရှိုက်ကာ ခဏနားလိုက်သည်။ မကြာခင်မှာ အမတ ရတနာကို ရထားသည့် သုံးဦးလုံး ရင်ဆိုင်တိုက်ခိုက်ရမည်ဖြစ်သည်။ ထူအားလားနှင့် ပုလဲနက်ကိုမမှုသော်လည်း ပြိုင်ဘက်ကို အထင်သေးရိုးထုံးစံမရှိသည့် အတွက် မင်းသတိုး အားပြည့်ရန် ခဏ နားလိုက်သည်။

"ပြိုင်ပွဲ ဒုတိယအဆင့် စတင်တော့မှာဖြစ်လို့ ပြိုင်ပွဲဝင် သုံးဦး မှော်အိပ်မက် ခန်းမထဲကို ကြွလာပေးပါ။"

မင်းသတိုးထရပ်ကာ ဦးဆောင်ပြီးထွက်ခဲ့သည်။ မင်းသတိုးနောက်တွင် ထူအားလားနှင့် ပုလဲနက် တိတ်ဆိတ်စွာလိုက်ပါ ခဲ့သည်။ မိန်းကလေးနှစ်ဦးတွင် ထူအားလားက စိတ်လှုပ်ရှားနေသည်။ ပုလဲနက်က သက်တောင့်သက်သာရှိသည်။ သူမ တစ်ယောက်တည်း ယှဉ်ပြိုင်တာ မဟုတ်၊ စ၀်ဟုန်ဖ အတွက် ယှဉ်ပြိုင်နေသည် ဆိုသည့်စိတ်က သူမကို တည်ငြိမ်စေသည်။

တကယ်ဆိုလျှင် လက်ရှိ မှော်ခေါင်းဆောင် မင်းသတိုး နှင့် မြောက်ပိုင်းရေခဲမှော်မင်းသမီး ထူအားလား တို့နှင့်စာလျှင် သူမက အသက်အငယ်ဆုံး၊ပြီးတော့ပညာ အနုဆုံးဖြစ်သည်။ သို့သော် စိတ်တည်ငြိမ်မှုက မင်းသတိုးနှင့်ယှဉ်နိုင်သည်။

"လက်ရှိပြိုင်ရမှာက မင်းတို့ရဲ့အမတ ရတနာနဲ့ မှော်တံခါးကို ဖွင့်ရမယ်။ တံခါးနောက်ကို ၀င်သွားတဲ့ချိန်မှာ မင်းတို့ ရင်ဆိုင်ရမယ့် အခက်ခဲကို တွေ့ရလိမ့်မယ်။ ဒါကိုဖြေရှင်းပြီး အခန်းထဲက ထွက်လာနိုင်တဲ့သူက ဒုတိယ ပြိုင်ပွဲကို အနိုင်ရတဲ့သူပဲ။ "

မှော်လောက၏ နာယက ဆရာသခင် ဘိုးဘိုးကြီးက ပြောသည်ကို အားလုံးသေချာနားထောင်နေကြသည်။ နာယက ဆရာကြီးက ဆက်ပြောသည်။

"တံခါးပေါက်ကို ၀င်တဲ့သူက နောက်ဆုတ်လို့မရဘူး။ အထဲကို ၀င်သွားရင် နာကြင်ခံစားမှုမျိုးစုံကို မင်းတို့ကြုံရလိမ့်မယ်။ မင်းတို့ရင်ထဲက အနက်ရှိုင်းဆုံး နာကျင်မှု၊ မင်းတို့မှတ်ဥာဏ်ရဲ့ ဟိုအောက်ဆုံးပိုင်းမှာ နစ်မြှုပ်နေတဲ့ နာကျင်မှုကို ပြန်ပြီးတူးဆွခံရလိမ့်မယ်။ "

ထူအားလားနှင့် ပုလဲနက် ရင်ထဲ တုန်လှုပ်သွားသော်လည်း ဆက်ပြိုင်ရန် ဆုံးဖြတ်ကာ ငြိမ်နေလိုက်သည်။ မင်းသတိုးက ပကတိ ကျောက်ရုပ်ပမာ တည်ငြိမ်လွန်းလှသည်။ ထို့ကြောင့် နာယက ဘိုးဘိုးကြီးက ပြုံးကာ လက်ကို ယမ်းလိုက်သည်နှင့် မှော်အိပ်မက် ခန်းမကြီး၏ နံရံတွင် တံခါးသုံးချပ်ပွင့်သွားခဲ့သည်။

