နေပြည်တော် ကုတင်တစ်ထောင်စစ်ဆေးရုံ...စစ်ဗိုလ်တစ်ယောက်ဖြစ်သော ဖေဖေ့ညီက ထိုဆေးရုံမှာ သူအားလုံးတာဝန်ယူကုသပေးမည်ဟုဆိုသည် ။ ခဏခဏ အမောဖောက်နေကာ သတိလစ်မလိုဖြစ်နေသော ဖေဖေ့အခြေအနေကို ဆရာဝန်ကြီးတွေကလည်းသဘောမတွေ့လှ ။
ဖြစ်နိုင်လျှင် ချက်ချင်းခွဲစိတ်ချင်သော်လည်း ကိုယ်ခံအာစနည်းနေသေး၍ အားဆေးသာတိုက်နေသည်တဲ့.... ။
ပြီးတော့ ဝိုင်းနေတဲ့ရေတွေကို ချက်ချင်းထုတ်ပစ်နိုင်ရင် ပြန်ကောင်းလာနိုင်သည်တဲ့ ။
ထိုနေ့က ဆက်ပျော်ခဲ့ရသည် ။ ထိုသတင်းကိုကြားကြားချင်းကဆို ဝမ်းသာလွန်း၍မျက်ရည်များပင်ကျမိသည် ။ ဘွားနှင့်ဘကလည်း ဝမ်းသာလွန်း၍ တပြုံးပြုံး...။
သိသိချင်းပင် ချမ်းကို ချက်ချင်းသွားပြောမိသည် ။
ဆက်၏ တစ်ဦးထဲသော ရင်ဖွင့်ဖော် တိုင်ပင်ဖော် ၊ တီးတိုးဖော်လေးမဟုတ်ပါလော....ချမ်းကလည်းသိပ်ကိုဝမ်းသာနေ၏ ။ တစ်ဦးနှင့်တစ်ဦး စိတ်တူကိုယ်တူလူနှစ်ယောက်ပင်....
သို့သော် သီတင်းကောင်းသည် တာရှည်မခံ ။ နောက်တစ်နေ့မနက်မှာ မေမေတို့ညတွင်းချင်း ဆေးရုံပြောင်းလိုက်ကြတယ်ဆိုသောသတင်းက ရောက်ရှိလာ၏ ။
အကြောင်းအရင်းက စစ်ဆေးရုံဖြစ်၍ မိန်းကလေးလူနာစောင့်ဟူ၍ သူမတစ်ယောက်တည်းရှိ၍ အနေကျဉ်းကြပ်သည်ဟူသော မေမေ၏စကားနှင့် ။
ပုဂ္ဂလိကဆေးရုံတစ်ခုသို့ ပြောင်းရွှေ့သွားပြီးမကြာမီ ဖေဖေရောမေမေပါ အိမ်ပြန်ရောက်လာကြသည် ။ ဆေးတွေအများကြီးပေးလိုက်ပြီး ခွဲစိတ်ရန် အားမွေးခိုင်းသလိုလို ဘာလိုလိုနှင့် သေချာလည်းမသိရ။
သေချာတာတစ်ခုသည် ဆေးတွေဘယ်လောက်များများသောက်နေစေကာမူ ဖေဖေက တစ်နေ့တစ်ခြားသိသိသာသာ ပိန်ကျလာ၏ ။ ဆေးတွေသောက်ရင်းဘဲ နွေရာသီတစ်ခုကိုကုန်ဆုံးလာခဲ့၏ ။