" ဖြေးဖြေးဘဲလုပ် ဆက်... မလောနဲ့... ''" ဟင့်အင်း... ဆက် မြန်မြန်ပြန်ကောင်းချင်ပြီ... ''
ပတ္တမြားဆက်၏ ပိန်လျော်လျော်ခန္ဓာကိုယ်လေးသည် လေ့ကျင့်ရေးမျဉ်းအပြာလေးပေါ်တွင် ကြိုးစားကာ လျှောက်လှမ်းနေ၏ ။ ချမ်းက မည်မျှပင် ဂရုစိုက်ပြီးပြုစုထားပါသော်လည်း ခြောက်နှစ်တာ အိပ်ပျော်နေသော အကြောအချဉ်တွေက ချက်ချင်းတော့ မနိုးထနိုင်သေး ။
သံပိုက်လုံးကို အားဖြင့်ဆုပ်ကိုင်ထားပါသော်လည်း သူမလက်တွေကအားမရှိ ။ မျဉ်းပြာလေးပေါ် တည့်တည့်မတ်မတ်လျှောက်ပြချင်ပါသော်လည်း ခြေထောက်တစ်ဖက်သယ်နိုင်ဖို့အရေးသည် လေးလံလွန်းလှ၏ ။
" လာပါဆက်ရယ်... ခဏနားပါဦး... အလွန်အကျွံလုပ်ရင် ပိုပြီးဆိုးကျိုးများတယ်နော်... လာ ကလေး ခဏနား... ''
ဆက်၏ လက်မောင်းလေးနှစ်ဖက်မှထိန်းကိုင်ကာ ချမ်းကုတင်ပေါ် ထိုင်စေလိုက်သည် ။
" ရော့ ရေလေးနည်းနည်းသောက်... အသက်ကိုဝအောင်ရှူလိုက်ဦးနော်... ပြီးမှသောက်... ''
ဆက်မျက်နှာလေးက ကိုယ့်ကိုယ်ကို အားမလိုအားမရဖြစ်နေတာသိသာသည် ။ မှုန်ကုပ်နေကာ စိတ်ပျက်အားငယ်မှုများက အထင်းသား ။
" လောမကြီးဘဲ သေချာလေ့ကျင့်ရင် အချိန်တန်ရင် အားလုံးအဆင်ပြေသွားမှာပါဆက်ရယ်.. ဆက် ကျန်းမာရေး ကို အလောတကြီးမလုပ်ပါနဲ့နော်.... ''
သူမအပြောကို ဆက်က အကြည့်လေးတစ်ချက်ဖြင့်သာတုန့်ပြန်၏ ။ သို့သော်ထိုအကြည့်တွေက ပျော်ရွှင်ခြင်း၏အရိပ်အယောင်များမဟုတ်ခဲ့ ။
ချမ်း ဆက်ကိုရင်ခွင်ထဲထည့်ဖက်ထားပြီး ဆံပင်လေးတွေကိုဖွဖွလေးပွတ်ပေးနေမိသည် ။
" ဆက်က ခြောက်နှစ်ဆိုတဲ့အချိန်ကိုတောင် ကျော်ဖြတ်နိုင်ပြီးပြီဘဲ...ဒီလောက်ကတော့ ပမွှားပါကွာ... ဟုတ်တယ်ဟုတ်... ''