"မင်းတို့ရဲ့ အမတ ရတနာနဲ့ တံခါးဝကို ကပ်လိုက်ပါ။ ဒီတစ်ခါးကို ဖြတ်ပြီး အခက်ခဲအများကြီးကို ရင်ဆိုင်ပြီး ထွက်ပေါက် တံခါးဆီရောက်လိမ့်မယ်။ အဲ့ကိုရောက်ရင် မင်းတို့ ပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့်ကို ရောက်ပြီ။"

ပြိုင်ပွဲဝင်သုံးဦးလုံး နာယက ဘိုဘိုးကြီးကို ဦးညွတ်ကာ ထိုတံခါးဆီသို့လျှောက်လာခဲ့ကြသည်။ ခန်းမ တစ်ခုလုံးရှိ လူများက အသက်ရှုသံမကြားရလောက်အောင်ကို တိတ်ဆိတ်နေကြသည်။ အားလုံးက ထူးခြားသည့် ပြိုင်ပွဲကို စိတ်ဝင်စားနေကြသည်။

မင်းသတိုးသည် အလယ်က အဖြူရော်တံခါးဆီကို လျှောက်လာပြီး အဖြူရောင် အမတ ရတနာဖြင့် တံခါးအလယ် ချိုင့်နေရာကို တပ်လိုက်သည်။ တံခါးပွင့်သွားသည်နှင့် ဖြူဖွေးသည့် အရောင်များအပြင်ကိုလျှံကျလာခဲ့သည်။

မင်းသတိုးသည် နှောင့်နှေးခြင်းမရှိပဲ အဖြူရောင် အလင်းတန်းထဲကို ၀င်ရောက်သွားခဲ့သည်။
တံခါးပြန်ပိတ်သွားသည်နှင့် ထိုနေရာတွင် ပုံရိပ်များထင်လာခဲ့သည်။ မင်းသတိုး ၀င်သွားသည့်နေရာ၏ ရှုမြင်ကွင်းနှင့် မင်းသတိုး ၏ လှုပ်ရှားမှုတိုင်းကို ပရိသတ်အားလုံးတွေ့လိုက်ရသည်။

ထူအားလားသည် ဘယ်ဘက်မှ အနက်ရောင်တံခါးသို့သွားကာ တခါးအလယ်တွင် အနက်ရောင် အမတ ရတနာကို ကပ်လိုက်သည်နှင့် အခန်းတံခါးပွင့်သွားသည်။ ရွှေရောင်အလင်းတန်းများဖြာထွက်လာခဲ့သည်။ ထူအားလားသည် အနက်ရောင်တံခါးကိုဖြတ်ကာ ၀င်သွားတော့ တံခါးပေါက်ပျောက်သွားပြီး ပုံရိပ်များထင်လာခဲ့သည်။

နောက်ဆုံးပုလဲနက်သည် အနီရောင်တံခါးကိုသွားကာ အနီရောင် အမတကို တံခါးအလယ်တွင် ကပ်လိုက်ပြီး အနီရောင် အလင်းတန်းများဖြာထွက်နေသည့် တံခါးထဲကို တည်ငြိမ်စွာဝင်သွားခဲ့သည်။

တံခါးနေရာအားလုံး ဖန်သားပြင်လို ဖြစ်ကာ ပုံရိပ်များပေါ်လာခဲ့သည်။ ပရိသတ်အားလုံး ပြိုင်ပွဲဝင်အားလုံးနှင့်အတူ စိတ်လှုပ်ရှားကာ ကြည့်နေကြသည်။ ထိုအထဲတွင် ထရမ်ဇမ်းနှင့် စ၀်ဟုန်ဖလည်းပါသည်။ အားလုံးက ရင်ခုန် နေကြသည်။

မင်းသတိုးသည် မိမိနောက်မှ တံခါးချပ်ပျောက်သွားသည်နှင့် မိမိဘေးမှ မြင်ကွင်းအားလုံး ပြောင်းသွားပြီး လွန်ခဲ့သော နှစ်ပေါင်း သုံးရာက မြင်ကွင်းမျိုးပေါ်လာခဲ့သည်။ နန်းတော်တစ်ခုထဲကို မိမိရောက်နေသည်။ မင်းသတိုးသည် ထိုနန်းတော်အတွင်းပိုင်း အပြင်အဆင်ကိုမြင်သည်နှင့် မှတ်မိလိုက်သည်။ မိမိနေထိုင်ကြီးပြင်းခဲ့သည့် နန်းတော်ဖြစ်သည်။

"မယ်မယ် ဘုရား.."

