သန်းခေါင်ယံ ချစ်သူ
အပိုင်း(32)
တကယ် ကဝေကြီး မိမိအနားကနေ ပျောက်ကွယ်သွားခဲ့သည်။ နွေဦး တနေ့ထက် တနေ့ ကဝေကြီးကို ဒေါသထွက် လာခဲ့သည်။ တည်ငြိမ်နေတဲ့ ကန်ရေပြင်ကိုတွေ့တော့ ကျောက်ခဲတစ်လုံးက အပျင်းပြေ ခုန်ဆင်းလိုက်တာ ဖြစ်ပေမယ့် ကန်ရေပြင်မှာ ဂယက်ရိုက်သွားပြီး သူ့နဂိုတည်ငြိမ်မှုပျက်ပျားသွားခဲ့သည်မဟုတ်လား။
"ခင်ဗျားကို မုန်းတယ် ကဝေကြီး။"ဘယ်နှစ်ကြိမ်မှန်းမသိသည့် စကားလုံးကို ရေရွတ်ကာ နွေဦး ထမင်းချိုင့်ကို ဖွင့်ကြည့်လိုက်သည်။ ပုစွန်ကျော့လေးကို မန်ကျည်းသီးစိမ်းနဲ့ချက်ထားသည့်ဟင်းက ရနံ့မွှေးပျံကနေသော်လည်း ယခုတလော နွေဦး အစားစားချင်စိတ် ပျောက်နေသည်။ တစ်လုပ် နှစ်လုပ်လောက်စားပြီနောက် ချိုင့်ကို ပြန်ပိတ်လိုက်သည်။
"ဟယ်... နွေဦး အစားနည်းလှချည်လား။ နေမကောင်းဘူးလား။"အနေတည်ပြီး အလုပ်ကြိုးစားသည့် မမနွယ်က မေးတော့ နွေဦး မချိသွားဖြဲပြကာ ကော်ဖီထဖျော်လိုက်သည်။ သူ ပို့နေကျ ကော်ဖီမှုန့်တော့ မဟုတ်။ ဆုကော်ဖီမှုန့်ဖြစ်သည်။ အကိုဇော် ၀ယ်ကာ လက်ဆောင်ပေးထားသည့် အထဲမှ အထုပ်လေးတွေကို ကျောပိုးအိတ်ထဲ ထည့်ယူလာခြင်းဖြစ်သည်။
ကော်ဖီမှုန့်သတ်သတ်၊ မိတ်မှုန့်နှင့်သကြားထုပ် သတ်သတ်စီနှင့် ကော်ဖီကို ဖောက်ကာ ခွက်ထဲထည့်လိုက်သည်။ ရေတစ်ဝက်လောက်ထည့်ပြီး စိမ့်လှသည့် ကော်ဖီမွှေးမွေးကို အရသာခံသောက်လိုက်စဉ် ရင် ၀ယ် တစ်စုံတရာ လစ်ဟာ သွားသလို ခံစားနေရသည်။
"ဟား.... ကော်ဖီက မွှေးလိုက်တာကွာ။ အကို့ကိုလည်း တိုက်ဦး "အကိုဇော်ရောက်လာပြီး နွေဦးအနားကို ကပ်ကာ ပြောလိုက်သည်။ နွေဦးလည်းပျာပျာသလဲဖြင့် အသစ်ဖျော်ပေးရန် ပြင်လိုက်သည်။
"အသစ်ဖျော်လိုက်မယ် အကိုဇော်။"အကိုဇော်က တားကာ နွေဦး၏ ခွက်ကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။ အကိုဇော်၏ ညီအစ်ကိုလို ရင်းနှီးစွာ နေသည့် ပုံကို နွေဦး သဘောကျမိသည်။