အချိန်တွေအများကြီးကြာလာခဲ့သည် ။ခြောက်နှစ်... ခြောက်နှစ်ဆိုသောအချိန်တွင် အရာအားလုံးပြောင်းလဲသွားခဲ့သည် ။
ချမ်းမြမြကိုသည် ဆေးကျောင်းသူလေးအဖြစ်မှသည် အလုပ်သင်ဆရာဝန်တစ်ယောက်ဖြစ်နေလေပြီ ။
ချွေးမတော်ချင်လွန်းလှပါသည်ဆိုသော သွင်ဟန်သာ၏မေမေသည်လည်း အိပ်ပျော်နေသောချမ်းကိုပစ်ကာ ချွေးမအသစ်ရှာသွားခဲ့ပြီ ။
မနက်မှာနေထွက်ပြီး ညနေမှာနေဝင်သည်ဆိုသော အမှန်တရားကလွဲရင် သဘာဝတရားတို့သည်လည်းပြောင်းလဲဖောက်ပြန်တတ်ခဲ့ပြီ ။
မပြောင်းလဲခဲ့သောအရာသည် ချမ်းမြမြကို၏ ပတ္တမြားဆက်အပေါ်တွင်ထားသော ချစ်ခြင်းမေတ္တာပင်ဖြစ်သည် ။ ဆက်အားအနီးကပ်ပြုစုခွင့်ရစေရန် ဆက်တက်နေသည့်ဆေးရုံမှာပင် အလုပ်သင်ဆရာဝန်တစ်ယောက်အဖြစ် လုပ်ကိုင်ခဲ့သည် ။
အိမ်ပြန်ရေချိုးသောအချိန်တွေမှလွဲ၍ မိုးလင်းကမိုးချုပ် ဆက်ဘေးမှာရှိနေပေးသည် ။ ဆက်မိဘတွေက အတင်းပြန်ခိုင်းလည်းမပြန် ။ သူမတို့နှစ်ယောက်၏ နှလုံးသားတွေသည် တည်ငြိမ်နေသော်ငြား ရင်ခုန်သံတို့ကနွေးထွေးဆဲပင် ။
" ဆက်ရေ... ဒီနေ့တော့ ဆက်ကိုညအိပ်ကာနီးပုံပြင်ပြောပြပြီးချော့သိပ်မယ်နော်.... ချမ်းပြောပြတဲ့ပုံပြင်လေးတွေကိုနားထောင်ပြီး မြန်မြန်ပြန်သတိရလာရမယ်နော် ဆက်ရေ... ''
ညတိုင်း စကားတွေပြောရင်း မျက်ရည်ကျရသည်မှာ ချမ်း၏ပုံမှန်တာဝန်တစ်ခုလိုပင်ဖြစ်နေ၏ ။
နေ့တိုင်း ဆက်၏ဘေးတွင်နေကာ တစ်ယောက်ထဲ စကားတွေပြောမြဲ.... မျက်ရည်ကျမြဲ.....ပတ္တမြားဆက်သည်လည်း အိပ်စက်နေမြဲ... ။
သို့သော် ဆံပင်လေးတွေကအရှည်ကြီးဖြစ်လာသည် ။ အရပ်ရှည်လာ၏ ။ ခန္ဓာကိုယ်လည်းဖွံ့ဖြိုးလာသည် ။ အပျိုပေါက်လေးတစ်ယောက်အဖြစ်မှ မိန်းမပျိုတစ်ယောက်အဖြစ်သို့ သိသိသာသာ ကူးပြောင်းသွား၏ ။ ထိုသို့သော အကြောင်းအချက်တွေကြောင့်သာ ပတ္တမြားဆက်သည် သတိပြန်ကလာနိုင်ချေရှိသည်ဟု လက်ခံထားရပေသည် ။