မင်းသတိုးသည် ရုတ်တရက် မယ်တော်ကို တွေ့လိုက်သဖြင့် ရုတ်တရက် နူတ်မှ ခေါ်လိုက်မိသည်။ မယ်မယ်သည် မိမိမှတ်မိသည့် ပုံအတိုင်းပင် နုပျိုလှပနေသည်။ မိမိမှတ်ဥာဏ်ထဲကအတိုင်း ပြုံးချိုစွာဖြင့် ပြုံးပြီးကြည့်နေသည်။ မင်းသတိုး၏ ခေါ်သံကိုကြားတော့ မယ်မယ်က လှည့်ကြည့်လာပြီး လှမ်းခေါ်သည်။

"သားတော်လေး...ဘာလုပ်နေတာလဲ လာလေ။ သားလေးကြိုက်တတ်တဲ့ မုန့် မယ်မယ် လုပ်ထားတယ်။ လာ...စားရအောင်..."

မယ်မယ့် ရှေ့က စားပွဲပေါ်တွင် မိမိ အရမ်းကြိုက်သည့် မယ်မယ့် လက်ရာ မုန့်ကို ကလပ်နှင့်အပြည့် ထည့်ထားသည်ကို တွေ့တော့ မင်းသတိုး မယ်မယ့်နားကို လာခဲ့သည်။

"မဖြစ်နိုင်ဘူး။ ဒါတွေ တကယ်မဖြစ်နိုင်ဘူး...."

မင်းသတိုး၏ အသိစိတ်က သတိပေးသော်လည်း မင်းသတိုးသည် မယ်မယ်နှင့် မယ်မယ်လုပ်သည့် မုန့်ကိုတွေ့တော့ မနေနိုင်ပါ။ မယ်မယ့်နားကို လာခဲ့မိသည်။ မယ်မယ်ရှေ့ထိုင်ခုံတွင် ၀င်ထိုင်တော့ မယ်မယ်က မိမိကို မုန့်တစ်ခု ကမ်းပေးပြီး ဆံပင်ကို သပ်ပေးကာပြောခဲ့သည်။

"မယ်မယ့်သားလေးက ကြီးရင် အရမ်းချောမှာပဲ။ သားရဲ့ ခမည်းတော်လို လူတော်၊ လူချောဖြစ်မယ့်သူ...."

မုန့်ကိုလှမ်းယူသည့် မိမိလက်က ကလေး လက်ဖြစ်သွားခဲ့သည်။မင်းသတိုးသည် ချက်ချင်းပင် အသက် 10 နှစ်အရွယ်ကလေးတစ်ဦးဖြစ် သွားခဲ့သည်။

"စားလေ..သားတော်လေး။ သားလေးအတွက် မယ်မယ် တမင်လုပ်ထားတာ..."

မယ်မယ်က ပြုံးပြီးပြောခဲ့သည်။ မင်းသတိုးသည် မုန့်ကို တကိုက်ကိုက်လိုက်စဉ် သတိရလိုက်သည်။ ထိုတစ်နေ့...
ရင်တဒိတ်ဒိတ်ခုန်လာခဲ့သည်။ မင်းသတိုး ထိုင်ရာမှ တန်းပြီးထာလာခဲ့သည်။ ထိုတနေ့။ ခမည်းတော် လုပ်ကြံခံရသည့် နေ့က မိမိက မယ်မယ်လုပ်သည့် မုန့်ကို စားနေခဲ့သည်။ မင်းသတိုး အထိတ်တလန့်ဖြစ်သွားခဲ့သည်။ ထိုင်ရာမှ ရုတ်တရက် ထလိုက်စဉ် မယ်မယ်က မေးသည်။

"သားတော်လေး ဘာဖြစ်လို့လဲ။ စားလေ..သားကြိုက်တယ် မဟုတ်လား။"

"ဟင့်အင်း။ မယ်မယ်..ခမည်းတော်ရော။ ခမည်းတော် ဘယ်မှာလဲ။"

"သားရဲ့ ခမည်းတော် ဆင်ကျုံးသွားတယ်ကွဲ့။ ဘာဖြစ်လို့လဲ သားလေး။"

မင်းသတိုးသတိရလာသည်။ ခမည်းတော် ဆင်ကျုံးတွင် ဆင်ပေါ်မှ ပြုတ်ကျကာ ဆင်နင်းသတ်ခံရသည် မဟုတ်လား။ မိမိ အခု သွားခေါ်လျှင် ခမည်းတော် အသက်ရှင်နိုင်သေးသည် မဟုတ်လား။

