သန်းခေါင်ယံ ချစ်သူ
အပိုင်း(47)"ဒုတ်ဒုတ်..."
"ဟင်...င့ါ နှလုံးက ဘာလို့ ဆောင့်ခုန်သွားတာပါလိမ့်.."နွေဦး ရင်ဘတ်ကို ဖိကာ တယောက်တည်းရေရွတ်နေလိုက်မိသည်။ ယခုရက် ထူးခြားနေသည်ဟု စိတ်ထဲတွင် ခံစားနေမိသည်။ အိပ်ယာမှ နိုးလာပြီးနောက် ရေချိုးသည်။ နိုက်ဂျူတီဝင်ရဦးမည် မဟုတ်လား။ 6 နာရီ နိုးလာပြီး ရေချိုးသည်။ အင်တာနက် အနည်းငယ်သုံးသည်။ ထူးခြားမှုမရှိသဖြင့် ၇ နာရီခန့်တွင် ညစာ စားရန် အပြင်ကို လာခဲ့သည်။
ဆိုင်တွင် ကြာဆံကြော်ကို မှာပြီး စောင့်နေခိုက် မနက်ကအကြောင်းကို တွေးနေသည်။ ဆေးရုံမှ ဂျူတီပြီး အိမ်ပြန်လာသည်ကို ဘယ်လိုမှ ပြန်တွေးလို့မရပေ။ ည အိပ်ရေးပျက်တာ များသွားလို့ နည်းနည်းကြောင်သွားသည် ဟု ကိုယ့်ဖာသာ သတ်မှတ်ပြီး ဟိုဟိုသည်သည် ငေးကြည့်နေသည်။ မိမိ နေရထိုင်ရတာ ပေါ့ပါးကာ တခုခု ဟာနေ သလို ခံစားရသည်။
အရေးကြီးတာတခုခုကို အိမ်မှာမေ့ထားခဲ့သလို စိတ်ထဲ အနည်းငယ် စနိုးစနောင့်ဖြစ်နေမိသည်။ ကိုယ့်ဖာသာ ပြန်တွေးသော်လည်း တွေးလို့မရပေ။ အရင်က မိမိကို ဖြတ်ထားခဲ့သည့် ချစ်သူအကြောင်းကို ပြန်တွေးကြည့်သည်။ ကောင်းကောင်းသတိရသည်။ ထို့နောက် ကျောင်းတုန်းက ချစ်သူကို ပြန်တွေးကြည့်သည်။ သတိရသည်။ မိမိခင်သလောက် မိမိကို နောက်ကွယ်မှ ချောက်တွန်းသည့် သူငယ်ချင်းအကြောင်းပြန်တွေးသည်။ အားလုံးသတိရသည်။
ထို့နောက် အိမ်က အမေ၊ အကို၊ အမ၊ မိမိမွေးထာသည့် ကြောင်မလေး။ အားလုံးကို သတိရသည်။ နွေဦး ခေါင်းကို ယမ်းလို်က်မိသည်။ မိမိ မှတ်ဥာဏ်အားလုံး အကောင်း ပကတိ ရှိသေးသည်။ ကျောင်းတုန်းက ဆရာတွေ နာမည်က အစမှတ်မိနေသေးသည်။ ဒါပေမယ့် မိမိ မသိစိတ်ထဲ အရေးကြီးသည့် တစုံတခုကို မေ့နေသလို ခံစားနေရတာ ခုလုခုလု ဖြစ်စေသည်။
ကြာဆံကြော်ရလာသဖြင့် နွေဦး ခေါင်းယမ်းကာ ဖုန်းကို ကြည့်ရင်း တယောက်တည်း စားနေမိသည်။ ယခင်က မိမိ တယောက်ယောက်နှင့် အတူတူ စားခဲ့ဖူးသလို ခံစားရပြန်သည်။ နွေဦး သက်ပြင်းရှိုက်ကာ အမြန်စားပြီး ဆေးရုံကို လာခဲ့သည်။ ကြာလျှင် မိမိရူးတော့မည်ထင်သည်။