"မယ်မယ်..သားတော် ခမည်းတော် ဆီကို လိုက်သွားချင်တယ်။"

"အို .....ဘယ်လိုက်လို့ဖြစ်မှာလဲ သားရယ်။ အဲ့မှာက အန္တာရာယ်များတယ်။ သားရဲ့ ခမည်းတော်က သားကို အဲ့နေရာကို မလာခိုင်းဘူး။ ကဲပါ။ မုန့်စားလိုက်ဦး။"

မင်းသတိုး ချက်ချင်းပြေးထွက်လာခဲ့သည်။ မယ်မယ်က နောက်မှအော်ခေါ်ရင်း ကျန်ရစ်ခဲ့သည်။

"သားတော်။ သားတော်လေး..ဘယ်ကိုလဲ။"

မင်းသတိုးသည် အမြန်ပြေးလာခဲ့သည်။ သို့သော် နန်းတော် အ၀သို့ရောက်သည်နှင့် ရဲမတ်များ၏ ရုတ်ရုတ်သဲသဲ အသံကိုကြား လိုက်ရသည်။

"မင်းကြီး ဆင်ကျုံးမှာ ဆင်ပေါ်က ပြုတ်ကျပြီး နတ်ရွာစံပြီ... မင်းကြီး နတ်ရွာစံပြီ။"

မင်းသတိုး ရင်ထဲ အေးခဲသွားခဲ့သည်။ အတိတ်ကို မိမိပြန်လာသည့်တိုင် ဘာကြောင့် ခမည်းတော်ကို မကယ်တင်နိုင်ရတာလဲဟု တွေးကာ ခြေဦးတည့်ရာ ပြေးထွက်လာခဲ့သည်။ နောက်ဆုံးချောင်တစ်ချောင်တွင် သွားငိုနေမိသည်။

အတော်ကြာတော့ အပြင်တွင် အမြန်လှမ်းလာသည့် ခြေသံကိုကြားလိုက်ရသည်။ မိမိ ပုန်းကာ ငိုနေမိသည့် ချောင်က မယ်မယ့်အဆောင် အနောက်ဘက်နားက ပန်းခြုံကြားဖြစ်သည်။ ခါတိုင်း စာမအံချင်လျှင် ပြေးကာ ပုန်းပြီးအိပ်နေကျ နေရာလေးဖြစ်သည်။ ထိုနေရာက မယ်မယ့်အဆောင်နှင့်ကပ်လျက်ဖြစ်လို့ မည်သူမှ သတိမထားမိသည့် လုံခြုံသည့် နေရာလေးဖြစ်သည်။

"မိဖုရားခေါင်ကြီးရှိလား.."

"ရှိပါတယ် အရှင့်သား..."

နောင်တော်၏ အသံကိုကြားလိုက်ရစဉ် မင်းသတိုး အားတက်သွားခဲ့သည်။ ခမည်းတော် နတ်ရွာစံတော့ ရုတ်တရက် ရွှေတောင်ကြီးပြို့ကျလာသလို ခံစားလိုက်ရသွားရာမှ နောင်တော်ရှိသေးသည် ဆိုသည့် အသိက အားတက်လာခဲ့ပြီး ခြုံထဲမှ ထွက်လာခဲ့သည်။

မယ်မယ့်အဆောင်ကို အနောက်ဘက်ပေါက်မှ ၀င်လာခဲ့သည်။ မယ်မယ့်အခန်း အနောက်ဘက် တွင်ကာထားသည့် လိုက်ကာ ကို ဖယ်မည်အပြု ကြားလိုက်ရသည့် စကားကြောင့် မင်းသတိုး၏ လက်တို့ရပ်တန့်သွာခဲ့သည်။

"မောင်မောင် တာဝန်ကျေတယ်နော် ... မ မောင့်ကို ကတိအတိုင်း ရွှေလက်တွဲပြီး နန်းတက်ဖို့သဘောတူရမယ်နော်။"

"စိတ်ချပါ မောင်မောင်ရယ်။ မ က မောင့်ကို ဘယ်တုန်းက လိမ်ဖူးလို့လဲ။ မ ကို စိတ်ချမ်းသာအောင် လုပ်ပေးတဲ့ မောင်မောင့်ကို မ ပိုပို ချစ်သွားပြီ..."

"ချစ်တယ်ဆို သက်သေပြလေ..."

"နေဦးလေ မောင်မောင်ရဲ့။ တော်ကြာ မှုးမတ်တွေ လာကြတော့မယ်။ ညကျမှ မောင်မောင် ခါတိုင်းလို လာခဲ့လေ။ သားတော်လေးကို အိပ်ဆေးတိုက်ထားမယ်။ ခါတိုင်းလို မ တို့ပျော်ကြတာပေါ့။ မင်းကြီး ရိပ်မိသွားလို့ မ တို့မတွေ့ရတာ ဘယ်လောက်တောင် ကြာပြီလဲကွယ်။"

"ခုမှ မောင်နဲ့ မ ပျော်ပျော်ကြီးအတူနေရတော့မယ်။ ညကျ မောင့်ကို စောင့်နေနော်..."

ထိုစဉ် အပြင်မှ ရံရွေတော်၏ အသံကို ကြားလိုက်ရသည်။

"သခင်မ ဘုရား။ အမတ်ချုပ်ကြီးက တွေ့ခွင့်တောင်းနေပါတယ်..."

"ဟော ..သူတို့လာပြီ။ သွားတော့ မောင်မောင်။ အနောက်ပေါက်က ထွက်သွားတော့..."

မင်းသတိုး၏ လည်နေသော သွေးတို့ခဲသွားတော့သည်။ မယ်တော်နှင့် အဖတူ အမိကွဲနောင်တော်တို့ပူးပေါင်းပြီး ခမည်းတော်ကို လုပ်ကြံလိုက်သည်ကို နားနှင့်ဆတ်ဆတ်ကြားလိုက်ရတော့ မင်းသတိုး၏ ကိုယ်ထဲမှ လှည့်ပတ်နေသော သွေးတို့ ပြောင်းပြန်စီးသွားသလို ခံစားလိုက်ရသည်။

မထင်ထားခဲ့ပါ။ မယ်မယ်နှင့် နောင်တော် ဖောက်ပြန်ပြီး ခမည်းတော်ကို လုပ်ကြံမည်ဟု လုံးဝ ထင်မထားခဲ့ပါ။ မင်းသတိုး၏ လက်မှ ခမည်းတော် လက်ဆောင်ပေးသည့် ဓါးမြှောင်ကို ဆွဲချွတ်မိလျက်သားဖြစ်သည်။
ခမည်းတော်ကို လုပ်ကြံသည့် ငမိုက်သားသည် အနောက်ဘက် တံခါးမှ ထွက်ရန် မယ်မယ့်အဆောင် ထဲမှ ထွက်လာတော့မည်။ မင်းသတိုး အသင့်စောင့်နေလိုက်သည်။

"ဟင်... ညီတော်... မင်းသတိုး.. မင်း ဘာလုပ်နေတာ.... အင့်...."

နောင်တော် ၏ စကားမဆုံးလိုက်ပါ။ နောင်တော်သည် အနားကပ်ကာ ဒါးနှင့်ထိုးလိုက်သည့် မိမိကို ကြည့်ကာ ဗိုက်ကို နှိပ်ရင်း ပါးစပ်မှသွေးထွက်လာကာ လဲကျသွားခဲ့သည်။

"ညီ..ညီတော်... မင်း...သ..တိုး..."

နောင်တော်က မင်းသတိုး၏ ခြေထောက်ကို လှမ်းဆွဲကာ ခေါ်လိုက်သည်။ သို့သော်မင်းသတိုးသည် နောင်တော်ကို ရွံရှာစွာကြည့်ကာ လိုက်ကာကို ပင့်ပြီး အထဲကို လှမ်းဝင်ခဲ့သည်။

အခန်းထဲတွင် မယ်မယ်က အမတ်ချုပ်ကြီးတို့ တင်လျှောက်သည်ကို နားထောင်ကာ လှပစွာ တရှုံ့ရှုံ့ ငိုကြွေးနေလိုက်သည်။

"အမတ်ချူပ်ဘဘ တို့.."

"အရှင့်သား... မင်းတရားကြီး နတ်ရွာစံသွားပါပြီ.."

"တရားခံကို မိရဲ့လား ဘဘတို့။"

"မင်းကြီးက ဆင်ပေါ်က ကျသွားတာပါ အရှင့်သား။ "

"ခမည်းတော် ဆင်ပေါ်က ကျအောင် ကြံစည်သူကို ကျုပ်ကလဲ့စားချေပြီးပါပြီ ဘဘတို့။"

"သားတော်လေး ဘာတွေပြောနေတာလဲ။ မင်းရဲ့ ခမည်းတော် ဆင်ပေါ်က ကျတာလေ။ ဘယ်သူက လုပ်ကြံတာလဲ။"

မယ်မယ်က မပြောစဖူး လေသံမာဖြင့်ပြောလာခဲ့သည်။ မင်းသတိုးသည် မယ်မယ့်ကို စေ့စေ့ကြည့်ကာ ပြောလိုက်သည်။

"တရားခံကို သားတော် ကလဲ့စားချေပြီးပါပြီ။ ဘဘတို့ ဆင်ထိန်းကိုသေချာ ဖမ်းစစ်ပါ။ သူ့ကို အမိန့်ပေးစေခိုင်းသူက
ဒီအဆောင်နောက်မှာရှိပါတယ်။ ဟောသည်မှာ..."

"မင်းသတိုး..."

မင်းသတိုးသည် မိမိအမည်ကို မယ်မယ် လေသံမာမာနှင့် ခေါ်သည်ကို ပထမဆုံးအကြိမ်ကြားဖူးလိုက်ခြင်းဖြစ်သည်။

"ဟင်... အိမ်ရှေ့မင်းသား...အရှင့်သား နောင်တော်ကို လုပ်ကြံလိုက်တာလား။"

အမတ်ကြီးများသည် ဓါးဒဏ်ရာနှင့်သေလုမျောပါးဖြစ်နေသည့် နောင်တော်ကိုပြေးပွေ့ကာ မင်းသတိုးကို မော့ကြည့်ကာ အထိတ်တလန့်မေးလိုက်သည်။

"မင်းသတိုး သားတော် မင်းရဲ့ နောင်တော်ကို လုပ်ကြံလိုက်တာလား သားတော်။"

"တရားခံကို ကလဲ့စားချေတာပါ မယ်မယ်။"

မင်းသတိုးအေးစက်စွာပြောကာ မယ်တော်ကို ကြည့်လိုက်သည်။မယ်တော်က မင်းသတိုးဆိုလိုသည်ကို နားလည်လိုက်သည်။

"အမတ်ကြီးတို့ သားတော်လေး ပြောတဲ့အတိုင်း ဆင်ထိန်းကို သေချာဖမ်းပြီးစစ်ဆေးကြပါ။ အိမ်ရှေ့မင်းသားက သူ့ခမည်းတော် မင်းကြီးကိုများ လုပ်ကြံလေသလား။ခုလည်း သခင်မရဲ့ အဆောင်နောက်ကို တိတ်တဆိတ် ၀င်နေတာ ကောင်းတဲ့အကြံမဖြစ်နိုင်ဘူး။ တရားခံအမှန်ကို ရအောင်ဖော်ထုတ်ကြပါ အမတ်ကြီးတို့။"

"သခင်မ ဘုရား။ ဒါဆို ထီးနန်းကို ဆက်ခံမယ့် အိမ်ရှေ့မင်းနေရာက..."

"အမတ်ချုပ်ကြီးရဲ့ ရှေ့မှာ မတ်တပ်ရပ်နေတဲ့ မင်းသားလေး ကလွဲရင်ဘယ်သူဖြစ်နိုင်မလဲ....သားတော် မင်းသတိုးက နန်းတက်လိမ့်မယ် အမတ်ကြီး။သားတော်ကို ရင်ခွင်ပိုက်ပြီး သခင်မက တိုင်းပြည်ကိုအုပ်ချုပ်မယ်...အမတ်ကြီးက သခင်မရဲ့ အတိုင်ပင်ခံအမတ်ချုပ်ကြီးပဲပေါ့။ သခင်မနဲ့ အမတ်ချုပ်ကြီး တို့ပူးပေါင်းပြီး တိုင်းပြည်ကို အုပ်ချုပ်ကြတာပေါ့။"

"ကျေးဇူးကြီးမားလှပါတယ် သခင်မဘုရား..."

"အရှင်မင်းကြီး ကို ဂါရ၀ပြုပါတယ် .."

အမတ်ချုပ်ကြီးနှင့် အမတ်တစ်စုက မင်းသတိုးကို ၀ိုင်းပြီး ကန်တော့ကျသည်။ မယ်တော်က မင်းသတိုးကို ဖက်ကာ သတိပေးဟန်ဖြင့် လက်ကိုဖျစ်ညစ်လိုက်သည်။ မင်းသတိုးသည် မယ်တော့်ကို ရွံရှာစွာ၊ ၀မ်းနည်းစွာဖြင့် မော့ကြည့်ကာ မယ်တော့်လက်ကို ရုန်းဖယ်ကာ ပြောလိုက်သည်။

"မယ်မယ် ကျွန်တော့်လက်ကို လွှတ်ပါ။ "

သို့သော် မယ်တော်က မလွှတ်ပဲ အမတ်ချုပ်ကြီးတို့ကိုပြောလိုက်သည်။

"အမတ်ကြီးတို့ အိမ်ရှေ့မင်းသားကို အကျဉ်းချထားလိုက်ပါ။ သူ့ကို အမှုစစ်ပြီး သေဒဏ်ပေးရမယ်။ ပြီတော့ သားတော်လေးက သူ့ခမည်းတော် နတ်ရွာစံသွားလို့စိတ်ထိခိုက်တာကို သခင်မ နှစ်သိမ့်ပေးဦးမယ်။ အမတ်ကြိးတို့ နန်းတက်ဖို့ကို ထုံးစံအတိုင်းပဲ စီစဉ်ထားလိုက်ကြပါ။ "

"အမိန့်တိုင်းပါ သခင်မ ဘုရား"

အမတ်အားလုံးသည် နောင်တော့်ကို သယ်ကာ ထွက်သွားကြသည်။ မည်သူမှ မရှိမှ မယ်မယ်က မင်းသတိုးရှေ့တွင် ဒူးထောက်ထိုင်ကာ ပြောလိုက်သည်။

"သားတော်လေး... သားထင်သလို မဟုတ်ဘူး။ မယ်မယ်လုပ်တာက သားတော် ထီးနန်းဆက်ခံခွင့်အတွက်ပါ။"

"မယ်မယ် လိမ်တယ်။ နောင်တော်နဲ့ လက်တွဲပြီး နန်းတက်ဖို့စီစဉ်ထားတယ်။"

"သူ့ကို နန်းတက်ပြီးမကြာခင် အဆိပ်ခတ်သတ်ဖို့လုပ်ထားပြီးသား။ သားကို နန်းတင်ဖို့ မယ်မယ် အားလုံးစီစဉ်ထားတာ။ သူ့ကို သားတော် သတ်လိုက်တာ ပိုကောင်းသွားတယ်။ သားတော်က တော်ပါတယ်လို့ မယ်မယ်ပြောသားပဲ။"

"သွေးစွန်းတဲ့ထီးနန်းကို ကျွန်တော် မလိုချင်ဘူး မယ်မယ်။ ဒီထီးနန်းကို မယ်မယ်ပဲ ဆက်ခံပါ။"

"သားတော်... မင်းဘယ်သွားမလို့လဲ။ ဒီထီးနန်းကို မင်း စွန့်ခွာရင် မယ်မယ်ကို သူတို့ သတ်ကြလိမ့်မယ်။ ပြီးရင် သားတော်ကို လိုက်ပြီးသတ်ကြလိမ့်မယ်။ ထီးနန်းကို ဆက်ခံပါ သားတော်။ သားတော်လက်ထက်မှာ မြန်မာပြည်ကြီးက ဒီထက်မက ကျယ်ပြောလာလိမ့်မယ်။ သားတော်က မင်းကောင်းတစ်ပါးဖြစ်လာမယ့်သူပါ။"

"ကျွန်တော် မလိုချင်ဘူး မယ်မယ်။ ပြီးတော့ မယ်မယ်ကို ကျွန်တော် ချစ်ပေမယ့် လေးစားလို့မရတော့ဘူး။ ဒါကြောင့် မယ်မယ်ရှိတဲ့နေရာမှာ ကျွန်တော် မနေနိုင်ဘူး။ "

မင်းသတိုးသည် နာကျင်သည့် ရင်အစုံဖြင့် မယ်တော်ကို ပြောကာ လှည့်ထွက်လာခဲ့သည်။ မိမိ၏ နောင်တော်နှင့် ဖောက်ပြန်ကာ ဖခင်ရင်းကို လုပ်ကြံခဲ့သူ။ ပြီးတော့ မိမိနန်းတက်ဖို့ နောင်တော်ကို လုပ်ကြံဖို့စီစဉ်ထားသည့် မယ်တော်သည် မိမိ တစ်သက်လုံး ချစ်ခင်လေးစားလာသည့် နူးညံ့သိမ်မွေ့သည့် မယ်တော်မှဟုတ်ပါလေစ။ မယ်တော်ကို ချစ်ခင် အားကိုးခဲ့သည့် မင်းသတိုးအတွက် ကောင်းကင်လည်းပြိုကျခဲ့သည်။

မြေပြင်လည်း ကွဲအက်ခဲ့လေပြီ။ တကယ်တမ်းပြောရလျှင် နောင်တော်ကို ဓါးနှင့်ထိုးလိုက်စဉ်က မယ်တော့်ကိုပါ သတ်ချင်စိတ်ပေါ်လာခဲ့သည်။ သို့သော် မင်းသတိုး စိတ်ကို ထိန်းလိုက်သည်။

မယ်တော်သည် မည်မျှ ယုတ်မာသည့် မိန်းမရိုင်းဖြစ်နေပါစေ။ မိမိ၏ မွေးသမိခင်ဖြစ်နေသည်။ထို့ကြောင့် မယ်တော်ကို သတ်ချင်သည့် စိတ်ကို ချုပ်ထိန်းကာ အဆောင်တံခါးကို ဖွင့်ရန် လက်လှမ်းလို်က်စဉ် အနောက်ဘက်မှ မယ်တော်က လှမ်းပြောခဲ့သည်။

"သားတော်...ဒီတံခါးကနေ မင်းထွက်သွားရင် မယ်မယ်နဲ့ ဒီတစ်သက်ပြန်မတွေ့ရတော့ဘူး။ မင်း မယ်မယ့်ကို မချစ်ဘူးလား။ မသနားဘူးလား။ မယ်မယ့်နားမှာနေပါ သားလေး။မယ်မယ် မင်းအတွက် အားလုံးကို လုပ်ခဲ့တာပါ။ မင်းကို ချစ်လို့ ဒါတွေကို ကျူးလွန်ခဲ့တာပါ။"

မင်းသတိုးသည် မယ်တော်ကို နောက်ပြန်ကြည့်ကာ ပြောလိုက်သည်။

"မယ်မယ့်ကို သားတော် ချစ်ပါတယ်။ မယ်မယ်က မိခင်တစ်ယောက်အနေနဲ့ သားကို မျက်ကန်းချစ်ပြီး မလုပ်သင့်တာကို လုပ်ခဲ့မိတယ်။ မယ်မယ့်ကို သားတော် ခွင့်လွှတ်လိုက်ပါတယ်။ ဒါပေမယ့် မယ်မယ့်ကို သားတော် မလေးစားနိုင်တော့ဘူး။ မယ်မယ်နဲ့ တစ်မိုးအောက်မှာ ဆက်မနေနိုင်တော့ဘူး။ သားတော်ကို ခွင့်လွှတ်ပါ မယ်မယ်။"

မင်းသတိုးထိုစကားကို ပြောလိုက်စဉ် အနှစ် 300 လုံးလုံး ရင်ထဲ နစ်ဝင်နေသည့်စူးတစ်ချောင်းထွက်သွားသလို ခံစားလိုက်ရသည်။ ရင်ထဲမှ ဆူးက အရည်ပျော်ကျသွားသလို နေလို့ကောင်းသွားခဲ့သည်။

မင်းသတိုး တံခါးကို ဖွင့်ကာ ထွက်လိုက်တော့ ခန်းမထဲကို ပြန်ရောက်လာခဲ့သည်။

"အရှင် မင်းသတိုး မှော်အိပ်မက် တံခါးပေါက်ကနေ ပထမဆုံးထွက်လာနိုင်ပါပြီ။ သတ်မှတ်ထားတဲ့ နာရီတစ်မောင်းစေ့လို့ ကျန်ပြိုင်ပွဲဝင်တွေ တံခါးကနေ ထွက်မလာနိုင်ရင် တတိယပြိုင်ပွဲကို ဆက်ခွင့်မရှီတော့ပါဘူး။"

ပရိတ်သတ်အားလုံးက မင်းသတိုးထွက်လာတော့ လက်ခုပ်တီးကာ အားပေးကြသည်။ မင်းသတိုး၏ ဆုံးဖြတ်ချက်ကို အားလုံးသိရှိပြီးဖြစ်သည်။ နောက်ဆုံး ဒေါသကို ချု့ပ်တည်းထားနိုင်စွမ်းနှင့် မိခင်ကို ခွင့်လွှတ်နိုင်စွမ်း၊ ထီးနန်းကို စွန့်လွှတ်နိုင်ခြင်း စသည်တို့ကြောင့် နန်းတွင်းအဆောင်တံခါးက ထွက်ပေါက်ဖြစ်ကာ ထွက်လာနိုင်ခဲ့ခြင်းဖြစ်သည်။


သန်းခေါင်ယံချစ်သူWhere stories live. Discover now